ပြီးခဲ့တဲ့ ဘောလုံးရာသီက အပျော်တမ်း လိဂ်မှာ ကစားခဲ့ရပေမယ့် ၊ လက်ရှိ အချိန်မှာ လီဗာပူး အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေကိုတောင် ပါဝင်ကစားပေးနေပြီ ဖြစ်တဲ့ ရီးစ် ဝီလီယံ

ရီးစ် ဝီလီယံ ဟာ အခုမှ အသက် 19 နှစ် အရွယ်သာ ရှိသေးပေမယ့် ၊ လီဗာပူး ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် 2 ပွဲ စလုံးကို ပါဝင် ကစားခွင့် ရရှိထားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က အေဂျက် နဲ့ ကစားခဲ့ဲတဲ့ ပွဲစဉ်မှာ ပထမဆုံး ချန်ပီယံလိဂ် ကစားခွင့် ရရှိခဲ့ပြီး ၊ မစ်ဂျေလန်း နဲ့ ပွဲစဉ်မှာတော့ ဖာဘင်ဟို ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ၊ အဲဒီနေရာကို ဝင်ရောက် ကစားပေးရင်း ၊ လီဗာပူး ရဲ့ ဒဏ်ရာပြသနာတွေကို ဖြေရှင်းပေးမယ့် လူငယ် ခံစစ်မှုးလေး တစ်ယောက် ဆိုပြီး စောင့်ကြည့် ခံနေရပြီ ဖြစ်ပါတယ်။

လီဗာပူး ယူ 23 အသင်း မန်နေဂျာ လူတက် ကတော့ သူ့ ရဲ့ ကစားသမား တစ်ယောက် အခုလို အခွင့်အရေးတွေ ရရှိလာတာဟာ “ မိုးကျရွှေကိုယ်” ဖြစ်လာတာ မဟုတ်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။

myan789

“ ရီးစ်က ကျနော်တို့ လူငယ် အသင်းအတွက် ကစားပေးဖို့လဲ အမြဲတမ်း အဆင်သင့် ဖြစ်နေတဲ့ ချာတိတ်လေးပါ။ သူ့မှာ ဟိုတစ်နေ့ည ကပဲ ချန်ပီယံလိဂ် ကစားထားရတယ် ၊ အခု ယူ 23 မှာ ပြန်ကစားရပြီလား ဆိုတဲ့ ငြိုငြင်တာမျိုး လုံး၀ မရှိပါဘူး”

“သူက လူတော်လေး တစ်ယောက်ဗျ။ ကျနော်တို့ ဒီရာသီ အဖွင့်ပွဲစဉ် ကစားတုန်းက ဆိုရင် ကာတစ် ဂျုံးဟာ ကွင်းဘေး ကနေ ကြည့်ပြီး အားပေးခဲ့တာလေ။ နီကိုး ဝီလီယံ နဲ့ ရီးစ် ဝီလီယံ တို့ကလဲ အတူတူပါပဲ။ ဒါဟာ အသင်းက ဖန်တီးထားတဲ့ အစဉ်အလာတွေ ၊ ပတ်ဝန်းကျင်တွေ နဲ့ ဆိုင်မယ် ထင်ပါတယ်။ ကျနော်တို့ ကလဲ သူတို့ကို ဘောလုံး ကစာသမားကောင်းလေးတွေ ဖြစ်လာစေချင်ရုံမျှ မကပဲ ၊ လူတော်တွေပါ ဖြစ်စေချင်တာပါ။

ကျနော်တို့ ကလေးတွေထဲမှာ ဘယ်သူကမှ ဘဝင်မြင့်နေတဲ့သူ မရှိပါဘူး။ ရီးစ် ဆိုရင် အပျော်တမ်း လိဂ်မှာ ကစားခဲ့ရာကနေ ၊ အမ်စတာဒမ် လို နေရာမှာမျိုး မှာ ချန်ပီယံလိဂ် ကစားခွင့် ရလိုက်တာ ဆိုတော့ ၊ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ အပြောင်းအလဲကြီး တစ်ခုပါပဲဗျာ” လို့ မှတ်ချက် ပေးထားပါတယ်။

လီဗာပူး ဟာ ပုံမှန် အားဖြင့်တော့ သူတို့ရဲ့ လူငယ် ကစားသမားလေးတွေကို အပျော်တမ်း ကလပ်တွေဆီ အငှားချပေးတာမျိုးတွေ လုပ်လေ့ မရှိပါဘူး။ သို့သော် ရီးစ် ဝီလီယံ ကိုတော့ Comfort Zone ကနေ ရုန်းထွက်ပြီး ၊ ရုပ်ပိုင်းဆိုင်ရာ ပိုပြီး အားပြုကစားနိုင်အောင် ရည်ရွယ်ချက် နဲ့ အပျော်တမ်း ကလပ်လေးဆီ အငှားချခဲ့တာ ဖြစ်ပါတယ်။

ရီးစ် ဝီလီယံ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က National League North ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ အပျော်တမ်း ကလပ် ကစ်ဒါမင်စတာ အသင်းဆီကို အငှားစေလွှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီမှာ လေ့ကျင့်ရေးကွင်း ပုံစံ ကအစ ၊ နေထိုင် စားသောက်ပုံအဆုံး ပတ်ဝန်းကျင် တစ်ခုလုံးဟာ လီဗာပူး နဲ့ လုံးဝကို မတူခဲ့ပါဘူး။

ကလပ်အသင်းက နံနက်စာ မကျွေးနိုင်သလို ၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေလဲ အပြည့်အ၀ ပေးထားနိုင်ခြင်း မရှိပါဘူး။ အဆိုးဆုံးကတော့ အဲဒီ ကလပ်မှာ ကစားရဖို့ အတွက် သူဟာ အခြား အသင်းဖော်တွေ နဲ့ အတူ အဆောင်တစ်ခုက အခန်းတစ်ခန်းထဲမှာ စုပြုံနေရင်း ၊ ကစားသမားဘ၀ ကို ဖြတ်သန်းခဲ့ ရပါတယ်။

အဲဒီ အခြေအတွေကပဲ သူ့ကို ဘ၀ ရဲ့ အခြေခံ အကြောင်းတွေ နားလည်အောင် သင်ပေးလိုက်တာ ဖြစ်ပြီး ၊ အပျော်တမ်းလိဂ် မှာ ကစားကြတဲ့ ပုံစံတွေဟာ ကြမ်းတမ်း ခက်ထန်လို့ ပုခုံးချင်း ယှဉ် ကစားနိုင်ဖို့ မနည်းကြိုးစားခဲ့ရပါတယ်။

ကစ်ဒါမင်စတာ အသင်း မန်နေဂျာ ရဲ့ ပြောပြချက် အရ ဝီလီယံ ဟာ ကနဦး ပါဝင် ကစားခဲ့တဲ့ 4 ပွဲမှာ ၊ အသင်းအတွက် ထိခိုက်စေနိုင်လောက်တဲ့ အမှားမျိုးကို 3 ကြိမ် အထိ လုပ်မိခဲ့တယ်လို့ သိရပြီး ၊ နောက်ပိုင်းမှသာ တည်တည်ငြိမ်ငြိမ် နဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ လီဗာပူး အသင်းကို ယူ-10 အရွယ် မှာ ကတည်းက ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ သက်တမ်း အလိုက် ပြိုင်ပွဲတွေမှာပါ ပါဝင် ကစားခွင့် ရရှိခဲ့သူပါ။

ဒီရာသီ ကလော့ပ် ရဲ့ မူလ က အစီအစဉ်ထဲမှာ ဝီလီယံ ထက် ပိုပြီး နေရာယူနိုင်ခဲ့သူက ပြင်သစ် လူငယ် ခံစစ်မှုးလေး ကူမီတီယို ပါ။ ကလော့ပ်ဟာ ရာသီ အကြို ခြေစမ်းပွဲစဉ်တွေ မှာ ကတည်းက ကူမီတီယို ကို စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

သို့သော် တကယ့် ပြိုင်ပွဲတွေ ကစားချိန်မှာတော့ ရီးစ် ဝီလီယံ ရဲ့ စွမ်းဆောင်ရည်က ပိုပြီးတည်ငြိမ်ခဲ့ပြီး ၊ ကာရာဘောင် ဖလားပွဲစဉ်တွေ အပြီးမှာ ကတည်းက လီဗာပူး ဖန်တွေက သူ့ရဲ့ စွမ်းဆောင်ရည်တွေကို သတိထားမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ သူဟာ တစ်ရာသီလုံး အနားယူရတော့မယ့် ဗန်ဒိုက် ရဲ့ နေရာ အစားထိုးဖို့ အတွက်တောင် လျာထားခံရနေပြီ ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတာက ဗန်ဒိုက် နေရာကို ဝင်ရောက် ကစားပေးနေတဲ့ ဖာဘင်ဟို ဟာ တံကောက်ကြော ဒဏ်ရာ ရရှိသွားတာကြောင့် ၊ လက်ရှိ စီနီယာ အသင်းကြီးမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ခံစစ်မှုးဆိုလို့ ဂိုးမက် တစ်ဦးတည်းသာ ရှိနေပါတယ်။

ဒါကြောင့် ရီးစ်ဝီလီယာဟာ ရှေ့လာမယ့် လီဗာပူး ရဲ့ ပွဲစဉ်တွေမှာ ကစားခွင့်တွေ ဆက်ပြီး ရရှိသွားဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

လီဗာပူး ဖန် တစ်ချို့ ကတော့ သူ့ရဲ့ အမြင့်ဘော အားသာမှု နဲ့ ကစားဟန်တွေဟာ ဗန်ဒိုက် လက်သစ် တစ်ယောက်ကို မြင်တွေ့ရသလိုပဲလို့တောင် ချီးကျူးလျှက် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular