အပြန်အလှန်သွင်းဂိုးတွေနဲ့ အမှတ်ခွဲယူခဲ့ကြတဲ့ မာဆေးဆိုက်ဒ်ဒါဘီ

ပရီးမီးယားလိဂ်ပွဲစဉ် (၅) စနေညရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်ကတော့ တစ်ဖက် (၂)ဂိုးစီးနဲ့ သရေတစ်မှတ်စီ
ခွဲယူခဲ့ကြပါတယ်။

လက်ရှိချန်ပီယံနဲ့ ဒီရာသီအဆင့် (၁)နေရာမှာရပ်တည်နေတဲ့အသင်း (၂)သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်သလို၊ အင်္ဂလန်ရဲ့ အစဉ်အလာကြီးမားတဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်ဖြစ်တာကြောင့်လည်း စိတ်ဝင်စားစရာကောင်းခဲ့ပြီး
အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကိုခံစားခဲ့ရပါတယ်။

myan789

ပြီးခဲ့တဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို (၂-၇)ဂိုးနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့လီဗာပူးလ်အသင်း အခုဒါဘီပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့ပြင်ဆင်လာခဲ့သလို၊ ရာသီအဖွင့် (၄)ပွဲဆက်အနိုင်နဲ့ အရှိန်ရနေတဲ့ အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာနိုင်ပွဲရဖို့အတွက်
အကောင်းဆုံးပြင်ဆင်လာခဲ့တာပါ။

ဒါ့အပြင် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်တွေမှာ နိုင်ပွဲမရတဲ့ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီဖြစ်တဲ့ အဲဗာတန်အသင်း လီဗာပူးလ်အသင်းကိုအနိုင်ရဖို့ ဖိဖိစီးစီးကြိုးစားခဲ့တာတွေ့ရပြီး ဒါဘီပွဲစဉ်တစ်ပွဲရဲ့ ပြိုင်ဆိုင်မှုအနှစ်သာရကိုမြင်တွေ့ခဲ့ရပါတယ်။

ဆာလာ၊ ဖေမီနို၊ မာနေ၊ သီယာဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့ လီဗာပူးလ်ရဲ့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းက လူစုံခဲ့သလို၊ ရစ်ချာလီဆန်၊ ကယ်လ်ဗတ်လူဝင်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ အယ်လန်၊ အန်ဒရေဂိုးမက်ဇ်၊ ဒူကိုဟေတို့နဲ့ အဲဗာတန်ရဲ့ Form မိနေတဲ့ စုဖွဲ့မှုကလည်း လီဗာပူးလ်ကို အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။

ပွဲအစမိနစ်မှာပဲ လီဗာပူးလ်အသင်းဦးဆောင်ဂိုးရသွားခဲ့ပြီး မာနေ ရောဘတ်ဆန်တို့ရဲ့တွဲလုံးကတစ်ဆင့် ရောဘတ်ဆန်ပေးပို့တာကနေ မာနေက ပြေးဝင်ပိတ်သွင်းယူပေးခဲ့တာပါ။

ဂိုးစောစောပေးလိုက်ရပေမယ့် အဲဗာတန်အသင်း ကစားပုံပြာမသွားခဲ့ဘဲ လီဗာပူးလ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကလို့ ပွဲကအရှိန်တဖြည်းဖြည်းမြင့်လာခဲ့တာပါ။

ပွဲချိန် (၁၁)မိနစ်မှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဒဏ်ရာကြောင့်လူစားလဲလိုက်ရတာက လီဗာပူးလ်ရဲ့ခံစစ်ကိုအနည်းငယ်ဟန်ချက်ပျက်သွားစေခဲ့ပါတယ်။

ပွဲချိန် (၁၉)မိနစ်မှာတော့ အဲဗာတန်အသင်းချေပဂိုးရသွားခဲ့ပြီး ဟာမီးရိုဒရီဂွက်ဇ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကနေ မိုက်ကယ်ကင်းက ခေါင်းတိုက်သွားယူခဲ့တာပါ။

(၁-၁)ဂိုးအနေအထားမှာ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ (၁-၁)ဂိုးနဲ့ပြီးဆုံးသွားခဲ့ပြီး နှစ်သင်းစလုံးအနိုင်ဂိုးရဖို့အပြိုင်ကြိုးပမ်းလာတဲ့ ဒုတိယပိုင်းမှာတော့ ပွဲက tempo ကအမြင့်ဆုံးရောက်ခဲ့ပါတယ်။

ပွဲချိန် (၇၂)မိနစ်မှာတော့ လီဗာပူးလ်အသင်း ဒုတိယဦးဆောင်ဂိုးရသွားခဲ့ပြီး အဲဗာတန်နောက်ခံလူ ယယ်ရီမီနာ ရှင်းထုတ်ခဲ့တဲ့ဘောလုံးကို အသင့်ရှိနေတဲ့ ဆာလာက (၁၈)ကိုက်စည်းထဲကနေ အပြင်းကန်သွင်းယူခဲ့တာပါ။

မထင်မှတ်ဘဲဦးဆောင်ဂိုးပေးလိုက်ရတဲ့အဲဗာတန်အသင်း ချေပဂိုးရဖို့အတွက် ကစားအားမြှင့်ခဲ့လို့အခွင့်အရေးတွေပိုရလာခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေအသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒါပေမဲ့ ကစားအားတက်လာတဲ့ အိမ်ရှင်အဲဗာတန်အသင်း ပွဲချိန် (၈၁)မိနစ်မှာတော့ အဖိုးတန်ချေပဂိုးကိုရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ နောက်ခံလူ ဒစ်ဂ်နေးရဲ့ပေးပို့မှုကနေ တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ဒီဂိုးဟာ ကယ်လ်ဗတ်လူဝင်ရဲ့ ဒီရာသီ (၇)ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်သလို၊ ပြိုင်ပွဲစုံ (၁၀)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ အရေးပါဆုံးအခိုက်အတန့်တစ်ခုကတော့ မိနစ် (၉၀)အပြီးနာကျင်အချိန်ပိုမှာ ဖြစ်ခဲ့တာပါ။ လီဗာပူးလ်အသင်းအတွက် ဟန်ဒါဆန်ဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ပြန်လည်ကြည့်ရှုပြီးချိန်မှာတော့ မာနေလူကျွံနေတယ်ဆိုတဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်နဲ့အတူ ဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

ဒါကြောင့် (၂-၂)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး အဲဗာတန်အသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၅)အပြီး အဆင့် (၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular