ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ပြိုင်ပွဲအားလုံးယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည့် FIFA နှင့် UEFA တို့၏ ဆုံးဖြတ်ချက်အပေါ် ရုရှားဘောလုံးအဖွဲ့ချုပ် တုံ့ပြန်

ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ပြိုင်ပွဲအားလုံးယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည့် FIFA နှင့် UEFA တို့၏ ဆုံးဖြတ်ချက်အပေါ် ရုရှားဘောလုံးအဖွဲ့ချုပ် (RFU) က တုံ့ပြန်ခဲ့ကြောင်း သိရသည်။

RFU ၏ထုတ်ပြန်ချက်တွင် ရုရှားအသင်းအားလုံးကို နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်သည့် FIFA နှင့် UEFA ဆုံးဖြတ်ချက်တို့၏ဆုံးဖြတ်ချက်အပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် အားကစားသမားပီသမှုနှင့် တရားမျှတစွာယှဉ်ပြိုင်မှု စရိုက်လက္ခဏာများကို ဆန့်ကျင်ပြီး နိုင်ငံတကာပြိုင်ပွဲများ၏ စံနှုန်းထားနှင့် ဥပဒေသများကို ချိုးဖောက်လွန်းရာကျသည်ဟု မိမိတို့အနေဖြင့် ယုံကြည်ကြောင်း၊ မြောက်မြားစွာသော အားကစားသမားများ၊ လေ့ကျင့်ရေးမှူးများ၊ နည်းပြများ၊ ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းတာဝန်ရှိသူများအပြင် အဓိကအားဖြင့် ရုရှားပြည်သူ သန်းနှင့်ချီ အပါအဝင် နိုင်ငံတကာက ပရိသတ်များကို ခွဲခြားဆက်ခံခြင်းဖြစ်သည်မှာ တိကျရှင်းလင်းကြောင်း၊ ယခုကဲ့သို့ အပြုအမူမျိုးသည် သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် နိုင်ငံရေးရောယှက်ခွင့်မရှိခြင်း စသည့် ယနေ့အချိန်အထိ စောင့်ထိန်းလိုက်နာသော နိုင်ငံတကာအားကစားအသိုင်းအဝိုင်းအတွက် ပြင်းထန်သည့် သဘောထားကွဲလွဲမှုကို ဖြစ်ပေါ်စေကြောင်းနှင့် RFU အနေဖြင့် နိုင်ငံတကာအားကစားဥပဒေနှင့်အညီ FIFA ၊ UEFA တို့၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ခွင့်ရှိနေကြောင်း ရေးသားထားသည်။

myan789

ယခုရာသီတွင် UEFA မှ ကျင်းပလျက်ရှိသော ကလပ်အသင်းပြိုင်ပွဲ သုံးခုရှိသည့်အနက် ယူရိုပါလိဂ်ပြိုင်ပွဲ၌သာ ရုရှားကလပ် စပါးတပ်မော်စကိုအသင်း ယှဉ်ပြိုင်ကစားနေ ပြီး ယခုပိတ်ပင်မှုကြောင့် ပြိုင်ပွဲမှ ထွက်ရမည် ဖြစ်သည်။ ရုရှားလက်ရွေးစင်အသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ရှိနေပြီး ၎င်းနှင့်ရင်ဆိုင်ရမည့် အသင်းများသာမက အခြားအသင်းများကပါ ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ကြေညာပြီး ဖိအားပေးခဲ့သည့်အတွက် FIFA က ရုရှားကို ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

FIFA နှင့် UEFA တို့၏ ပိတ်ပင်မှုတွင် ရုရှား အမျိုးသမီးအသင်းလည်း ပါဝင်သည့်အတွက် ၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲများနှင့် ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရတော့မည် မဟုတ်ပေ။ FIFA နှင့် UEFA တို့က ယခုပိတ်ပင်မှုမှာ နောက်ထပ်ပြောင်းလဲပြင်ဆင်သည့် ကြေညာချက်မထုတ်ပြန်မချင်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ထို့ကြောင့် ရုရှားနိုင်ငံ၏ ကျူးကျော် တိုက်ခိုက်မှု ရပ်တန့်ခဲ့ပါက အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင်မူ UEFA က စပွန်ဆာအဖြစ် လက်တွဲထားသည့် ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် စာချုပ်ကိုလည်း ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular