ယခုလကျင်းပမည့် ONE MMA ပြိုင်ပွဲများတွင် ပရိသတ်ကြည့်ရှုခွင့်မပြုသေးဘဲ ရုပ်သံလိုင်းများမှသာ ထုတ်လွှင့်ပြသမည်

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများ ကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် ယခုလအတွင်းကျင်းပမည့် ပြိုင်ပွဲများတွင် ပရိသတ်ကြည့်ရှုခွင့်ပြုဦးမည် မဟုတ်ဘဲ ရုပ်သံလိုင်းများမှသာ ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

ONE Championship သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းက ကျင်းပသည့် ပြိုင်ပွဲများတွင် ပရိသတ်အနည်းငယ် ကြည့်ရှုခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ပရိသတ်မပါဘဲ ကျင်းပခဲ့ရသည်။ ပြိုင်ပွဲများ ကျင်းပနေသည့် စင်ကာပူနိုင်ငံတွင် ကပ်ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ဇွန် ၉ ရက်က ကျင်းပသည့် ပြိုင်ပွဲအပြီးတွင် တစ်လခွဲကျော် ရပ်နားခဲ့ရပြီး ဇူလိုင် ၃၀ ရက်မှသာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

myan789

ONE Championship သည် သြဂုတ်မှ ဒီဇင်ဘာအထိ တစ်လလျှင် ပြိုင်ပွဲနှစ်ပွဲစီကျင်းပရန် စီစဉ်ထားသော်လည်း ပရိသတ်မပါဘဲ ရုံပိတ်ကျင်းပမည်ဖြစ်ပြီး ရုပ်သံလိုင်းများမှသာ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ယခုလအတွင်း ကျင်းပမည့် ပြိုင်ပွဲနှစ်ပွဲအနက် သြဂုတ် ၂၇ ရက် ကျင်းပမည့် Battleground III ပြိုင်ပွဲ တွင် မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။

ONE Championship ပြိုင်ပွဲများကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း တိုက်ရိုက်ကြည့်ရှုခွင့်ရရှိထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် ရုပ်သံကြည့်ရှု မှုကိုသာ ဦးစားပေးနေရပြီး ONE Championship မှာလည်း ရုပ်သံထုတ်လွှင့်မှုများသာ ပြုလုပ်နေရခြင်းဖြစ်သည်။ ထို့ပြင် ဧပြီလက အမေရိကန်နိုင်ငံရှိ ပရိသတ်များအတွက် ရည် ရွယ်၍ ပြိုင်ပွဲလေးပွဲကျင်းပခဲ့ပြီး အမေရိကန် တွင် အားလပ်ချိန်ဖြစ်သည့် ဗုဒ္ဓဟူးနေ့ ညပိုင်း (မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက်ပိုင်း) တွင် ကျင်းပခဲ့သည်။

သြဂုတ် ၂၇ ရက် ကျင်းပမည့် Battleground III ပြိုင်ပွဲတွင် မြန်မာကစားသမား ထီရယ်လ်ထန်အနေဖြင့် တောင်ကိုရီးယား နိုင်ငံသား ဆောင်မင်ဂျောင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ်ထိုးသတ် ရခြင်းဖြစ်ပြီး ပထမပွဲကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင် ထိုးသတ်ခဲ့ရသည်။

ONE Championship က စီစဉ်သည့် MMA ပြိုင်ပွဲများကို ၂၀၁၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ကျင်းပခဲ့သည်။ သို့သော် MMA ပြိုင်ပွဲများ ကျင်းပနေသည့် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏကို အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသောကြောင့် ၂၀၁၉ ခုနှစ်မှစတင်ကာ မြန်မာပရိသတ်များ ကြည့်ရှုခွင့်မရတော့ ခြင်းဖြစ်သည်။ ယင်းအားကစားရုံပြင်ဆင်မှုမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအခြေ အနေကြောင့် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular