လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းနှင့် နိုင်ငံသားအားလုံးဘေးကင်းစေရန် ဆုတောင်းနေကြောင်း အောင်လအန်ဆန် ရေးသားဖော်ပြ

နာမည်ကျော် MMA ကစားသမား အောင်လအန်ဆန်က လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းနှင့် နိုင်ငံသားအားလုံးဘေးကင်းစေရန် ဆုတောင်းနေကြောင်း သူ၏ Facebook တွင် ရေးသားခဲ့သည်။

အောင်လအန်ဆန်က ” ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတာ ဒီနေ့နဲ့ဆို (၁၆) ရက်ရှိပါပြီ။ ဒီအခြေအနေပေါ်ချက်ချင်းဆိုသလို ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ရဲဝန်ထမ်းတွေကပါ CDM လှုပ်ရှားမှုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့တွန်းလှန်နေကြပါတယ်။ မမျှော်လင့်စွာပဲ ဒီရက်တွေမှာ နေပြည်တော်၊ မန္တလေးစတဲ့မြို့တွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းတာတွေက ပိုပြီးဆိုးရွားလာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ကျွန်တော့်မွေးရပ်မြေမြစ်ကြီးနားမှာလည်းပြည်သူတွေပစ်ခတ်နှိမ်နှင်းခံခဲ့ရပါသေးတယ်။ ဒါတင်မကဘူး အာဏာထိန်းသိမ်းတဲ့အခြေအနေကို ထိပါးခြိမ်းခြောက်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးလို့ရမယ့် ဥပဒေတွေကိုပါ ထပ်ပြီးထုတ်ပြန်တယ်။ ပြည်တွင်းကလူတော်တော်များများလည်း ညကြီးမိုးချုပ်တွေမှာအကြောင်းပြချက်မရှိပဲဖမ်းဆီးခံနေရသလို အင်တာနက်သုံးစွဲတာတွေကိုပါထိန်းချုပ်ကန့်သတ်ထားတာတွေ ရှိနေတယ်။ အဲ့ဒီအပြင်ဒီကာလမျိုးမှာ အကျဉ်းသား နှစ်သောင်းကျော်လွှတ်ပေးပြီးတော့ အဲ့ဒီလွတ်လာတဲ့အထဲကတချို့က သာမာန်ပြည်သူတွေလုံခြုံအေးချမ်းမှုကိုအနှောက် အယှက်ဖြစ်မယ့်အပြုအမူတွေ လုပ်လာနေကြတယ်။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ပါတီတွင်းကခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်းထိမ်းသိမ်းခံနေရပြီး သူတို့နဲ့ပတ်သက်တဲ့ သတင်းတိတိကျကျတောင်မှ ကျွန်တော်တို့ မကြားရသေးဘူး။ ဒီအခြေနေတွေအားလုံးအပေါ်မှာ ကျွန်တော် စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီအရသာကို ခံစားရတာ နှစ်အနည်းငယ်ပဲရှိပါသေးတယ်။ အခုတော့ ဒါတွေအားလုံးက လက်ရှိအခြေအနေမှာပျက်စီးခဲ့ရပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံသားတွေတညီတည်းရှိနေတဲ့ဆန္ဒတွေက ….. ဒီအာဏာသိမ်းမှုကို နောက်ပြန်လှည့်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တစ်ကမ္ဘာလုံးကို မေတ္တာရပ်ခံချင်တာက ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့အသံကို နားစွင့်ပေးဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက် သူတို့အကူအညီတွေပြသပေးဖို့ပါ။ ဒီအခြေအနေကို ငြိမ်းချမ်းစွာတွန်းလှန်ဖို့ကြိုးစားကြတဲ့ဘယ်လှုပ်ရှားမှုကိုမဆို ကျွန်တော်ထောက်ခံအားပေးပါတယ်။ နောက်ထပ်ကျွန်တော်တိုက်တွန်းချင်တာက နိုင်ငံသားကောင်းပီသစွာ ယဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိမိတို့ဆန္ဒရှိရာကို ဆက်လက်ထုတ်ဖေါ်ပေးဖို့ပါ။ ဆန္ဒထုတ်​ဖော်တဲ့နေရာမှာ ရန်လိုမှုနဲ့စရင် ရန်လိုမှုနဲ့ပဲကြုံကြရလိမ့်မယ်။ ဒါတွေကို ကျော်ဖြတ်ဖို့အတွက်တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ အာရုံစူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ဒီလိုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံသားတွေအားလုံးဘေးကင်းစေဖို့ ကျွန်တော်ဆက်ပြီးဆုတောင်းနေပါမယ်”ဟု သူ၏ Facebook တွင် ရေးသားခဲ့သည်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular