PSG အသင်းထံမှ နစ်နာကြေး ယူရို ၁၅ သန်းအပြည့်ရရှိရန် ပိုချက်တီနို တောင်းဆိုထားပြီး ဂယ်လ်ချီကို အစားထိုးခန့်အပ်မှုအတွက် ယူရို ၁၀ သန်းခန့်သာ ကုန်ကျမည်

ယခုနွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲရရန် နီးစပ်နေသည့် နည်းပြ ပိုချက်တီနိုက နစ်နာကြေး ယူရို ၁၅ သန်းအပြည့်ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

ပိုချက်တီနိုနှင့် PSG အသင်းတို့ အသစ်ချုပ်ဆိုထားသည့်စာချုပ်မှာ တစ်နှစ်ကျန်ရှိနေသေးပြီး ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သောကြောင့် ၎င်းက နစ်နာကြေးအား ယူရို ၁၅ သန်းအပြည့်ရရှိရန် တောင်းဆိုထားခြင်းဖြစ်သည်။

myan789

PSG အသင်းသည် အာဂျင်တီးနားနည်းပြ ပိုချက်တီနိုကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ၁၈ လစာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး ဇူလိုင်တွင် ၂၀၂၃ ခုနှစ်အထိ ထပ်မံသက်တမ်းတိုး မြှင့်ခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုသည် PSG အသင်းတွင် တစ်လလျှင် ယူရို ၁ ဒသမ ၁ သန်းရရှိနေပြီး လီဂူး-၁ ပြိုင်ပွဲ၌ လစာအများဆုံး နည်းပြအဖြစ် ရပ်တည်လျက်ရှိသည်။ သို့ဖြစ်ရာ PSG အသင်းအနေဖြင့် ၎င်းအား ထုတ်ပယ်ပါက လျော်ကြေး ယူရို ၁၅ သန်း အပြင် နည်းပြအဖွဲ့ဝင်များအတွက် ယူရိုသုံးသန်း ထပ်မံကုန်ကျဖွယ်ရှိနေသည်။

PSG အသင်းသည် ပြီးခဲ့သည့်ရာသီက လီဂူး-၁ ချန်ပီယံဆုရယူနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုမရသဖြင့် ပိုချက်တီနိုနှင့် လမ်းခွဲရန် ဆုံးဖြတ်ထားပြီး နစ်နာကြေးအတွက် အပြီးသတ် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း PSG အားကစားသတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။

ထို့ပြင် PSG အသင်းသည် ပိုချက်တီနို၏နေရာတွင် နိုက်စ်အသင်းနည်းပြ ဂယ်လ်ချီကို အစားထိုးခန့်အပ်ခဲ့ပြီး ၎င်းအား ခန့်အပ်ရန်အတွက် ယူရို ၁၀ သန်းခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံထုတ် La Parisien သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

ဂယ်လ်ချီနှင့် နိုက်စ်အသင်း၏ စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသဖြင့် ၎င်းအတွက် နစ်နာကြေး ယူရို ၁၀ ဝန်းကျင် ပေးချေရဖွယ်ရှိနေခြင်းဖြစ်သည်။ PSG အသင်းအနေဖြင့် ပိုချက်တီနိုနှင့်လမ်းခွဲကြောင်း ကြေညာချက်ကို လာမည့်တစ်ပတ် အစောပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိနေပြီး ၎င်းအား ထုတ်ပယ်ပြီးမှသာ နည်းပြသစ်ကို စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ အသက် ၅၅ နှစ်ရှိပြီဖြစ်သည့် ဂယ်လ်ချီသည် လီဂူး-၁ အကောင်းဆုံးနည်းပြဆုကို ၂၀၁၂-၂၀၁၃ (ပူးတွဲ)၊ ၂၀၁၈-၂၀၁၉၊ ၂၀၂၀ -၂၀၂၁ ရာသီတွင် သုံးအကြိမ်အထိ ဆွတ်ခူးရရှိထားသူဖြစ်ပြီးနိုက်စ်အသင်းကိုလည်း ပထမဆုံးကိုင်တွယ်သည့်ရာသီမှာပင် ပြင်သစ်ဖလား ဗိုလ်လုပွဲနှင့် ယူရိုပါကွန်ဖရင့်လိဂ်ဝင်ခွင့်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular