အင်္ဂလန် – ဂျာမနီ ပွဲရလဒ် အပေါ် သက်ရောက်မှုကြီး ခဲ့တဲ့ အခိုက်အတန့် ၃ ခု

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ရှုံးထွက် ပွဲစဉ် မှာတော့ အင်္ဂလန် အသင်းဟာ ဝင်ဘာလေ ကွင်းကြီး ထဲမှာ ဂျာမနီ အသင်းကို အနိုင်ယူကာ ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း အင်္ဂလန် တို့ ဂျာမနီ ကို အဓိက ပြိုင်ပွဲကြီး တွေမှာ ပထမဆုံး အကြိမ် အနိုင် ရယူ နိုင်ခဲ့ တာလည်း ဖြစ်ခဲ့ ပါတယ် ။ အင်္ဂလန် က ၂ – ၀ နဲ့ နိုင်ခဲ့တာဖြစ်ပြီး စတာလင် နဲ့ ဟယ်ရီကိန်း တို့က သွင်းပေး ခဲ့ကြတာပါ ။

နည်းပြ ၂ ဦး စလုံးဟာ ဒီပွဲ ကို အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ဖို့ထက် အမှား မလုပ်မိဖို့ကို ဦးစားပေး ခဲ့ကြပါတယ် ။ အမှား နည်းအောင် ကစားမယ် ၊ မိနစ် ၆၀ ကျော် မှ မြန်နှုန်းကောင်းတဲ့ ကစားသမားတွေ ကို ထည့်ပြီး အကျဘက်ရောက် လာတဲ့ ပြိုင်ဘက် ခံစစ်ကို ထိုးဖောက်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရက်ဖိုဒ့် ၊ ဂရီလစ်ရှ် ၊ ဂနာဘရီ တို့ ဟာ အရန်ခုံတွေမှာ ထိုင်ခဲ့ ကြရ ပါတယ် ။

myan789

အင်္ဂလန် ဟာ ပွဲချိန် တစ်လျောက် မှာ အမှားပိုနည်း ခဲ့ပြီး ဂျာမန် တိုက်စစ် ကို ကောင်းကောင်း တားဆီး နိုင်ခဲ့ ပါတယ် ။ အထူးသဖြင့် အင်္ဂလန် ခံစစ် ဟာ အမြင့်ဘော အားလုံး နီးပါးကို အသာစီး ရခဲ့သလို ကွင်းလယ်က ရိုက်စ် နဲ့ ဖိလစ် တို့ကလည်း ပြန်ကျလာတဲ့ Second Ball တွေကို နေရာယူမှန်မှန် နဲ့ ရယူနိုင်ခဲ့ ပါတယ် ။

ဒုတိယပိုင်း အလယ်လောက်ကစပြီး ဂျာမနီ ရဲ့ ကစားပုံဟာ ကျစ်လျစ်မှု မရှိတော့ပါဘူး ။ အင်္ဂလန် ကို ဘယ်လို ထိုးဖောက်ရမယ် ဆိုတဲ့ ဗျုဟာကို ရှာဖွေရင်း အချိန်တွေ ကုန်ခဲ့ရ ပါတယ် ။ နောက်ဆုံး မှာတော့ အင်္ဂလန် ဟာ အကျိတ်အနယ် ရှိရှိ ၊ ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုး မဟုတ်ခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့ လုံလောက်တဲ့ အရည်အသွေးကို ပြသပြီး ထိုက်တန်စွာ နိုင်ပွဲ ရရှိသွားခဲ့ ပါတယ် ။

ဒီပွဲရလဒ် ကို သက်ရောက်စေခဲ့တဲ့ အခိုက်အတန့် ၃ ခု ရှိခဲ့ ပါတယ် ။ ၂ ခုက ဂျာမနီ ဘက်က ဖြစ်ပြီး နောက်တစ်ခု ကတော့ အင်္ဂလန် ဘက်ကပါ ။ ဘာတွေလဲဆိုတာ ကြည့်လိုက် ကြရအောင် . . .

၁ ။ တီမိုဗာနာ ရဲ့ အပိုင်အခွင့်အရေး

ပထမပိုင်းမှာ အင်္ဂလန် က ဂျာမနီ ကို စတာလင် ရဲ့ ကန်ချက် တစ်ခုက လွဲရင် ကောင်းကောင်း မခြိမ်းခြောက်နိုင်ခဲ့ ပါဘူး ။ မက်ဂွဲယား ရဲ့ ခေါင်းတိုက်ချက်တွေ ကလည်း ပျော့လွန်းခဲ့ ပါတယ် ။ ဒါပေမယ့် ဂျာမနီ ကတော့ တကယ်ကောင်းတဲ့ အခွင့်အရေး တစ်ကြိမ် ရခဲ့တာပါ ။

ကိုင်ဟာဗက် ထိုးပေး လိုက်တဲ့ ဘောလုံးဟာ အင်္ဂလန် နောက်ခံလူတွေ ကြားကနေ တီမိုဗာနာ ကို ဆွဲထွက်ခွင့် ရစေခဲ့ ပါတယ် ။ ဂျော်ဒန် ပစ်ဖိုစ့် နဲ့ တစ်ယောက်ချင်း အနီးကပ် ကန်သွင်းခွင့် ရတဲ့ အနေအထားမှာတော့ ဗာနာ ရဲ့ အဆုံးသတ်စွမ်းရည် က ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ရဲ့ အဆင့်မျိုးမှာ ရှိမနေခဲ့ ပါဘူး ။ ဒီကန်ချက်ကို ပစ်ဖိုဒ့် ကာကွယ်နိုင်ခဲ့ပြီး ဂိုးမရှိ သရေ အဖြစ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ ပါတယ် ။

၂ ။ သောမတ်စ် မူလာ ရဲ့ အပိုင်အခွင့်အရေး

တီမိုဗာနာ ထက်ပိုပြီး အပိုင်အခွင့် အရေး ရခဲ့တာက သောမတ်စ် မူလာပါ ။ အင်္ဂလန် က ၁ – ၀ နဲ့ ဦးဆောင် နေချိန်မှာ ဗာနာ ထက် ပိုကောင်း ၊ ပိုရှင်းတဲ့ အနေအထား ကနေ ပစ်ဖိုဒ့် နဲ့ တစ်ယောက်ချင်း တွေ့ခဲ့ ပေမယ့် မူလာ ရဲ့ ကန်ချက် က ဂိုးတိုင်ဘေး ကနေ ကပ်ပြီး ထွက်သွားခဲ့ ပါတယ် ။

အင်္ဂလန် ရဲ့ အဖွင့်ဂိုးရှင် စတာလင် ရဲ့ ပေါ့ဆလွန်းတဲ့ နောက်ပြန်ပေးမှုဟာ ကိုင်ဟာဗက် ကို ဘောလုံး ရသွားစေ ခဲ့ပြီး မူလာ ရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိ ချပေး နိုင်စေခဲ့ ပါတယ် ။ မူလာ ဟာ အငိုက်မိသွားတဲ့ အင်္ဂလန် ခံစစ်ကို ဖောက်ပြေးပြီး ပစ်ဖိုဒ့် နဲ့ တစ်ယောက်ချင်း အရှင်းကြီး ကန်ခွင့် ရခဲ့တာပါ ။ ဒီဂိုးသာ ဝင်သွားခဲ့ရင် ၁-၁ ဖြစ်မှာ ဖြစ်ပြီး ဂျာမန်တို့ စိတ်ဓါတ်တက်ကြွ သွားမှာ သေချာပါတယ် ။ ဒါပေမယ့် . . .

၃ ။ ဟယ်ရီကိန်း ရဲ့ ပွဲသိမ်းဂိုး

ပွဲချိန် တစ်ပိုင်းစီက အပိုင်အခွင့်အရေး တစ်ကြိမ်စီကို ဂိုးဖြစ်အောင် အသုံးမချနိုင်တဲ့ ဂျာမနီ အတွက် သင်ခန်းစာလို့ပဲ မှတ်ယူရမှာပါ ။ မူလာ ရဲ့ အပိုင် ကန်ချက် လွဲချော် ခဲ့တာကြောင့် စိတ်ဓါတ် ကျသွားတဲ့ ဂျာမနီ ကို ပွဲသိမ်းပေးခဲ့သူ ကတော့ ယူရို တစ်လျောက်လုံး ဂိုးပေါက် ပျောက်နေတဲ့ ဟယ်ရီကိန်း ပါပဲ ။

ဂျက်ဂရီလစ်ရှ် ရဲ့ ဧရိယာ အတွင်းက ကန်ချက် ဟာ အတော်ပြင်းပါတယ် ၊ ပေးတာလား ကန်တာလားတောင် မသဲကွဲ ပါဘူး ။ ဒါပေမယ့် ဟယ်ရီကိန်း မှာ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ Sense ရှိနေပါတယ် ။ အရှိန်နဲ့ ထွက်လာတဲ့ ဘောလုံးဟာ ဟယ်ရီကိန်း ရဲ့ ခေါင်းတိုက်ချက် နဲ့ လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့ပြီး အင်္ဂလန် ကို ၂ – ၀ နဲ့ ဦးဆောင်နိုင်စေခဲ့ ပါတယ် ။

ဒီ ၃ ခုဟာ မနေ့ညက ပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေ ပါပဲ ။ ဗာနာ ရဲ့ ဂိုးသာ ဝင်ခဲ့ရင် ၊ မူလာ ရဲ့ အခွင့်အရေးသာ ချေပဂိုး ဖြစ်ခဲ့မယ်ဆိုရင် ဒီပွဲက ဂျာမနီ အတွက် ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ် ။ ဒါပေမယ့် ဒါတွေ ဖြစ်မလာတဲ့ နောက်မှာတော့ ဟယ်ရီကိန်း ရဲ့ ဂိုးဟာ ဂျာမနီကို အိမ်ပြန်ရဖို့ သေချာ သွားစေခဲ့ ပါတော့တယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular