အဝေးဂိုးစနစ်နဲ့ ချန်ပီယံလိဂ်က ထွက်လိုက်ရတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် ၂-၁ လိုင်ယွန်
(နှစ်ကျော့ပေါင်း ၂-၂၊ အဝေးဂိုးဖြင့် လိုင်ယွန် ကွာတားတက်)

ဂျူဗင်တပ်စ်အသင်းဟာ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုး (၂)ဂိုးနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့က အဝေးကွင်းမှာ (၀-၁)ဂိုးနဲ့ ရှုံးထားတာကြောင့် အဝေးဂိုးစနစ်နဲ့ ပြိုင်ပွဲက ထွက်လိုက်ရပြီ ဖြစ်ပါတယ်။

myan789

ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ ဒဏ်ရာပြဿနာရှိနေတဲ့ ဒီဘားလား ကို အရန်ခုံမှာထားခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်လ်ဒို၊ ဟီဂွါအင်၊ ဘာနာဒက်ခီတို့ ပွဲထွက်ခဲ့ပါတယ်။ လိုင်ယွန်အသင်းကတော့ ၃-၅-၂ ပုံစံမှာ ဒီပိုင်းနဲ့ အီကန်ဘီတို့ တိုက်စစ်အတွဲကို ပွဲထုတ်ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ဖိကစားခဲ့ပေမယ့် လိုင်ယွန်နောက်တန်းကို ထိုးဖောက်ရာမှာတော့ အတော်လေး အခက်တွေ့ခဲ့သလို၊ လိုင်ယွန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကိုလည်း မနည်းထိန်းခဲ့ရပါတယ်။

ဒါကြောင့် ပွဲချိန် (၁၂)မိနစ်မှာ အော်ယာကို ဘန်တန်ကာ ဧရိယာထဲမှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းလို့ ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး လိုင်ယွန်ကို ပယ်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဒီပိုင်းက လှလှပပကန်သွင်းခဲ့လို့ လိုင်ယွန်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ဂျူဗင်တပ်စ်တို့ ချေပဂိုးရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေနဲ့ ကွင်းလယ်လူတွေ အတွဲမမိတာကြောင့် လိုင်ယွန်နောက်တန်းကို ထိုးဖောက်ခက်နေခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်ကန်ချက်တစ်ကြိမ်ကိုလည်း လိုင်ယွန်ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဂျူဗင်တပ်စ်တို့ ဂိုးရဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် (၄၃)မိနစ်မှာတော့ ယာနစ်ရဲ့ ဖရီးကစ်ကန်ချက်ဟာ Wall ကာတဲ့ ဒီပိုင်း လက်နဲ့ ထိခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ ပယ်နယ်တီ ရခဲ့ပါတယ်။ ဒီပယ်နယ်တီကို စီရော်နယ်လ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်ကပဲ ဖိကစားခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ခံစစ်ကစားပုံကြောင့် ထိုးဖောက်ရခက်ခဲခဲ့ပြီး ပြိုင်ဘက်ဧရိယာထဲဝင်ဖို့တောင် အတော်ခက်ခဲနေခဲ့ပေမယ့် နည်းပြ ဆာရီဟာ ဘာနည်းဗျူဟာ ပြောင်းလဲမှုမှ လုပ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဂိုးလိုချင်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပွဲချိန် (၆၀)မိနစ်မှာတော့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပါတယ်။ လိုင်ယွန်အသင်းရဲ့ ဂိုးဧရိယာထဲ ဝင်ဖို့ခက်နေတာကြောင့် စီရော်နယ်လ်ဒိုဟာ ဧရိယာအပြင်ဘက်ကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ စီရော်နယ်လ်အတွက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် နောက်ဆုံး (၁၃)ပွဲမှာ (၂၀)မြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ကျန်ပွဲချိန်တွေ ဂျူဗင်တပ်စ်တို့ ဂိုးရဖို့ မျိုးစုံကြိုးစားခဲ့သလို၊ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ဒီဘားလားကိုပါ ထည့်သွင်းခဲ့သေးတာပါ။ ဒါပေမဲ့ ဒီဘားလားဟာ ကွင်းအတွင်း ဝင်ရောက်ပြီး မကြာခင်မှာပဲ ဆက်မကစားနိုင်လို့ လူစားပြန်လဲခဲ့ပါတယ်။

ပွဲပြီးခါနီး နောက်ပိုင်းမိနစ်တွေမှာ ဂျူဗင်တပ်စ်အသင်းထက် လိုင်ယွန်အသင်းကတောင် အခွင့်အရေးတွေ ပိုရခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်လို့ ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပေမယ့် အဝေးဂိုးစနစ်ကြောင့် ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular