အိမ်ကွင်းမှာ လိဒ်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ဆုံးကို ယာယီတက်လှမ်းခဲ့တဲ့ ချယ်လ်ဆီး

ဖျော်ဖြေမှုအပြည့်အဝပေးတဲ့ ပွဲစဉ်တစ်ပွဲကို ပရိသတ်တွေခံစားခဲ့ရတယ်။ လိဒ်စ်အသင်းရဲ့ မြန်ဆန်တဲ့ကစားအား၊ ချယ်လ်ဆီးအသင်းရဲ့ ပွဲအခြေအနေအပေါ် အတည်ငြိမ်ဆုံးတုံ့ပြန်နိုင်မှုတွေနဲ့ ပွဲအစအဆုံး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆွဲခေါ်သွားခဲ့တယ်။ ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့အနိုင်ရပြီး စနေညပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီတက်လှမ်းခဲ့တယ်။

လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းက တစ်ပွဲထက်တစ်ပွဲပိုတည်ငြိမ်လာခဲ့တယ်။ ဟာကွက်တချို့ရှိနေဆဲဆိုပေမယ့် ကောင်းကွက်တွေနဲ့ပြန်ဖာထေးလိုက်ရင် ချန်ပီယံအသင်းတစ်သင်းရဲ့ အသွေးအမွေးကို ခံစားလာရတယ်လို့ပဲဆိုရမယ်။

myan789

ဘီယဲလ်ဆာရဲ့လိဒ်စ်ဟာ အဲဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲကပုံစံအတိုင်း ပြိုင်ဘက်ကိုခပ်မြန်မြန်ဖိအားပေးတယ်။ လျှင်မြန်မှုနဲ့ စိုးရိမ်စိတ်မြင့်တက်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ဒီအခြေအနေကိုပဲ အကောင်းဆုံးတုံ့ပြန်ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို ခက်ခက်ခဲခဲရယူသွားခဲ့တယ်။

ပြိုင်ပွဲစုံ (၁၃)ပွဲဆက်ရှုံးပွဲမရှိကစားထားတဲ့ ချယ်လ်ဆီးအသင်းဟာ ကစားကွက်ပိုင်းအရရော၊ ယုံကြည်မှုအရပါ အမြင့်မားဆုံးအခြေအနေတစ်ခုကိုရောက်နေပါပြီ။ ဒါဟာ ဆုဖလားတွေအတွက်မျှော်လင့်ချက်လည်းဖြစ်တယ်။

ဒီနေ့ပွဲမှာလမ်းပတ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဗာနာနဲ့ ဇီယာ့ချ်ကို ဂျရူးနဲ့တွဲဖက်ခဲ့တယ်။ ဇီယာ့ချ်ပထမပိုင်းမှာနာသွားလို့ ဒီ (၃)ဦးရဲ့တွဲဖက်မှုကို ပွဲချိန်ပြည့်မခံစားခဲ့ရပေမယ့် ကစားခဲ့တဲ့အချိန်အတွင်းမှာတော့ အမှားအယွင်းမရှိခဲ့ဘူး။ ဗာနာရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတချို့ကပဲ ပြောစရာဖြစ်ခဲ့တယ်။

နောက်ထပ်ချီးကျူးရမှာက မေဆန်မောင့်ရဲ့လုပ်အားနှုန်းပါပဲ။ ကွန်တေ၊ မေဆန်မောင့်၊ ဟာဗက်ဇ်တို့နဲ့ တွဲဖက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ပိုင်းဟာ အထလေးသလိုရှိခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှအရှိန်ရလာခဲ့တယ်။

လိဒ်စ်အသင်းဟာ အသင်းကြီးတွေနဲ့တွေ့ရင်ရှိန်မနေဘဲ တိုက်စစ်ကိုအပြိုင်အဆိုင်ဖွင့်ကစားတဲ့အသင်းပါ။ ဒီနေ့ပွဲမှာလည်း လိဒ်စ်အသင်းရဲ့လျှင်မြန်မှုက ချယ်လ်ဆီးအသင်းကို တစ်ချိန်လုံးအလုပ်ရှုပ်စေခဲ့တယ်။

ပွဲအစ (၄)မိနစ်မှာပဲ ဘမ်းဖို့ဒ်က အသင်းဟောင်းကိုဂိုးသွင်းပြီး လိဒ်စ်အသင်းအတွက် အဖွင့်ဂိုးကိုရယူပေးခဲ့တယ်။ ဒါပေမဲ့ ဂိုးပေးလိုက်ရပြီးချိန်မှာ ချယ်လ်ဆီးအသင်းဟာ ကစားကွက်တည်ငြိမ်အောင် အမြန်ဆုံးပြန်စုစည်းနိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ တစ်ဦးတည်း (၄)ဂိုးသွင်းခဲ့တဲ့ ဂျရူးဟာ ဒီနေ့ပွဲမှာလည်း ချယ်လ်ဆီးအသင်းကို ချေပဂိုးတစ်ဂိုးနဲ့ ထပ်ပြီးကယ်တင်ခဲ့တယ်။ ဒီချေပဂိုးကပဲ ချယ်လ်ဆီးအသင်းရဲ့ ကစားဟန်ကို ပိုပြီးအရှိန်ရစေခဲ့တာပါ။

ပွဲချိန် (၂၇)မိနစ်မှာ ရီးစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောက ဂျရူးကအမိအရပိတ်သွင်းယူပြီး ချယ်လ်ဆီးအသင်းအတွက်ချေပဂိုးဖြစ်စေခဲ့တာပါ။ (၁-၁)ဂိုးအနေအထားမှာ ပွဲရဲ့အရှိန်ဟာပိုမြင့်လာခဲ့တယ်။ လိဒ်စ်အသင်းရဲ့တုံ့ပြန်မှုတွေက တကယ်ကိုအထင်ကြီးစရာပါ။

ချယ်လ်ဆီးအသင်းပထမပိုင်းမှာပဲ အနိုင်ဂိုးတွေရနိုင်ပေမယ့် ဗာနာအသုံးမချနိုင်ခဲ့သလို ပြိုင်ဘက်ရဲ့တုံ့ပြန်မှုကိုလည်း ချယ်လ်ဆီးသတိကြီးကြီးထားကစားခဲ့ရပါတယ်။

ပထမပိုင်းမှာ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ အနိုင်ဂိုးတွေရဖို့ နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့တယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းရဲ့ သမ္ဘာနဲ့လုပ်အားနှုန်းက လိဒ်စ်အသင်းကိုတဖြည်းဖြည်းစိုးမိုးနိုင်ခဲ့တယ်။

ချယ်လ်ဆီအသင်းရဲ့ခံစစ်က လိဒ်စ်အသင်းကို အခွင့်အရေးထပ်မပေးရအောင် အကောင်းဆုံးဟန့်တားနိုင်ခဲ့သလို လိဒ်စ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုကလည်း လိုအပ်ချက်တွေရှိခဲ့တယ်။

ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၆၁)မိနစ်မှာ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ ဇူးမားကခေါင်းတိုက်သွင်းယူပေးခဲ့တယ်။ အနိုင်ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးအသင်းပွဲကိုထိန်းကစားခဲ့လို့ လိဒ်စ်အသင်းက အပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်လာနိုင်ခဲ့တယ်။

ဒီနေ့ပွဲမှာ လမ်းပတ်ကိုချီးကျူးရမှာက လိုအပ်တဲ့အချိန်မှာ သင့်လျော်တဲ့လူစားလဲမှုတွေကို မှန်မှန်ကန်ကန်လုပ်နိုင်ခဲ့တာဖြစ်ပြီး ကိုဗာချစ်ဝင်လာပြီးချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ကစားအားက ပိုသွက်လာခဲ့တယ်။

(၂-၁)ဂိုးရလဒ်အတိုင်းပွဲပြီးဖို့နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဗာနာရဲ့အကောင်းဆုံးပေးပို့မှုကို ပူလီဆစ်ကပြေးဝင်ပိတ်သွင်းပြီးချယ်လ်ဆီးအသင်းအတွက်တတိယဂိုးကိုဖြစ်စေခဲ့ပါတယ်။ ဒီဂိုးဟာ ပူလီဆစ်ရဲ့ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးဖြစ်သလို ဒီနေ့ပွဲမှာလွဲချော်မှုတွေများနေတဲ့ ဗာနာအနေနဲ့လည်း ပူလီဆစ်ဂိုးကို အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီတက်လှမ်းနိုင်ခဲ့သလို ချန်ပီယံမျှော်လင့်ချက်တွေအတွက်လည်း ပိုပြီးအရှိန်အဟုန်ကောင်းလာပြီလို့ဆိုရပါမယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular