ဥရောပ ရွှေဖိနပ်ဆု အတွက် ခက်ခဲသွားတော့မယ် မက်ဆီ ၊ ဘာပေ နဲ့ နေမာ

လီယွန်နယ် မက်ဆီ ရောက်ရှိ လာ အပြီးမှာတော့ PSG အသင်းရဲ့ တိုက်စစ်ဟာ ကမ္ဘာပေါ်မှာ ကြောက်မက် ဖွယ်ရာ အကောင်းဆုံး ဖြစ်လာခဲ့ ပါပြီ ။ အမ်ဘာပေ ၊ နေမာ တို့လို ထိပ်တန်း တိုက်စစ်သမားတွေ ပိုင်ဆိုင် ထားတဲ့ PSG ကို မက်ဆီ ရောက်ရှိ လာမှုဟာ ကျားကို အတောင်တပ်ပေး လိုက်သလို ဖြစ်သွားခဲ့တယ် လို့ တင်စား ပြောဆို လာခဲ့ကြပြီး သူတို့ ၃ ဦး ဆီက သွင်းဂိုး များစွာ ကိုလည်း ပရိသတ်တွေ မျှော်လင့် စောင့်စား နေကြပါတယ် ။

ဒါပေမယ့် မမျှော်လင့်တဲ့ အပြောင်းအလဲ တခု ဟာ မက်ဆီ အပါအဝင် အမ်ဘာပေ နဲ့ နေမာ တို့ရဲ့ ဥရောပ ရွှေဖိနပ်ဆု မျှော်မှန်းချက်တွေ ကို ပိုမို ခက်ခဲ သွားစေ ခဲ့ပါတယ် ။ အဲ့ဒါ ကတော့ ပြင်သစ် လီဂူးဝမ်း ရဲ့ အဆင့် ကျဆင်း သွားမှု ပါပဲ ။

myan789

ဒီကနေ့ ထုတ်ပြန် ခဲ့တဲ့ UEFA ရဲ့ လိဂ် အဆင့် သတ်မှတ်ချက်မှာ ပြင်သစ် လိဂ် ဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခု စာရင်း ကနေ ပြုတ်ကျ သွားခဲ့ပြီး ပေါ်တူဂီ ရဲ့ ပရီးမီးယား လီဂါ က အစားထိုး ဝင်ရောက် သွားခဲ့ ပါတယ် ။ ပြင်သစ် လီဂူး ကတော့ အဆင့် ၆ ကို ရောက်သွား ခဲ့ပြီး သူ့ရဲ့ နောက်မှာတော့ နယ်သာလန် လိဂ် က ရပ်တည် နေခဲ့ ပါတယ် ။

ဒါဟာ အကောင်းဆုံး ဘောလုံးသမားတွေ ပိုင်ဆိုင် ထားတိုင်း အကောင်းဆုံးလိဂ် ဖြစ်မလာ နိုင်သေးတာကို မီးမောင်းထိုး ပြလိုက်သလို အဆင့် ၆ ကို ကျဆင်း သွားတာကြောင့် ပြင်သစ် လိဂ် က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ အပေါ် အမှတ်ပေး ရာမှာလည်း ထိပ်သီးလိဂ် ၅ ခု နဲ့ ကွာခြားမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

ဥရောပ ရွှေဖိနပ်ဆု အတွက် အမှတ် သတ်မှတ်ချက် မှာ ထိပ်သီးလိဂ် ၅ ခု က ကစားသမားတွေရဲ့ သွင်းဂိုး တွေကို ၂ နဲ့ မြှောက်ပြီး အမှတ်တွက်ချက် ပေမယ့် အဆင့် ၆ ကနေ ၂၁ အထိ လိဂ်က သွင်းဂိုးတွေ ကိုတော့ ၁.၅ နဲ့သာ မြှောက်ပြီး တွက်ချက် မှာ ဖြစ်ပါတယ ။ အဲ့ဒိ နောက်ပိုင်း လိဂ်က သွင်းဂိုးတွေ ကတော့ ၁ နဲ့သာ မြှောက်မှာ ဖြစ်ပြီး ဂိုးသွင်း သလောက်သာ အမှတ်ရရှိ တော့မှာပဲ ဖြစ်ပါတယ် ။

ဒီလို ခြားနားထားတဲ့ စည်းမျဉ်းကြောင့် ဥရောပ ရွှေဖိနပ်ဆု ကို ထိပ်သီးလိဂ် ၅ ခု အပြင်က ရရှိဖို့ ခက်ခဲ ခဲ့ပြီး နောက်ဆုံး ၂၁ နှစ် အတွင်းမှာ ဟင်းနရစ်လာဆင် ( စကော့လိဂ် ) နဲ့ မာရီယို ဂျာဒဲလ် ( ပေါ်တူဂီ လိဂ် ) တို့သာ ထိပ်သီးလိဂ် ၅ ခု ပြင်ပက ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ဖူးပါတယ် ။

ပုံမှန်အားဖြင့် ဥရောပ ထိပ်သီးလိဂ် က ဂိုးသွင်း ဘုရင်တွေ ဟာ တရာသီကို ဂိုး ၃၀ ကနေ ၃၅ ဂိုးအထိ သွင်းယူ နိုင်ကြပါတယ် ။ နောက်ဆုံး ၁၀ ရာသီအတွင်း ဥရောပ ဂိုးသွင်း ဘုရင် ဆုကို ရရှိသူတွေထဲမှာ ၃၅ ဂိုးအောက်ကို ၂ ကြိမ်သာ ရောက်ရှိခဲ့ ပါတယ် ။ ဒါကြောင့် ဒီရာသီ မှာလည်း ထိပ်သီးလိဂ် ၅ ခု ထဲမှာ ၃၅ ဂိုး နဲ့ အထက် သွင်းယူ နိုင်သူ ရှိကို ရှိလာမယ်လို့ ပြောပြ နေတာပါပဲ ။

ထိပ်သီး လိဂ်တွေရဲ့ သွင်းဂိုး ကို ၂ နဲ့ မြှောက်တာကြောင့် ၃၅ ဂိုးရှင်ဟာ အမှတ် ၇၀ ရရှိမှာပါ ။ ပြင်သစ် လိဂ် မှာတော့ ဒီအမှတ်ကို ကျော်ဖို့ ၄၇ ဂိုး သွင်းဖို့ လိုအပ် ပါတယ် ။ မက်ဆီ ဟာ နောက်ဆုံး ၅ နှစ် အတွင်း ဥရောပ ရွှေဖိနပ်ဆုကို ၃ ကြိမ် ရရှိခဲ့ပါတယ် ။ ဒါပေမယ့် ၃ ကြိမ်စလုံး ဂိုး ၄၀ မပြည့်ခဲ့ပါဘူး ။ ဒါကြောင့် ၃၅ နှစ် အရွယ်မှာ ၄၇ ဂိုး သွင်းနိုင်ဖို့ ဆိုတာ တကယ့်ကို ခက်ခဲ တဲ့ ကိစ္စ ဖြစ်နေမှာပါ ။

ဒါပေမယ့် မက်ဆီ အတွက်တော့ သိပ်ပြီး စိတ်ပူစရာ လိုတဲ့ ကိစ္စ မဟုတ်နိုင်ပါဘူး ။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ဥရောပ ရွှေဖိနပ်ဆု ကို ၆ ကြိမ် ရရှိထားပြီး ဒုတိယ အများဆုံး ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ( ၄ ကြိမ် ) ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီရာသီမှာ ရိုနယ်ဒို က ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ရင်တောင်မှ မက်ဆီ သာ All Time Top Winner အဖြစ် ဆက်လက် ရပ်တည် နေဦးမှာပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular