ဟာရီကိန်းအား ဂိုးအများဆုံးစံချိန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ချိုးဖျက်စေလိုကြောင်း အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် မှတ်ချက်ပြု

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆွစ်ဇာလန်နှင့်ပွဲအပြီးတွင် ဟာရီကိန်းကို ချီးကျူးခဲ့ပြီး ဂိုးအများဆုံးစံချိန်ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ချိုးဖျက်စေလိုကြောင်း ပြောကြားသည်။

“ဟာရီက ဒီသမိုင်းမှတ်တမ်းကို တန်ဖိုးထားမှာပါ။ ဒီလိုနာမည်တွေကြားမှာ ပါဝင်ခွင့်ရတာ သူ့အတွက်တော့ အဓိပ္ပာယ်အများကြီးရှိပါလိမ့်မယ်။ သူ့ဆီမှာ တစ်ဦးချင်းရည်မှန်းချက်ရှိပြီး ပွဲမကစားချင်တဲ့ပုံစံမျိုး ဘယ်တော့မှမတွေ့ရပါဘူး။ အဲဒီ စိတ်ဓာတ်က အသင်းသားတွေအားလုံးဆီ ပျံ့နှံ့သွားပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စံချိန်ချိုးစေချင်တယ်။ ဒီဟာနဲ့ပတ်သက်လို့ သူက တော်တော်လေးတည် ငြိမ်မှုရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီစံချိန်ကိုရနိုင်မယ်လို့ သူကိုယ်တိုင် ယုံကြည်မှုရှိသလို သူ့ရဲ့တစ်ပွဲ ပျမ်းမျှဂိုးသွင်းနှုန်းကလည်း အံ့အားသင့်စရာကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

myan789

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းသည် စနေနေ့က ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲတွင် ဂိုးသွင်းယူခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် ဒုတိယဂိုးအများဆုံးသွင်းယူထားသည့် ဆာဘော်ဘီချာလ်တန်၏ ၄၉ ဂိုးမှတ်တမ်းကို လိုက်မီသွားပြီဖြစ်ကြောင်း သိရသည်။

ယင်းခြေစမ်းပွဲကို လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပခဲ့ပြီး အိမ်ရှင်အင်္ဂလန်အသင်းအနေဖြင့် ဆွစ်ဇာလန်၏ ဦးဆောင်ဂိုးသွင်းယူမှုကြောင့် နောက်မှလိုက်ကစား၍ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။

၂၂ မိနစ်တွင် ဆွစ်ဇာလန်အသင်းအတွက် တိုက်စစ်မှူး အမ်ဘိုလိုက ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပိုတွင် လုခ်ရှောက ပြန်လည်ချေပသဖြင့် (၁-၁) ဂိုးစီ သရေဖြစ်နေသည်။

အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို ၇၈ မိနစ်တွင် ဟာရီကိန်းက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်တော့ဘဲ အင်္ဂလန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယူရို-၂၀၂၀ နောက်ပိုင်း ရှစ်ပွဲဆက် ရှုံးပွဲမရှိကစားထားသည်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအနေဖြင့် ယခုပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် လက်ရွေးစင်အသင်းအတွက် ၆၈ ပွဲ ကစား၊ သွင်းဂိုး ၄၉ ဂိုးရှိလာပြီဖြစ်သည်။ ၎င်းသည် ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သည့် ဂယ်ရီလိုင်နီကာ၏ ၄၈ ဂိုးကိုကျော်၍ အင်္ဂလန်အသင်းအတွက် ဒုတိယဂိုးအများဆုံးသွင်းယူထားသည့် ဆာဘော်ဘီချာလ်တန်၏ ၄၉ ဂိုးမှတ်တမ်းကို အမီလိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် ဟာရီကိန်းသည် ၂၀၁၅ ခုနှစ် မတ်လတွင် အင်္ဂလန်အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး ခုနစ်နှစ်အကြာမှာပင် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းတွင် ဒုတိယနေရာရောက်ရှိလာခြင်းဖြစ်သည်။

ဟာရီကိန်းသည် ၆၈ ပွဲကစားအပြီးတွင် ၄၉ ဂိုးသွင်းယူထားခြင်းဖြစ်ရာ တစ်ပွဲပျမ်းမျှ ၀ ဒသမ ၇၂ ဂိုးနှုန်းသွင်းယူထားပြီး ဗီဗီယန်ဝုဒ်ဝက်ဒ် (၁ ဒသမ ၂၆ ဂိုး)၊ နတ်လော့ဖ်ဟောက်စ် (၀ ဒသမ ၉၁ ဂိုး) နှင့် ဂျင် မီဂရေ့ဗ်စ် (၀ ဒသမ ၇၇ ဂိုး)တို့ပြီးလျှင် တစ်ပွဲပျမ်းမျှဂိုးသွင်းနှုန်းအများဆုံးအဖြစ် ရပ်တည်နေသည်။

ထို့ပြင် ဟာရီကိန်းအနေဖြင့် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသည့် ဝိန်းရွန်နီ၏ ၅၃ ဂိုးကိုလိုက်မီရန် လေးဂိုးသာ လိုအပ်တော့ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် မတ် ၂၉ ရက်တွင် အိုင်ဗရီကို့စ်အသင်း နှင့် ဝင်ဘလေကွင်း၌ ထပ်မံခြေစမ်း ကစားမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular