ပင်နယ်တီ တာဝန် အတွက် ဂျော်ဂျင်ဟို နဲ့ ဆွေးနွေးဖြစ်ခဲ့ပုံ ကို ပြန်ပြောင်း ပြောပြလာတဲ့

ချဲလ်ဆီး အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညက ကစားခဲ့တဲ ရန်းနက်စ် အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲမှာ ပထမပိုင်း အတွင်း ရရှိခဲ့တဲ့ ပင်နယ်တီ အခွင့်အရေး ၂ကြိမ် ကနေ တဆင့် ၊ အသေသပ်ဆုံး အဆုံးသတ်တွေနဲ့ သွင်းဂိုး ၂ဂိုး သွင်းယူရနိုင်ခဲ့ပါတယ် ။

ပင်နယ်တီ တာဝန် ကို ဗာနာ မတိုင်ခင် ၊ ကွင်းလယ်လူ ဂျော်ဂျင်ဟို က အဓိက တာဝန်ယူခဲ့ပြီး ၊ ၎င်းရဲ့ ကစားသမား ဘဝ တလျှောက် ပင်နယ်တီ မှတ်တမ်း က အလွန် ကောင်းမွန်ခဲ့ကာ ၊ ၃ကြိမ်သာ လွဲချော်ခဲ့ပါတယ် ။ သို့ပေမယ့် ဒီရာသီ အတွင်း မှာ ၎င်းဟာ ပင်နယ်တီ ၂ကြိမ် လွဲချော်ထားပြီ ဖြစ်လို့ ၊ ချဲလ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ပင်နယ်တီ တာဝန် အတွက် အပြောင်းအလဲ တခုခု ကို လိုလားခဲ့ပါတယ် ။

myan789

ပြီးခဲ့တဲ့ အပတ် ကြားရက် က ကစားခဲ့တဲ့ ခရာစနိုဒါ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲတပွဲမှာလည်း ချဲလ်ဆီး တို့ ပင်နယ်တီ ၂ကြိမ် ကန်ခွင့် ရခဲ့ပြီး ၊ ပထမ တကြိမ်မှာ ဂျော်ဂျင်ဟို ရဲ့ ကန်ချက် တိုင်ထိထွက်ကာ ၊ လွဲချော်ခဲ့ပါတယ် ။ ဒုတိယ တကြိမ် ကိုတော့ တီမို ဗာနာ က တာဝန်ယူ အဆုံးသတ်ခဲ့ပါတယ် ။

ဒီတော့ နောက်ဆုံး ကစားခဲ့တဲ့ ရန်းနက်စ် နဲ့ ပွဲမှာ ဗာနာ ဟာ ပင်နယ်တီ ၂ကြိမ်လုံး ကို သူ ကိုယ်တိုင် ကန်သွင်း အဆုံးသတ်ကာ ၊ ချဲလ်ဆီး အသင်း ရဲ့ နံပါတ်တစ် ပင်နယ်တီ ကန်သွင်းသူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။ ပွဲအပြီးမှာ နည်းပြ ဖြစ်သူ လမ်းပတ် ကလည်း အခြေအနေ အားလုံး ဟာ ရှင်းလင်းနေပြီ ဖြစ်လို့ ၊ ဗာနာ ဟာ ပထမ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။

ပွဲအပြီး BT Sport နဲ့ အင်တာဗျူး မှာတော့ ဗာနာ က အခုလို ပင်နယ်တီ တာဝန် အတွက် နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် နဲ့ ယခင် ပင်တိုင် ပင်နယ်တီ ကန်သွင်းသူ ဂျော်ဂျင်ဟို တို့နဲ့ ဆွေးနွေး ဖြစ်ခဲ့ပုံ ကို ပြန်ပြောင်း ပြောပြခဲ့ကာ ၊ ဂျော်ဂျင်ဟို ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု ကိုလည်း အခုလိုပဲ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

ဗာနာ က ” ဒါဟာ ဒီတပတ် အတွက် ပြောစရာ ဖြစ်ခဲ့တဲ့ ခေါင်းစဉ် တရပ်တော့ မဟုတ်ပါဘူး ။ ဒီနေ့ပွဲ မတိုင်ခင် ကတည်းက မန်နေဂျာ က ကျွန်တော့ ကို လာမယ့် ပွဲစဉ်တွေမှာ ပင်နယ်တီ ကန်စရာ တခုခု နဲ့ ကြုံလာခဲ့ရင် ကျွန်တော်ပဲ ကန်ရမယ် လို့ ကြိုပြောထားပြီးသားပါ ။ ”

” တပွဲတည်း ပင်နယ်တီ ၂ကြိမ်ဆက် ကန်ရတာ ဆိုတော့ နည်းနည်း ထူးဆန်းတယ်ပဲ ပြောရပါမယ် ။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး အဆုံးသတ်ခဲ့ပါတယ် ။ ဒါဟာ တိုက်စစ်မှူး တယောက် အတွက် ကောင်းပါတယ် ။ ”

” ဒီနေ့လို အဆုံးသတ်မျိုး ရှေ့ဆက် ပြသသွားနိုင်ဖို့ မျှော်လင့်ထားပြီး ၊ ရိုးရိုး သွင်းဂိုးပဲ ဖြစ်ဖြစ် ၊ ပင်နယ်တီ သွင်းဂိုးပဲ ဖြစ်ဖြစ် ကျွန်တော် ကြိုးစား အဆုံးသတ်သွားမှာပါ ။ တိုက်စစ်မှူး တယောက် အနေနဲ့ ဘောလုံး ရာသီ အကုန်မှာ သွင်းဂိုး ၂၀လောက် ရချင်တယ် ဆိုရင် ပင်နယ်တီ လည်း နည်းနည်းပါးပါး သွင်းနိုင်ဖို့ လိုပါတယ် ။ ”

” သွင်းဂိုးတွေဟာ တိုက်စစ်မှူး တွေကို နောက်ထပ် မြင့်မားတဲ့ အဆင့် တဆင့်ဆီကို သယ်ဆောင် ပေးပါတယ် ။ ပင်နယ်တီ တာဝန် အကြောင်း ဂျော်ဂျီ နဲ့ ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့လို့ ကျွန်တော် ပျော်ရွှင်နေပါတယ် ။ သူ့ဖက်က ပင်နယ်တီ တာဝန် အတွက် အေးအေးဆေးဆေးပါပဲ ။ ”

” ဒါဟာ ကျွန်တော်တို့ အသင်းသားတွေ တယောက် အပေါ် တယောက် နားလည်နိုင်တဲ့ အကြောင်း ၊ စည်းလုံးမှု ရှိတဲ့ အကြောင်း ပြသနေတာပါ ။ ကျွန်တော်တို့ အားလုံး ဟာ တူညီတဲ့ လမ်းကြောင်း တခုမှာ လျှောက်လှမ်းနေကြပြီး ၊ ဒီအတွက် အတူတကွ ကြိုးစား အားထုတ်နေကြပါတယ် ။ ဒါဟာ အရမ်း ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဗာနာ က ရန်းနက်စ် နဲ့ ပွဲအပေါ် ” ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့တယ် လို့ ထင်ပါတယ် ။ ပင်နယ်တီ ၂ကြိမ်လုံး ဟာလည်း မှန်ကန်တယ် လို့ ယူဆသလို ၊ ပြိုင်ဖက် အသင်း တယောက်လျော့သွားတာ က ကျွန်တော်တို့ အတွက် ကောင်းခဲ့ပါတယ် ။ ”

” ပွဲချိန် တော်တော်များများ မှာ ကျွန်တော်တို့ ပွဲကို ပိုမို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒီထက် ပိုများတဲ့ သွင်းဂိုး အရေအတွက်မျိုး ရကောင်း ရခဲ့သင့်တယ် လို့ ပြောရမှာ ဖြစ်ပေမယ့် ၊ အိမ်ကွင်း မှာ ဂိုးပြတ် နိုင်ပွဲ တပွဲ ကျွန်တော်တို့ ဖော်ဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါကိုပဲ ကျွန်တော်တို့ အလိုရှိကြတာပါ ။ ”

” ကျွန်တော် တို့ဟာ အုပ်စုဗိုလ် နေရာ နဲ့ နောက်တဆင့် တက်ဖို့ အလိုရှိကြပါတယ် ။ International break အပြီးမှာ ကစားမယ့် နောက်ထပ် ချန်ပီယံလိဂ် အုပ်စုပွဲ တပွဲကိုလည်း အနိုင်ကန်ဖို့ ကြိုးစားသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular