ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ပွဲဆက် ရှုံးပွဲ မရှိနေခြင်း အပေါ် ထင်မြင်ချက် ပေးလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တပွဲမှာ ပြင်သစ် လီဂူးဝမ်း ကလပ် ရန်းနက်စ် အသင်း ကို ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ နောက်ကျ သွင်းဂိုး နဲ့ အတူ ၁ – ၂ နဲ့ အနိုင်ရခဲ့ကာ ၊ ၁၆ သင်း အဆင့် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

လောလောဆယ် မှာ ချဲလ်ဆီး အသင်း ဟာ အမြင့် ပျံသန်းနေပြီး ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲ မရှိထားသလို ၊ နောက်ဆုံး ၆ပွဲဆက် ကိုလည်း အနိုင်ရလဒ်ချည်း စွမ်းဆောင် ထားခဲ့ပါတယ် ။ ပြည်တွင်းလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေလို့ အခြေအနေ ကောင်းတယ် လို့ ဆိုနိုင်ပါတယ် ။

myan789

လာမယ့် တနင်္ဂနွေမှာ ကစားမယ့် တော့တင်ဟမ် နဲ့ လန်ဒန်ဒါဘီ ပွဲက စပြီး ၊ လာမယ့် ဒီဇင်ဘာ တလျှောက် ကစားမယ့် ပွဲအားလုံး ဟာ ချဲလ်ဆီး အသင်း ရဲ့ ဒီရာသီ အောင်မြင်မှု ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာ အနည်း နဲ့ အများ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ရလဒ်တွေ တောက်လျှောက် ကောင်းနေခြင်း အပေါ် ကျေနပ် အားရမှု ရှိပေမယ့် ၊ အခုလို တဟုန်ထိုး တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေ အတွက် သူတို့ဟာ အချိန်တို အတွင်းမှာ ဘယ်လို ကြိုးစားခဲ့ကြရတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လမ်းပတ် က ” ကျွန်တော် တို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားလို့ပဲ ရပါတယ် ။ ခင်ဗျား ဟာ တဦးချင်း စွမ်းဆောင်ရည် ၊ အသင်းလိုက် စွမ်းဆောင်ရည်တွေ အတွက် အာရုံစိုက်ရင်း ၊ တဖက်က မျက်နှာသစ် တွေကိုလည်း ဒီမှာ အမြန် အထိုင်ကျအောင် လုပ်ပေးရပါတယ် ။ ”

” ဒါတွေကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ စဉ်ဆက်မပြတ် လုပ်ဆောင်ရပြီး ပြင်ဆင်မှု များစွာ လုပ်ခဲ့ရပါတယ် ။ ဒါဆိုရင် ခင်ဗျားတို့ ကြိုးစား အားထုတ်မှု နဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေ ၊ စွမ်းဆောင်ရည်ကောင်းတွေ ရလာပါလိမ့်မယ် ။ ကျွန်တော် တို့ဟာ ဒီရာသီ အစောပိုင်း ကာလ အတွင်းမှာ တဟုန်ထိုး တိုးတက်လာတယ် လို့ ထင်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီက မတွေ့ခဲ့ရတဲ့ ၊ တိုက်စစ် နဲ့ ခံစစ် မျှမျှတတ ကစားနိုင်တာမျိုး ၊ ရှုထောင့် ၂မျိုးလုံးက တင်းပြည့်ကျပ်ပြည့် ပေးဆပ်နိုင်တာမျိုး ကို ဒီရာသီ မှာ တွေ့ထားနေရပါပြီ ။ မနှစ်က ကျွန်တော် တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ပွဲတချို့ ကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ၊ အနိုင်မရခဲ့တဲ့ အခိုက်အတန့်မျိုး ရှိခဲ့ပါတယ် ။ ”

” ဒါ့အပြင် ကိုယ့်ဖက်က အခွင့်အရေး များများ ဖန်တီးပြီး အဆုံးသတ်အား နည်းသလောက် ၊ ခံစစ် ကလည်း ပေါ့ပျက်ပျက် နဲ့ ဂိုးတွေ လွယ်လွယ် ခွင့်ပြုခဲ့ရပါတယ် ။ အခုတော့ ကျွန်တော် တို့မှာ အဆုံးသတ်ပိုင်း မှာ ရဲရင့် လာသလို ၊ ခံစစ် ကလည်း Clean Sheet ရဖို့ ခံယူချက် ကို ပွဲတိုင်း ပြသနိုင်ခဲ့ပါတယ် ။ ”

” Clean Sheet ပွဲတိုင်း ရဖို့ ဆိုတာ က မဖြစ်နိုင်ဘူး ဆိုတာ ဒီနေ့ည ပွဲက သက်သေပြခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ခံစစ် ကစားပုံ ကောင်းခဲ့ပြီး ၊ တိုက်စစ် ကလည်း လိုအပ်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ရှေ့ဆက် အများကြီး ကြိုးစားဖို့တော့ လိုနေပါသေးတယ် ။ ”

” ကျွန်တော် တို့ဟာ ပြီးဆုံးသွားတဲ့ ထုတ်ကုန်တွေ မဟုတ်သေးဘူး ဆိုတာ သေချာနေပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ခေါ်ယူခဲ့တဲ့ ကစားသမား အရေအတွက် နဲ့ မျှော်မှန်းချက် က အချိန်တို အတွင်း ထပ်တူကျဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ ။ ဒါဟာ ကျွန်တော်တို့ အချိန်တိုင်း ကြိုးစားရမယ် ဆိုတဲ့ အကြောင်းအရင်း တရပ် ဖြစ်ပါတယ် ။ ဒါကို ကျွန်တော်တို့ ရှေ့ဆက် လုပ်ဆောင်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ရန်းနက်စ် နဲ့ ပွဲမှာ ပွဲပြီးခါနီး ၅မိနစ် အလိုမှာမှ ချေပဂိုး ပေးခဲ့ရပေမယ့် ၊ နောက်ဆုံး မိနစ် အထိ တိုက်ပွဲဝင်ကာ ၊ အနိုင် ၃မှတ် ယူသွားနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်း နဲ့ ပတ်သက်ပြီး အခုလိုပဲ အားရ ကျေနပ်ဖွယ် မှတ်ချက်မျိုး ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ဒါဟာ ကျွန်တော်တို့ ဘာလုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို များစွာ ထောက်ပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါဟာ ဒီနေ့ပွဲမှာ ကျွန်တော့ ကို ပျော်ရွှင်စေခဲ့တဲ့ ကောင်းကွက်တွေထဲက တခုပါပဲ ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့သလို ၊ အသင်းသားတွေဟာ ခက်ခဲတဲ့ အခိုက်အတန့် တွေမှာ စိတ်ဓာတ် ကြံ့ခိုင်ကြောင်း ကို ပြခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲမှာ ထောင့်ကန်ဘောတွေ အများအပြား ခွင့်ပြုခဲ့ရပြီး ၊ ပြိုင်ဖက် အသင်း ဟာ ကျွန်တော် တို့ကို ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာ မှန်ပေမယ့် ၊ လူကောင်ကြီးတဲ့ ကစားသမား အများအပြား ရှိတဲ့ ပြိုင်ဖက် အသင်း တသင်း ကို ကျွန်တော် တို့ဟာ ပွဲချိန် အများစု မှာ အဆင့်ဆင့် ခုခံ ကစားပြနိုင်ခဲ့ပါတယ် ။ ”

” ချေပဂိုး ခွင့်ပြုခဲ့ရပြီးနောက် အသင်းသား တွေရဲ့ တုန့်ပြန်မှုတွေဟာ ဝေဖန်သူတွေရဲ့ ပါးစပ် ကို အလွယ်တကူပဲ ပြန်ပိတ်နိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲ ကနေ သရေ တမှတ် ရလိုက်ရင်တောင် မဆိုးလှဘူး ဆိုပေမယ့် ကစားသမား တွေကတော့ သူတို့ဟာ အသင်းလိုက် စုစည်းမှုအား ကောင်းကောင်း နဲ့ နိုင်ပွဲ အတွက် အမြဲ ဆာလောင်နေတယ် ဆိုတာ ကို ပြသသွားခဲ့ပါတယ် ။ ”

” လူစားဝင်လာတဲ့ ကစားသမား တွေကို ကြည့်ရင် ၊ အိုလီ ဟာ အနိုင်ဂိုး သွင်းခဲ့ပြီး ၊ ဟာကင် ဇီယက်ချ် ကလည်း အံ့သြဖွယ်ပါပဲ ။ ကိုင် နဲ့ အန်ဂိုလို တို့ဟာလည်း ထိုနည်း၎င်းပါပဲ ။ ဒီ ကစားသမား တွေထဲက တချို့ က ပုံမှန် ကစားခွင့် မရတဲ့သူတွေ ဖြစ်ပြီး ၊ တချို့ က လာမယ့် ပွဲစဉ်တွေ အတွက် အနားပေးထားရတဲ့ ကစားသမားတွေပါ ။ ”

” ဒါပေမယ့် အသင်းလိုက် ကစားပုံ ကောင်းဖို့ ၊ နိုင်ပွဲ ရှာဖွေဖို့ ကြိုးစားတဲ့ နေရာမှာတော့ ကစားသမား အားလုံး ဟာ တစုတစည်းတည်း ရှိနေတာကို ပြသသွားခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular