ဘုန်းမောက်အသင်းအား ပရီးမီးယားလိဂ် စံချိန်တင်ဂိုးရလဒ်ဖြင့် အနိုင်ရခြင်းမှာ ၎င်းတို့ကို အရှက်ခွဲခြင်းမဟုတ်ကြောင်း ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘုန်းမောက်အသင်းအား ပရီးမီးယားလိဂ် စံချိန်တင်ဂိုးရလဒ်ဖြင့် အနိုင်ရခြင်းမှာ ၎င်းတို့ကို အရှက်ခွဲခြင်းမဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၄)အဖြစ် စနေနေ့ ညပိုင်းက တန်းတက်ဘုန်းမောက်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၉-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းရလဒ်မှာ လီဗာပူးလ် အသင်းအတွက် အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ၌ စံချိန်တင်ဂိုးရလဒ်နှင့် ပြန်လည်တူညီသွားစေပြီး ၁၉၈၉ ခုနှစ်က ပဲလေ့စ်ကို (၉-ဝ)ဂိုး၊ ၁၈၉၆ ခုနှစ် က ရော့သာဟမ်ကို (၁၀-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်စံချိန်နှင့် တူညီသွားခြင်းဖြစ်သည်။

myan789

ထို့ပြင် ယခုပွဲရလဒ်မှာ ပရီးမီးယားလိဂ်အမည်ဖြင့်ကျင်းပပြီးနောက်ပိုင်း ဂိုးအပြတ်ဆုံး စံချိန်တင်ရလဒ်များဖြစ်သည့် မန်ယူ (၉-ဝ) ဆောက်သမ်တန် (ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၁)၊ ဆောက်သမ်တန် (ဝ-၉) လက်စတာ (အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၉)၊ မန်ယူ (၉-ဝ) အစ်ဝစ်ချ် (မတ် ၄ ရက်၊ ၁၉၉၅) ရလဒ်များနှင့်လည်း တူညီသွားပြီဖြစ်သည်။

သို့သော် ယာဂန်ကလော့ပ်က ယခုပွဲရလဒ်မှာ ပြိုင်ဘက်အသင်းအား အရှက်ခွဲလိုခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အံ့အားသင့် စရာကောင်းတဲ့ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ ပွဲကိုထိန်းချုပ်ထားနိုင်ပြီး ဂိုးတွေလည်း ဆက်သွင်းနိုင်ခဲ့တယ်။ ဒီဟာကို ဆက်ပြီးထိန်းထားရမှာပါ။ ဒါက ဘုန်းမောက်ကို အရှက်ခွဲတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး သူတို့ကို လေးစားမှုထားပေးလို့တောင် မရပါဘူး။ ဒါက ပြိုင်ဘက်ကို ဖိအားတွေအောက်ရောက်အောင် ပို့လိုက်တာမျိုးပါပဲ။ ကျွန်တော့်ချာတိတ်တွေက ဒီရလဒ်နဲ့ အရမ်းထိုက်တန်ပါတယ်။ ဟာဗေး (အဲလိယတ်) က အရမ်းထူးခြားတဲ့ ကစားသမားဖြစ်ပြီး အံ့အားသင့်စရာဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။ အရာအားလုံးက တော်တော်လေးပြီးပြည့်စုံပြီး လှပနေပါတယ်” ဟု ကလော့ပ်က ဆိုသည်။

ယင်းပွဲတွင် လီဗာပူးလ်အသင်းအတွက် ဘရာဇီးလ်တိုက်စစ်ကစားသမား ဖေမီနို ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမပိုင်း ၃၁ မိနစ်တွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို လူးဝစ်ဒီယက်ဇ် (သုံးမိနစ်)၊ အဲလိယတ် (ခြောက်မိနစ်)၊ အာနိုးလ်(၂၈ မိနစ်) တို့သွင်းယူသည့် သုံးဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းမှာပင် ဂိုးပါဝင်မှု လေးဂိုးရှိသည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပထမပိုင်းမပြီးခင် ၄၅ မိနစ်တွင် ဗန်ဒိုက်၊ ဒုတိယပိုင်းအစ ၄၆ မိနစ်တွင် ဘုန်းမောက်နောက်ခံလူ မက်ဟမ် (OG)၊ ၆၂ မိနစ်တွင် ဖေမီနို၊ မိနစ် ၈၀ တွင် ဖာဘီယိုကာဗယ်လ်ဟိုနှင့် ၈၅ မိနစ်တွင် လူးဝစ်ဒီယက်ဇ်တို့က ဂိုးများထပ်မံသွင်းယူသဖြင့် လီဗာပူးလ်အသင်းကိုးဂိုးပြတ် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုပွဲရလဒ်မှာ ယာဂန်ကလော့ပ်အတွက်လည်း နည်းပြသက်တမ်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီအစ သုံးပွဲအပြီးတွင် ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့် သရေ၊ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း စံချိန်တင်ရလဒ်နှင့်အတူ ဘုန်းမောက်ကို အနိုင်ရကာ နိုင်ပွဲစတင်ရရှိခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဗုဒ္ဓဟူးနေ့တွင် နယူးကာဆယ်နှင့် အိမ်ကွင်းပွဲ ထပ်မံကစားရမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular