ပရီးမီးယားလိဂ် ဖလား မျှော်မှန်းနေတဲ့ ချဲလ်ဆီး ပရိသတ်တွေဖက်က အမှားမရှိပေမယ့် ၊ စိန်ခေါ်မှုတွေ တသီတတန်းကြီး ကျန်သေးတယ် လို့ သတိပေးလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် နဲ့ ပွဲမှာ ပွဲအစ ၅မိနစ် အတွင်း ပေးခဲ့ရတဲ့ ပတ်ထရစ် ဘန်းဖို့ဒ် ရဲ့ အဖွင့်ဂိုးကြောင့် အနောက်ကနေ ပြန်လိုက် ကစားခဲ့ရပေမယ့် ၊ အိုလီဗီယာ ဂျရူး ၊ ကတ်ဇူးမား ၊ ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ – ၁ နဲ့ အနိုင်ရကာ ၊ အမှတ်ပေးဇယားထိပ်သို့ ယာယီ တက်လှမ်းလာနိုင်ခဲ့ပါတယ် ။

ယနေ့ညမှာ တော့တင်ဟမ် ၊ လီဗာပူး တို့ နိုင်ပွဲ အသီးသီး ရှာဖွေနိုင်ခဲ့လို့ ၊ ဇယားထိပ်က ပြန်ဖယ်ပေးရမယ် ဆိုရင်တောင် ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အနီးကပ် ဖိအားပေးနိုင်တဲ့ အသင်း တသင်း အဖြစ် မဖြစ်မနေ သတ်မှတ်ရပါမယ် ။

myan789

ဒီဇင်ဘာ ပွဲကြပ် ကာလထဲကို ဝင်လာပြီ ဖြစ်လို့ ၊ ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အတွက် ချန်ပီယံလောင်း အသင်းတွေ အခုအချိန် က စပြီး ၊ ခြေမချော်လို့ အထူး လိုအပ်နေပါပြီ ။ လောလောဆယ် ချဲလ်ဆီး အသင်း မှာ အခြား ချန်ပီယံလောင်း အသင်းတွေထက် တပန်း သာနေတဲ့ အချက် က အရန် အင်အား တောင့်တင်းနေခြင်းပါပဲ ။

သို့ပေမယ့် ရာသီဝက် ကျိုးတဲ့ အထိ လက်ရှိ ပုံစံကောင်း ကို ဆက်ထိန်းပြမှာလား ဆိုတာ ချဲလ်ဆီး အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တရပ် အဖြစ် ရှိနေပါတယ် ။ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ ချဲလ်ဆီး ပရိသတ်တွေဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို မျှော်မှန်းနေကြတာ ပြဿနာ မရှိပေမယ့် ၊ ရှေ့မှာ စိန်ခေါ်မှုတွေက တသီတတန်းကြီး ရှိသေးတယ် လို့ သတိပေး စကားဆိုခဲ့ပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ” ကျွန်တော်တို့ အသင်း ရဲ့ ပရိသတ်တွေ ပရီးမီးယားလိဂ် ဖလား မျှော်မှန်းနေကြတာနဲ့ ပတ်သက်ပြီး ဘာမှ မှားယွင်းနေတာမျိုး မရှိပါဘူး ။ သူတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်း ပြန်မြင်ရတာ ဝမ်းသာစရာပါ ။ ဇယားထိပ် ခဏတာ ဖြစ်ဖြစ် တက်လာလို့ သူတို့ အရမ်း စိတ်လှုပ်ရှားနေကြတာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ရမှာပါ ။ ”

” ဒီနေ့ပွဲကို လာရောက် အားပေးတဲ့ ပရိသတ် ၂၀၀၀ က အများကြီး ပိုများနေတယ် လို့တောင် ခံစားရပါတယ် ။ ဒါပေမယ့် ဒီရာသီ ပြီးဆုံးဖို့ အဝေးကြီး ကျန်သေးတယ် ဆိုတာ သိထားဖို့က ကျွန်တော့ အလုပ်ပါ ။ လောလောဆယ် မှာ ချန်ပီယံဆု အကြောင်း မစဉ်းစားသေးတာ ကျွန်တော့ အတွက် ပိုကောင်းမယ် ထင်ပါတယ် ။ ဒါဟာ ဒီဇင်ဘာပဲ ရှိပါသေးတယ် ။ ”

” သေချာတာ ကတော့ ကျွန်တော် တို့ဟာ တိုးတက်မှု ရှိနေပါတယ် ။ ဒါဟာ ဘောလုံး ရာသီ တခု ရဲ့ အစောပိုင်း ကာလပဲ ရှိသေးတယ် လို့ ပြောရင် ၊ ဆင်ခြေပေးတယ် လို့ ထင်ကြဖို့ များပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ မျက်နှာသစ်တွေ ၊ လူငယ်တွေနဲ့ ချိတ်ဆက် အလုပ်လုပ်ရတဲ့အခါ ၊ အထိုင်ကျဖို့ အတွက် အချိန်ယူရပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ဟာ ကျွန်တော်တို့ အတွက် အမြင့် ပျံသန်းဖို့ နှစ်တနှစ် ဖြစ်လာမလား ဆိုတာ ကျွန်တော်လည်း မပြောနိုင်ပါဘူး ။ သေချာတာတော့ ဒီရာသီ ဟာ အရှည်ကြီး ကျန်သေးသလို ၊ ပုံစံကောင်း ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ နောက်ထပ် စိန်ခေါ်မှု တရပ်ပါ ။ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရွေ့လျားနေပါတယ် ။ ”

” လတ်တလော စွမ်းဆောင်ရည် အပေါ် ကျွန်တော် တကယ်ပဲ ကျေနပ်ရပါတယ် ။ ဒါတွေဟာ ပြင်းပြင်းထန်ထန် ကြိုးစားခြင်း ရဲ့ ရလဒ်တွေပါ ။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ သေသေချာချာ ပြင်ဆင်ကြပါတယ် ။ အသင်းသားသစ်တွေကလည်း တဖြည်းဖြည်း နဲ့ အထိုင်ကျလာပါပြီ ။ ”

” လူတွေဟာ ကျွန်တော်တို့ ဆောက်သမ်တန် နဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ အခိုက်အတန့် အပေါ် အမြဲ မေးခွန်းထုတ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ဒီလို အရှုပ်အထွေး တွေကနေ ရုန်းထဖို့ ဆိုတာ ကျွန်တော်တို့ အလုပ် ဖြစ်ပါတယ် ။ အပြင် က ဘေးစကားတွေကို နားမယောင်ပဲ ၊ ကိုယ့်အလုပ် နဲ့ ပွဲအကြောင်းပဲ အာရုံစိုက်ဖို့ လိုပါတယ် ။ ”

” လောလောဆယ် မှာ အသင်းလိုက် စိတ်ဓာတ်ပိုင်း က အတက်ဖက်ကို ရောက်နေပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း လီဗာပူး ၊ မန်စီးတီး တို့ ပရီးမီးယားလိဂ် ဖလား ကို အဓိက စိန်ခေါ်နေနိုင်ခြင်း ဟာ တရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ အခုအခါမှ ဟိုတကွက် ၊ ဒီတကွက် စွမ်းဆောင်နိုင်သေးတဲ့ အနေအထားမှာပဲ ရှိပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular