သရဲနီတို့ အတွက် အပေါင်းလက္ခဏာ ဆောင်ကျဉ်းစရာတွေ တွေ့မြင်ခဲ့ရတဲ့ PSG 1 – 2 ယူနိုက်တက် ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 5 ချက်

ဒီနေ့ နံနက်မှာတော့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်း နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကစားခဲ့ ကြပြီး ဧည့်သည် အသင်းက 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီကွင်းမှာပဲ ပြိုင်ဖက် အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ နောက်ကောက် ချခဲ့ပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ဖူးပါသေးတယ် ။ တူညီတာ တစ်ခု ကတော့ ပွဲစဉ် နှစ်ပွဲလုံးမှာ အနိုင်ဂိုးကို ရပ်ရှ်ဖို့ က သွင်းယူ ခဲ့ခြင်းပဲ ဖြစ်ပါတယ် ။

myan789

ဒီနေ့ ပွဲစဉ်ရဲ့ ပွဲချိန် 20 မိနစ်မှာတော့ PSG နောက်ခံလူ ဒီယာလိုဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို ဂိုးဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် သရဲနီတို့ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။ အဆိုပါ ပင်နယ်တီကို ဘရူနို ကန်သွင်းခဲ့ ပေမယ့် ကေလာ နာဗတ်စ် က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် VAR နဲ့ စစ်ဆေး ကြည့်တဲ့ အခါမှာ ကေလာ နာဗတ်စ်ဟာ ဂိုး ဖမ်းယူ ခဲ့တဲ့ အချိန် ဂိုးစည်း ပေါ်မှာ မရှိပဲ အရှေ့ရောက် နေခဲ့တဲ့ အတွက် ယူနိုက်တက်တို့ဟာ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့် ရရှိခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ PSG တို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး နေမာ ကန်တင်ခဲ့ရာ မာရှယ်ရဲ့ ခေါင်းတိုက်ထုတ်မှု ညံ့ခဲ့တဲ့ အတွက် own goal ဖြစ်သွား ခဲ့ရ ပါတယ် ။ အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံး မချနိုင်ခဲ့မှု ၊ ဂိုးသမားတွေ လက်စွမ်း ပြမှုကြောင့် ဂိုးရဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 87 မိနစ်မှာ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ ချိတ်ဆက် ကစားမှုက တစ်ဆင့် အင်္ဂလန် လက်ရွေးစင်ဟာ ဂိုးသွင်းယူ နိုင်ခဲ့ပြီး ယူနိုက်တက် အတွက် အဖိုးတန် နိုင်ပွဲ ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါဟာ ရှေ့ဆက် ပွဲကြပ်တွေ ကစားရဦးမယ့် ယူနိုက်တက် အတွက် အပေါင်း လက္ခဏာ ဆောင်လွန်တဲ့ နိုင်ပွဲပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်မှ ပြောစရာ ဖြစ်သွားခဲ့ ရတဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) အလုပ် ဖြစ်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာ အပြောင်းအလဲ

ဟယ်ရီ မက်ဂွားယား မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဆိုးလ်ရှားဟာ ဗဟို ခံစစ် ကစားသမား သုံးယောက် ထားတဲ့ ကစားကွက်ကို တစ်ဖန် ပြန်လည် အသက်သွင်း ခဲ့ပြီး ကစားသမားသစ် တဲလက်စ် နဲ့ ဘစ်ဆာကာ တို့ကို တိုက်စစ်ရော ခံစစ်ပါ အလျင်းသင့် သလို ကူညီ ကစားပေးခွင့် ရအောင် အသုံးပြု သွားခဲ့ ပါတယ် ။ ဒါ့အပြင် ကွင်းလယ်မှာလည်း ခံစစ် ကစားတာ ပိုကောင်းကြတဲ့ ဖရက်ဒ် နဲ့ တော်မီနေး တို့ကို အသုံးပြုခဲ့ ပါတယ် ။

ဒါက လက်တွေ့မှာ အလုပ် ဖြစ်ခဲ့ပြီး ပြိုင်ဖက် အသင်း ရဲ့ စူပါ စတား ကစားသမား နှစ်ဦး ဖြစ်တဲ့ နေမာ နဲ့ အမ်ဘက်ပီ တို့ကို စိတ်ကြိုက် ကစားခွင့် မရအောင် အဟန့်အတား ဖြစ်စေ နိုင်ခဲ့ ပါတယ် ။ အထူးသဖြင့် ဘစ်ဆာကာ ဖက်မှ ထိုးဖောက်ဖို့ အတွက် ဘယ် တောင်ပံမှာ တစ်လှည့်စီ နေရာယူ ကစားခဲ့ ကြတဲ့ နေမာ နဲ့ အမ်ဘက်ပီ တို့ဟာ စိတ်ရှိသလို စကေးပြ ကျော်ဖြတ် နိုင်ဖို့ ရုန်းကန် ခဲ့ကြရ ပါတယ် ။

အဲ့ဒီနောက် တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့နောက်မှာတော့ ဆိုးလ်ရှားက 3 – 5 – 2 ကစားကွက်မှ တဲလက်စ်ကို လူစားလဲ ခဲ့ပြီး ပေါ့ဂ်ဘာကို ထည့်သွင်း 4 – 2 – 2 – 2 ကစားကွက် ခင်းကျင်းကာ ဖန်တီးမှု စွမ်းရည် ကောင်းမွန်အောင် ၊ တိုက်စစ် ပိုမို ဆင်ခွင့် ရရှိအောင် ဗျူဟာ ပြောင်းလဲ သွားခဲ့ပါတယ် ။

ဒါကလည်း လက်တွေ့မှာ အလုပ်ဖြစ်ခဲ့ပြီး ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ ချိတ်ဆက် ကစားမှုမှ တစ်ဆင့် ယူနိုက်တက် တို့ဟာ အဖိုးတန် အနိုင်ဂိုး ရရှိ နိုင်ခဲ့ကြ ပါတယ် ။ ဒါ့ကြောင့် ကမ္ဘာ့ အဆင့် ကစားသမား တွေကို ထိန်းချုပ်ဖို့ ချမှတ်ခဲ့တဲ့ ဆိုးလ်ရှား ရဲ့ ခံစစ် နည်းဗျူဟာ က အသုံးတည့်ခဲ့ သလို ဂိုးပြန်လည် ရရှိ နိုင်ဖို့ ကစားကွက် ပြောင်းလဲ လိုက်တဲ့ ဗျူးဟာ ကလည်း အလုပ် ဖြစ်ခဲ့တယ်လို့ ဆိုရ ပါ့မယ် ။

(2) ပထမဆုံး အကြိမ် အသင်း ခေါင်းဆောင် ဖြစ်ခွင့် ရရှိခဲ့တဲ့ ဘရူနို အတွက် စပါယ်ရှယ် နိုင်ပွဲ

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အသင်း ခေါင်းဆောင် ဖြစ်ခွင့် ရရှိရေးဆိုတာက ကစားသမားတိုင်း အတွက် အိပ်မက်ကြီး တစ်ခု ပါပဲ ။ အထူးသဖြင့် PSG လို အသင်းနဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ်မှာ အသင်း ခေါင်းဆောင် အဖြစ် ပါဝင်ခွင့် ရရှိပြီး ဂိုးသွင်းယူ ၊ နိုင်ပွဲပါ ရရှိနိုင်ခြင်းက ပထမဆုံး အကြိမ် အသင်း ခေါင်းဆောင် ဖြစ်ခွင့် ရရှိခဲ့တဲ့သူ အတွက် စပါယ်ရှယ် နိုင်ပွဲ လို့ပဲ ဆိုရပါ တော့မယ် ။

အခုတော့ မက်ဂွားယား မပါဝင် နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ် က စပါယ်ရှယ် အခွင့်အရေးကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါပြီ ။ သူဟာ အသင်း ခေါင်းဆောင် လက်ပတ် ဆင်မြန်းခွင့် ရရှိတဲ့ ပထမဆုံး ပွဲစဉ်မှာပဲ အသင်းဖော်တွေ ဆီက တောင်းဆိုမှု များစွာ လုပ်ဆောင်ခဲ့ပြီး ကိုယ်တိုင်လည်း မခိုမကပ် ကစားပေး နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် တိုက်စစ် လမ်းကြောင်း တွေကိုလည်း ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုတွေ လုပ်ဆောင်ရင်း ဖွင့်ပေး နိုင်ခဲ့ ပါတယ် ။

ပင်နယ်တီ ကန်ခွင့် ရရှိခဲ့တဲ့ အချိန် ကေလာ နာဗတ်စ်က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် VAR နဲ့ စစ်ဆေးပြီးနောက် နာဗတ်စ် ဂိုးစည်း ပေါ်ကနေ အရှေ့ ထွက်ခဲ့တာ တွေ့ခဲ့ ရတဲ့ အတွက် နောက် တစ်ကြိမ် ကန်ခွင့် ရရှိခဲ့ ပါတယ် ။ ဒါပေမယ့် ပင်နယ်တီ လွဲခဲ့တဲ့ ဘရူနိုကတော့ စိတ်လှုပ်ရှားမှု မပြသခဲ့ပဲ ပထမဆုံး အကြိမ် ပင်နယ်တီ ကန်ခဲ့တဲ့ နေရာကိုပဲ နောက်တစ်ကြိမ် ကန်သွင်းခဲ့ပြီး အငိုက်ဖမ်း ဂိုး ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

(3) ဒီဂီယာ ပြန်လာပြီလား ??

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လိုတယ် ဆိုရင် ဘယ်လို အရည်အသွေးတွေ ပြသနိုင်ဖို့ လိုအပ်မလဲ ဆိုတာ ဒင်းန် ဟန်ဒါဆန်ကို ဒီဂီယာ သင်ပေး နိုင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒီဂီယာ ဆိုတာ ဒီ သုံးနှစ်တာ အချိန် ကာလ အတွင်း လက်စွမ်း တည်ငြိမ်မှု မရှိ ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ မကြာခန ကြုံနေခဲ့ရ သူပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီနှစ် ဘောလုံး ရာသီမှာ စပိန် လက်ရွေးစင် အသင်း အတွက် အမှား တစ်ကြိမ် ကျူးလွန် ခဲ့တာက လွဲရင် ယူနိုက်တက် အသင်း အတွက် ကြီးကြီးမားမား အမှား ကျူးလွန်တာမျိုး မရှိခဲ့ ပါဘူး ။ အထူးသဖြင့် နယူးကာဆယ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ်မှာ သူဟာ ပုံစံကောင်း ပြသ နိုင်ခဲ့သလို ဒီပွဲ မှာလည်း ဒီမားရီးယား ၊ ကုရ်ဇာဝါ နဲ့ အမ်ဘက်ပီ တို့ရဲ့ ဂိုး ဖြစ်သွား နိုင်မယ့် ကန်ချက် တွေကို ကာကွယ်ပြီး MOTM ဖြစ်သွား နိုင်ခဲ့ ပါတယ် ။

ဒီလောက် ဆိုရင် ဒီဂီယာ အကောင်းဆုံး ပြန်လာပြီလို့ ပြောရ မလား… ဒါမှမဟုတ် လာမယ့် ပွဲကြပ် တွေကို ဆက်လက် စောင့်ကြည့်ရဦးမလား ဆိုတာ…… ယူနိုက်တက် ပရိသတ် တွေဟာ ဒီဂီယာ အခုလို ပုံစံကောင်းတွေ ပြန်လည် ပြသနေတာကို ပျော်ရွှင် ကျေနပ် နေမှာတော့ အသေအချာ ပါပဲ ။

(4) အဓိက ကစားသမားတွေ ကောင်းပေမယ့် အလုပ် မဖြစ်ခဲ့တဲ့ PSG

လက်ရှိ အချိန်မှာ PSG ဆိုတာ ဥရောပရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းလို့ ပြောရင် မမှား ပါဘူး ။ သူတို့ တွေက လက်ရှိ စုဖွဲမှု နဲ့ အတူ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်ထိ တက်ရောက် နိုင်ခဲ့ကြတဲ့ အသင်းပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဗာရတ်တီ နဲ့ မာကွင်ဟိုတို့ မပါဝင် ခဲ့တဲ့ ကွင်းလယ် နဲ့ ခံစစ် က ကျစ်လျစ်တဲ့ ကစားဟန် တစ်ခုကို မဖြစ်စေ နိုင်ခဲ့ပါဘူး ။ ဒါ့အပြင် အီကာဒီလို တိုက်စစ် တိုက်စစ်မှူး စစ်စစ် မပါဝင်နိုင် ခဲ့တဲ့ PSG တိုက်စစ်က ဒီ ရာသီ အမှား များခဲ့တဲ့ ယူနိုက်တက် ခံစစ်ကို ကြီးမားတဲ့ ဒုက္ခတွေ ပေးစွမ်းနိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

ဒီနေ့ပွဲ မှာတော့ နေမာ နဲ့ အမ်ဘက်ပီ တို့ဟာ အတိုးအလှုပ် များစွာ လုပ်ဆောင်ခြင်း ၊ ဘောလုံးကိုင် ကစားခြင်း ၊ အနီးကပ် ဘောလုံး ပေးပို့မှု တွေကို လုပ်ဆောင်ခြင်းဖြင့် ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့ကြ ပေမယ့် ဘစ်ဆာကာ ကို ကျော်ဖြတ်ဖို့ မလွယ်ကူ ခဲ့ခြင်း ၊ ဒီဂီယာ ရဲ့ လက်စွမ်း ပြမှု တွေကြောင့် ဂိုးမသွင်း နိုင်မှု တွေကို ကြုံတွေ့ ခဲ့ရ ပါတယ် ။

(5) တွမ်ဇီဘီ ပြန်လာပြီ

ဆိုးလ်ရှားဟာ ဈေးကွက်ထဲမှာ ဗဟို ခံစစ် ကစားသမား တစ်ဦး ရယူ နိုင်ရေးထက် ဆန်ချိုကိုပဲ အလေးပေး ခေါ်ယူ စေချင်ခဲ့တဲ့ အကြောင်းအရင်း များစွာ ရှိခဲ့ ပါတယ် ။ ယူနိုက်တက် အသင်းမှာ စမောလင်း မရှိရင်တောင်မှ ဘိုင်လီ ၊ ရိုဟို ၊ ဂျုံးစ် ၊ တွမ်ဇီဘီ တို့ ရှိနေ ကြပါ သေးတယ် ။ ဒါ့အပြင် အကယ်ဒမီမှာ ခြေစွမ်းပြ နေခဲ့တဲ့ တီဒန် မန်ဂီလည်း ရှိနေပါ သေးတယ် ။

အခုတော့ ဗဟို ခံစစ် ကစားသမား မခေါ်ယူ ခဲ့တဲ့ ယူနိုက်တက် ရဲ့ လုပ်ဆောင်ချက်က မှန်ကန် တော့မှာလား ဆိုတာ စိတ်ဝင်စား စရာ ကောင်းမွန် လာခဲ့ ပါပြီ ။ ယူနိုက်တက် အသင်း ရဲ့ ခံစစ်မှာ ဦးစားပေး အဖြစ် မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ ရှိနေကြ ပါတယ် ။ ဒါ့အပြင် ဘိုင်လီ ကလည်း ပါဝင် ခဲ့တဲ့ ပွဲစဉ်တွေမှာ ပုံစံကောင်း ပြသ နိုင်ခဲ့ ပါတယ် ။

အခုတော့ တွမ်ဇီဘီ ကလည်း ဥရောပ အကောင်းဆုံး တိုက်စစ်အတွဲကို ရင်ဆိုင်ရတဲ့ ပွဲစဉ်ရောက်မှ 10 လလောက် ပွဲကစားခွင့် ဆုံးရှုံးခဲ့ရာ ကနေ ပြန်လာပြီး ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့ ပါပြီ ။ ဆိုးလ်ရှား ဆိုတာ အသက် ငယ်မယ် ၊ အကယ်ဒမီထွက် ဖြစ်မယ် ၊ ပုံစံကောင်း ပြသမယ် ဆိုတာနဲ့ နေရာ ပေးချင်တဲ့ နည်းပြမျိုး ဖြစ်တဲ့ အတွက် တွမ်ဇီဘီဟာ ယူနိုက်တက် ခံစစ်ကို ပိုပြီး တောင့်တင်းစေမှာ အသေအချာ ပါပဲ ။ ဒီအတွက် ဒဏ်ရာ မရအောင် ဆောင်ရန် ရှောင်ရန်တွေ သိဖို့ ၊ ကျင့်ကြံ နိုင်ဖို့တော့ လိုအပ်ပါ လိမ့်မယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular