သီယာဂို ဆေးလ်ဗား ချဲလ်ဆီးမှ ထွက်ခွာတော့မယ့် သတင်း အပေါ် ခြင်္သေ့ပြာ စတား ၂ဦး ဘယ်လို တုန့်ပြန်ခဲ့ကြလဲ ?

ချဲလ်ဆီး ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗားဟာ ယခုနှစ် ဘောလုံးရာသီ ကုန်တာနဲ့ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း မနေ့ကပဲ တရားဝင် ထုတ်ပြန်ကြေညာလာခဲ့ပါတယ် ။ ၄နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် အသက် ၄၀ ပြည့်တော့မယ့် ဆေးလ်ဗားဟာ ကစားသမား ဘဝက အနားမယူခင် ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့ ကစားဖွယ် ရှိနေပါသေးတယ် ။

၂၀၂၀ နွေရာသီ စျေးကွက် အတွင်း ပီအက်စ်ဂျီကနေ ချဲလ်ဆီးသို့ အလွတ်နဲ့ ပြောင်းရွှေ့လာတဲ့ ယင်းဘရာဇီးသားဟာ ခြင်္သေ့ပြာတို့ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ကျော် ကစားပေးခဲ့ကာ ၊ ၉ဂိုး သွင်းယူခဲ့ပြီး ၊ ချန်ပီယံလိဂ် ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေကို ဆွတ်ခူးရရှိခဲ့ပါတယ် ။

myan789

ဒီရာသီမှာတော့ ဆေးလ်ဗားဟာ ဆုဖလားနဲ့ လက်တကမ်း အလိုကို ရောက်ခဲ့ပေမယ့် ၊ ကာရာဘောင် ဖလားမှာ ဗိုလ်လုပွဲ ၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် အဆင့် အထိသာ ကျေနပ်ခဲ့ရပါတယ် ။ မနေ့က နှုတ်ဆက် ဗီဒီယိုမှာတော့ ဆေးလ်ဗား တယောက် မျက်ရည်ဝဲဝဲနဲ့ ချဲလ်ဆီး ပရိသတ်တွေထံ နောက်ဆုံး မက်ဆေ့ခ်ျ ပေးသွားခဲ့ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကတော့ မနေ့က Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဆေးလ်ဗား ထွက်ခွာတော့မယ့် အကြောင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော်ဟာ သီယာဂိုကို ငယ်စဉ်ကတည်းက ကြည့်ရှုလာခဲ့တာပါ ။ သူဟာ ဘောလုံးလောကရဲ့ အတုယူစရာ ပုဂ္ဂိုလ် တဦးပါပဲ ။ သူဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တဦးလည်း ဖြစ်ပါတယ် ။ ”

” သူနဲ့ အတူ အဝတ်လဲခန်း တခုတည်းမှာ ၊ ကွင်းတခုတည်းမှာ သူ့ဆီကနေ အကြံဉာဏ်တွေ ရတာ ၊ သူ့စကား နားထောင်ခွင့် ရတာက တကယ် ဝမ်းမြောက်စရာ အရာ တခုပါပဲ ။ ကျွန်တော်တို့ အားလုံး သူ့ကို အဝတ်လဲခန်းထဲမှာ နောင်နှစ်ပေါင်းများစွာ မြင်ရဖို့ ၊ သူနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် တွဲကစားရဖို့ ဆုတောင်းခဲ့ကြပါတယ် ။ ”

” သူ့အတွက် ကျွန်တော်တို့ ဆုဖလား တခုခု ယူပေးဖို့ မျှော်လင့်ခဲ့ကြပါတယ် ။ ဒါပေမယ့် ဒါက ဖြစ်မလာခဲ့ပါဘူး ။ ကျွန်တော်တို့ သူ့ကို ကံကောင်းပါစေ ၊ အနာဂတ်မှာ သူ လုပ်ချင်တဲ့ အရာတွေမှာ အဆင်ပြေအောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။ ”

” သေချာတာကတော့ သူဟာ အနာဂတ်မှာ နည်းပြ တယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ လူငယ်တွေ အတွက် တကယ် အတုယူစရာ ဖြစ်လို့ပါ ။ ဒီတော့ ကျွန်တော် သူ့အတွက် အရမ်း ပျော်ရွှင်မိပါတယ် ။ သူ့အတွက် ကံကောင်းခြင်းတွေ ရရှိစေဖို့ ဆုတောင်းပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကလည်း ယင်းဘရာဇီးသားနဲ့ ပတ်သက်ကာ ” သူဟာ ဂန္တဝင် တယောက်ပါ ။ သူနဲ့ အတူ အခိုက်အတန့်များစွာ အတူတကွ မျှဝေနိုင်လိုက်တာက အံ့သြဖွယ်ပါပဲ ။ ဒါပေမယ့် သူနဲ့ အတူ နှစ်များစွာ ကျွန်တော် တွဲကစားဖို့ အလိုရှိခဲ့တာပါ ။ ဘာလို့လဲဆိုတော့ ရှုထောင့်ပေါင်းစုံမှာ သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူလေ့လာနိုင်သေးလို့ပါ ။ ”

” ဒါပေမယ့် သူ့ဆုံးဖြတ်ချက်က သူ့ဆုံးဖြတ်ချက်ပါပဲ ။ ဒါကို ကျွန်တော်တို့ လေးစားရပါမယ် ။ ဒါပေမယ့် သူ ဒီကို မန်နေဂျာ တယောက် အနေနဲ့ ပြန်လာကောင်း ပြန်လာနိုင်ဖို့ကို ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါမှ ကျွန်တော်တို့ သူ့ဆီကနေ နောက်ထပ် သင်ယူလေ့လာနိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆေးလ်ဗားဟာ ကစားသမား ဘဝက အနားယူပြီးတာနဲ့ နည်းပြ ဘဝထဲ ဝင်ရောက်ဖို့ အတွက် ခုကတည်းက လိုင်စင် လျှောက်ထားမှုတွေ လုပ်နေပြီး ၊ ချဲလ်ဆီးဖက်ကတော့ ၄င်းကို ရာသီပိတ် ဘုန်းမောက်နဲ့ ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ပေးကာ ဂုဏ်ပြုသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular