ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ပြောကြား

လီဗာပူးလ်အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လက်ရှိအချိန်တွင် ဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ရမှတ်ကွာဟမှုမှာ ၁၁ မှတ်အထိရှိနေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်းနှင့် မည်သည့်အရာအတွက်မဆို အဆုံးထိ လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယား လိဂ်ပွဲစဉ် ၂၂ အဖြစ် တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

myan789

လီဗာပူးလ်အသင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း မာနေ နှင့် ဆာလာ နှစ်ဦးစလုံးမပါဝင်သည့် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးများကို ဖာဘင်ညို (၄၄ မိနစ်)၊ ချိန်ဘာလိန် (၆၉ မိနစ်) နှင့် မီနာမီနို (၇၇ မိနစ်) တို့က သွင်းယူပေးခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအား တစ်ပွဲလျော့၊ နှစ်မှတ်အသာဖြင့်ကျော်၍ ဒုတိယနေရာသို့ တက်ရောက်လာခဲ့သည်။

သို့သော် ဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းက ၂၂ ပွဲကစား၊ ၅၆ မှတ် ရရှိထားပြီး လီဗာပူးလ်အသင်းအား တစ်ပွဲပို၊ ၁၁ မှတ်အထိဖြတ်၍ ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။

လီဗာပူးလ်အသင်းအနေဖြင့် လက်ကျန်ပွဲ အနိုင်ရပါက ရမှတ်ကွာဟမှုကို ရှစ်မှတ်သို့ လျှော့ချနိုင်မည်ဖြစ်ပြီး လက်ကျန်ပွဲများတွင် မန်စီးတီးအသင်း အမှတ်လျော့ပါက အခွင့်အရေးယူနိုင်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်သည်။

ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ”ယုံကြည်နိုင်လောက်တဲ့ အရာရဲ့ပြင်ပက ဘယ်အရာကိုမှယုံကြည်ဖို့ ကျွန်တော်မပြောပါဘူး။ ပြီးတော့ ယုံကြည်ချင်တဲ့စိတ်ရှိတယ်ဆိုရင် ကျွန်တော်တို့ကို ယုံကြည်နိုင်ပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ရှိနေမယ်ဆိုရင် ခင်ဗျား ပျော်ရွှင်စွာ အတူတူစီးနင်းကြမှာဖြစ်ပြီး ကျွန်တော်တို့က ဘယ်အရာအတွက်မဆို အဆုံးထိလျှောက်လှမ်းမှာပါ။ ကျွန်တော်တို့ သွားနိုင်လောက်တဲ့နေရာအထိသွားဖို့ အဆင်သင့်ပါပဲ။ အခုအနေအထားက အမှတ်ပေးချန်ပီယံတိုက်ပွဲအတွက် ပြောဖို့ကောင်းတဲ့ အနေအထားတော့ မဟုတ်ဘူး။ ကျွန်တော်တို့လက်ထဲမှာ တစ်ပွဲကျန်နေသေးပေမဲ့ ရမှတ်ကွာဟမှုက ၁၁ မှတ်တောင် ဖြစ်နေပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီလိုအရာတွေက မလွယ်ကူတော့ပါဘူး။ ဒါပေမဲ့ ပုံမှန်ကမ္ဘာကြီးဆိုတာ ဘာမှထပ်မဖြစ်တဲ့ ကမ္ဘာကြီးပါ။ အခုကမ္ဘာကြီးမှာ ဘယ်အရာကများ ပုံမှန်ဖြစ်နေလို့လဲ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာဖြစ်ပြီး အဲဒီထက်လည်း တခြားဘာမှလုပ်စရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်လျှော့သွားမှာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

လီဗာပူးလ်အသင်း ဘယ်နောက်ခံလူ ရောဘတ်ဆန်ကလည်း ”မန်စီးတီးက ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ကျွန်တော်တို့က သူတို့နဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ အာရုံပိုစိုက်ဖို့တော့ လိုပါတယ်”ဟု ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် ပြောကြားသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular