အာဆင်နယ် တို့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရယူပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် (၄) မှာတော့ အာဆင်နယ် အသင်းဟာ အုပ်စုတွင်း အဓိက ပြိုင်ဘက် နော်ဝေ ကလပ် မိုလ်ဒီ အသင်းကို သုံးဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

မိုလ်ဒီ အသင်း နဲ့ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ နီကိုလပ်စ်ပေပေ ၊ နယ်လ်ဆင် ၊ ဘာလိုဂန် တို့ရဲ့သွင်းဂိုးတွေ နဲ့ အတူ အာဆင်နယ် အသင်း အနိုင် ရရှိ သွားခဲ့တာပါ ။

myan789

အာဆင်နယ် အသင်းဟာ ၄ ပွဲကစား ၊ ၄ ပွဲ နိုင်၊ ရဂိုး ၁၂ ဂိုး ၊ ပေးဂိုး ၂ ဂိုး ၊ ရမှတ် ၁၂ မှတ် နဲ့ အတူ ၃၂ သင်း ရှုံးထွက် အဆင့်ကို စောစောစီးစီး တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

( မိုလ်ဒီ ၀-၃ အာဆင်နယ် ) ပွဲမှာ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ များကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာခဲ့တဲ့ နီကိုလပ်စ်ပေပေ

လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့ အပြုအမူကြောင့် ပေပေ ဟာ အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရသလို ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင် ခဲ့ရပါတယ် ။ အာတီတာဟာ ဒီကနေ့ပွဲမှာ ပေပေ တစ်ယောက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည် တည်ဆောက် နိုင်အောင် ပွဲထွက် ကစားခွင့် ပေးအပ် ခဲ့ပါတယ် ။

ပေပေ ဟာ သူ့ရဲ့ အမှားကို ချေဖျက်ပြဖို့ရာ ဒီနေ့ပွဲမှာ အထူးကြိုးစား ကစားသွားခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့သလို ပြိုင်ဘက် ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ခြိမ်းခြောက် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပေပေ ဟာ အသင်းဖော်တွေ အတွက်လည်း အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့ကာ Man of the Match ဖြစ်ခဲ့ပါတယ် ။ ပေပေ ဂိုးသွင်းလိုက်ချိန်မှာ အသင်းဖော်တွေ အားလုံး ဝိုင်းဝန်း ဂုဏ်ပြုကြတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ ။

မိုလ်ဒီ နဲ့ ပွဲက ပေပေ ရဲ့ စွမ်းဆောင်ရည်တွေကတော့ ဘောလုံး ထိချက် အကြိမ် ၈၀ ၊ ဂိုးကန်သွင်းချက် ၆ ကြိမ် ၊ key pass ၄ ကြိမ် နဲ့ သွင်းဂိုး တစ်ဂိုး ပဲ ဖြစ်ပါတယ် ။

၂ ။ Hale End အကယ်ဒမီထွက် ရှစ်ဦးအထိ ပါဝင် ခဲ့တဲ့ အာဆင်နယ် အသင်း လူစာရင်း

မိုလ်ဒီ အသင်း နဲ့ ကစားခဲ့တဲ့ အာဆင်နယ် အသင်း လူစာရင်း မှာ အကယ်ဒမီထွက် ရှစ်ဦး အထိ ပါဝင် ခဲ့ပါတယ် ။ နိုင်းလ်စ် ၊ ဝီးလော့ ၊ အန်ခီတီးယား ၊ နယ်လ်ဆင် တို့ဟာ ပွဲထွက် ကစားခဲ့ကြပြီး စမစ်ရို ၊ ဘာလိုဂန် တို့ကတော့ လူစားဝင် ကစားခဲ့ပါတယ် ။ ဘန်ကော့ရယ် နဲ့ မီကွယ်လ် အယ်ဇီ တို့ကတော့ ကစားခွင့် မရခဲ့ပါဘူး ။

လူငယ် အကယ်ဒမီထွက်ထဲမှာ နယ်လ်ဆင် နဲ့ ဘာလိုဂန် တို့ ဂိုးသွင်းခဲ့ကြသလို ဝီးလော့ကလည်း ဂိုးဖန်တီးမှု နှစ်ကြိမ် ၊ စမစ်ရို ကလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ် ။ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်တာကြောင့် လက်ကျန် နှစ်ပွဲမှာ လူငယ်တွေကို ပွဲထွက် ကစားခွင့် ပေးသွားဖွယ် ရှိနေပါတယ် ။

၃ ။ ပထမဆုံး ထိချက် နဲ့ ဂိုးသွင်းတဲ့ ဘာလိုဂန်

ဒီနေ့ပွဲက ဘာလိုဂန် အတွက် အာဆင်နယ် အသင်းကြီးမှာ ဒုတိယ အကြိမ်မြောက် ကစားခွင့် ရတဲ့ပွဲပါ ။ ဘာလိုဂန် ဟာ ပွဲချိန် ၈၂ မိနစ်မှာ အန်ခီတီးယား နေရာ လူစားဝင် ကစားခွင့် ရခဲ့ပြီး ၃၇ စက္ကန့် အကြာမှာပဲ ပထမဆုံး ဘောလုံး ထိချက်နဲ့ သွင်းဂိုး ရရှိ ခဲ့ပါတယ် ။ ဘာလိုဂန် ရဲ့ သွင်းဂိုး ကို ဖန်တီးပေးခဲ့တဲ့ သူကလည်း လူစားဝင် ကစားသမား စမစ်ရို ပါ ။

၄ ။ နှစ်ပွဲ ကစား ၊ နှစ်ပွဲ Clean-Sheet နဲ့ ရူနာဆန်

အာဆင်နယ် အသင်းရဲ့ အရန် ဂိုးသမား ရူနာဆန် ဟာ ဒီနေ့ပွဲမှာလည်း Clean-Sheet ထပ်မံ ရယူ နိုင်ခဲ့ပါတယ် ။ ဒီကနေ့ပွဲမှာ ရူနာဆန် ရဲ့ ဘောလုံး ကိုင်တွယ်ပုံ ၊ ဘောလုံး ဖြန့်ဝေပုံတွေဟာ သေသပ်မှု ရှိခဲ့ပြီး တည်ငြိမ်မှု ရှိတာကိုလည်း မြင်တွေ့ ခဲ့ရပါတယ် ။ သူ့အတွက် ပေးခဲ့ရတဲ့ ပေါင် ၁.၅ သန်း က အာဆင်နယ် အတွက် အကျိုးရှိတဲ့ သုံးစွဲမှုလို့ ပြောလို့ ရတဲ့ အနေအထားကို ရောက်လာခဲ့ပါပြီ ။

၅ ။ ရုန်းကန်နေရဆဲ လာကာဇက်

လာကာဇက် ဟာ ရာသီအစမှာ သွင်းဂိုး သုံးဂိုး သွင်းယူပြီး နောက်ပိုင်း ကတည်းက အခု အချိန်ထိ ဂိုးသွင်း နိုင်ခြင်း မရှိတော့ပါဘူး ။

မိုလ်ဒီ နဲ့ ပွဲမှာ လာကာဇက် ဟာ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက် လာခဲ့ပြီး အန်ခီတီးယား ရဲ့ နောက်မှာ နံပါတ် ၁၀ ကစားသမား အဖြစ် ကစားခဲ့ပါတယ် ။ ဒါပေမယ့်လည်း လာကာဇက် ဟာ ဘယ်နေရာမှာပဲ ကစားကစား ၊ ကွင်းအတွင်းမှာ ရုန်းကန် နေရတာကို ထပ်မံ တွေ့မြင် ခဲ့ရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular