ပရီးမီးယားလိဂ်ပွဲစဉ်(၅)တွင် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်အား ကိုင်တွယ်ခဲ့သည့် နာမည်ကျော်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက မိမိအနေဖြင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့သော အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်အား အရေးယူခဲ့သင့်သည်ဟု Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
ယင်းပွဲစဉ်၏ပွဲချိန်(၆)မိနစ်တွင် ဗန်ဒိုက်သည် အဲဗာတန်အသင်းဘက်သို့ ဂိုးသွင်းယူရန်ကြိုးစားရာ ပစ်ဖို့ဒ်၏ ပြင်းထန်သည့်ဖျက်ထုတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်အား ပယ်နယ်တီအနေအထားအဖြစ် VAR က ပြန်လည်ကြည့်ရှုခဲ့ရာ ဗန်ဒိုက် လူကျွံနေခဲ့သဖြင့် ပယ်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ခြင်းမရှိဘဲ ပစ်ဖို့ဒ်ကိုလည်း အရေးယူခြင်း မရှိခဲ့ပေ။
ပစ်ဖို့ဒ်၏ ဖျက်ထုတ်မှုကြောင့် ဗန်ဒိုက်သည် ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်အထိ အနားယူနေရသည်။
ယင်းပွဲအား ကိုင်တွယ်ခဲ့သည့် အိုလီဗာက ”ဒီပွဲက ပွဲကြီးတစ်ပွဲပါ။ စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ပစ်ဖို့ဒ်က ဗန်ဒိုက်ကို ပိုင်းခဲ့ပါတယ်။ ပြီးတော့ VAR စစ်တယ်။ ကျွန်တော် VAR ကို လူမကျွံရင် ငါ ပယ်နယ်တီပေးလိုက်တော့မယ်လို့ ပြောခဲ့တယ်ထင်တယ်။ ပစ်ဖို့ဒ်က အနာတရဖြစ်စေလိုတဲ့ ရည်ရွယ်ချက်မရှိပေမဲ့ သူ ဖျက်ထုတ်တဲ့ နည်း မှားခဲ့တယ်။ လူကျွံဘောပေးထားရင်တောင် ပစ်ဖို့ဒ်ကို အနီကတ်ပြလို့ရပါတယ်။ လူကျွံဘောပေးပြီးတော့ ပစ်ဖို့ဒ်ကို ခြားနားတဲ့ အရေးယူမှုသက်သက် ပြုလုပ်ခဲ့ သင့်ပါတယ်”ဟု ပြောကြားခဲ့သည်။