နောက်ထပ် အကယ်ဒမီ ကြယ်ပွင့် တဦးက လမ်းပတ် ကို ကယ်တင်လိုက်ပြန်တဲ့ ချဲလ်ဆီး ၃ – ၁ လူတန်တောင်း ပွဲမှာ ချဲလ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့ ညနေ အစောပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် တပွဲမှာ ချဲလ်ဆီး အသင်း ဟာ ချန်ပီယံရှစ် အလယ်အလတ် ကလပ် တသင်း ဖြစ်တဲ့ လူတန်တောင်း အသင်း ကို အကယ်ဒမီထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ရဲ့ ဟက်ထရစ် နဲ့ အတူ ၃ – ၁ ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ် ။ ထိုပွဲစဉ်မှ ချဲလ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည်များ ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ ( Rating – 6 )

myan789

၂ – ၀ နဲ့ ဦးဆောင်နေချိန် ၊ ပြိုင်ဖက် ရဲ့ ပထမဆုံး ဂိုးပေါက် တည့်မတ်မှု ဖြစ်ခဲ့တဲ့ ကန်ချက် ကို နမော်နမဲ့ နဲ့ ကာကွယ်ခဲ့ပါတယ် ။ ဒီ ချေပဂိုးကြောင့် ချဲလ်ဆီးတို့ အနည်းငယ် အကြပ်ရိုက်ခဲ့ရပါတယ် ။ နောက်ပိုင်း မှာ အရေးပါတဲ့ ကာကွယ်မှု ၂ကြိမ် အထိ စွမ်းဆောင်ခဲ့ကာ ၊ သရေ ဖြစ်မယ့် အနေအထား ကနေ ရှောင်လွှဲစေခဲ့ပါတယ် ။

နောက်တန်း – ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ကတ်ဇူးမား ၊ အီမာဆင် ( Rating – 6 )

အစွန် နောက်ခံလူ ၂ဦးလုံး ရဲ့ ပြည့်ပြည့်ဝဝ ကြိုးစား ကစားပုံ က ပြောစရာတော့ မရှိခဲ့ပေမယ့် ၊ ဗဟို ခံစစ်မှူး တွေနဲ့ ချိတ်ဆက်တဲ့ နေရာမှာ နားလည်မှု တချို့ လိုအပ်နေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် ရဲ့ တန်ပြန် တိုက်စစ် ထိုးဖောက်မှုတွေမှာ ချဲလ်ဆီး ခံစစ် မှာ နေရာလွတ် များစွာ မြင်တွေ့ခဲ့ရပါတယ် ။

ပေးခဲ့ရတဲ့ ချေပဂိုး မှာ နောက်ခံလူတွေရဲ့ အမှားထက် ဂိုးသမား ရဲ့ အာရုံစူးစိုက်မှု လျော့နည်းခြင်း က အဓိက ကျခဲ့ပါတယ် ။ သို့ပေမယ့်လည်း ကီပါ ကာကွယ်နိုင်ခဲ့တဲ့ အလုံးတွေမှာ နောက်ခံလူ တွေရဲ့ အာရုံစိုက်မှု က အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပါဘူး ။

ရိစ်ဂျိမ်းစ် ကတော့ ဒီပွဲမှာ ဖန်တီးမှု အကောင်းဆုံး ကစားသမား လို့ ဆိုနိုင်ပြီး ၊ ၎င်းရဲ့ ဖြတ်တင်ဘော တွေက အတော်လေး ထိရောက်မှု ရှိခဲ့ပါတယ် ။ တိုက်စစ် က အဆုံးသတ် သေချာခဲ့ရင် ၊ ၎င်းဟာ ဒီပွဲမှာ ဂိုးဖန်တီးမှု အရေအတွက် ၃ကြိမ်ထက် မနည်း ရရှိနိုင်ခဲ့မှာ သေချာပါတယ် ။

ဒုတိယ ဦးစားပေး ဘယ်နောက်ခံလူ အီမာဆင် ကတော့ ရိစ်ဂျိမ်းစ် လောက် တိုက်စစ် ကို မပံ့ပိုးပေးနိုင်ခဲ့ပေမယ့် ၊ ဘောလုံး တားယူတဲ့ နေရာ ၊ ခံစစ် ဆင်းကူတဲ့ နေရာတွေမှာ အတော်လေး ကြိုးစား အားထုတ်ခဲ့ပါတယ် ။ သို့ပေမယ့်လည်း ၎င်းရဲ့ တိုက်စစ် အလွန်အကျွံ တက်ကစားရာက တဆင့် ချဲလ်ဆီးတို့ ချေပဂိုး တဂိုး ပေးရဖို့ နီးစပ်ခဲ့ပါသေးတယ် ။

ကွင်းလယ် – ဘီလီ ဂီလ်မာ ၊ မေဆင်မောင့် ( Rating – 7 ) ၊ တီမို ဗာနာ ( Rating – 6 )

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဒီပွဲမှာ အများက ညွှန်းကြတဲ့ ၄ – ၂ – ၃ – ၁ ကစားကွက် ကို စတင် စမ်းသုံးကြည့်ခဲ့ပြီး ၊ ကွင်းလယ် အထိုင်မှာ ဂီလ်မာ နဲ့ မောင့် ကို တွဲထားပေးပြီး ၊ ဗာနာ ကို နံပါတ် ၁၀ ကွင်းလယ် တိုက်စစ် ကစားသမား ပုံစံမျိုး ၊ နောက်ချန် တိုက်စစ်မှူး ပုံစံမျိုး နဲ့ ကစားစေခဲ့ပါတယ် ။

ပွဲပြီးခါနီးမှာ ကိုယ်တိုင် ကြိုးစား အားထုတ်မှု မှတဆင့် ပင်နယ်တီ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ အဆုံးမသတ်နိုင်ခဲ့တဲ့ ဗာနာ ရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာ အမူအရာ ကို ကြည့်ရင် ဘယ်လောက်ထိ ယုံကြည်မှု ကျဆင်းနေလဲ ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ဗာနာ ဟာ တိုက်စစ် မှာ ဂိုးသွင်းဖို့ထက် ၊ အသင်းဖော် တွေကို ချိတ်ဆက် ပေးဖို့သာ အဓိက တာဝန်ယူခဲ့ပြီး ၊ ၎င်းအတွက် အပိုင် ဂိုးသွင်းခွင့် ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ် ။ အဖွင့်ဂိုး မှာ ၎င်းရဲ့ ပြေးအား ၊ လုပ်အား က အခရာကျခဲ့ပ့ါတယ် ။

ဂျော်ဂျင်ဟို နေရာမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဂီလ်မာ ကတော့ ပရိသတ်တွေ မြင်ချင်နေတဲ့ ငယ်မူငယ်သွေး အစစ်အမှန် ကို ထုတ်ပြနိုင်ခဲ့ပြီး ၊ တပွဲလုံး pressing style ထဲမှာ အံဝင်အောင် ကစားပြခဲ့ပါတယ် ။ ဒါ့အပြင် တွေဝေခြင်း ၊ တုန်လှုပ်ခြင်း လုံးဝ မရှိခဲ့ပဲ ၊ ဘောလုံး ပေးပို့မှု တွေကို အတိကျဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး အကြိမ် အဖြစ် အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ဆင်ခွင့် ရခဲ့တဲ့ မောင့် ဟာလည်း ဒီပွဲမှာ ဝတ်ကြေတန်းကြေထက် ပိုတဲ့ ပေးဆပ်မှုမျိုး နဲ့ ကစားခဲ့ပါတယ် ။ ၎င်းရဲ့ တိုက်စစ် ကစားသမားတွေ အတွက် အခွင့်အရေး ဖန်တီးမှု က လုံးဝ မလျော့ကျခဲ့ပါဘူး ။

တိုက်စစ် – ဟာကင် ဇီယက်ချ် ( Rating – 7 ) ၊ တမ်မီ အေဘရာဟမ် ( Rating – 9 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 )

ညာတောင်ပံ တလျှောက် ရိစ်ဂျိမ်းစ် နဲ့ အတွဲညီညီ ကစားနိုင်ခဲ့တဲ့ ဇီယက်ချ် ဟာ ဒီပွဲမှာ အသင်း ရဲ့ key player တယောက် ဖြစ်တယ် ဆိုတာကို ထပ်မံ သက်သေပြခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ် လိုပဲ ဖြတ်တင်ဘော တွေနဲ့ ပံ့ပိုးပေးခဲ့ပြီး ၊ တချို့သော ပေးပို့ပုံတွေက ကောင်းခဲ့ပေမယ့် ၊ အသင်းဖော်တွေ ပင်နယ်တီ ဧရိယာထဲ အဆင်သင့် မရှိနေခဲ့ကြပါဘူး ။

ဗာနာ လိုပဲ ဂိုးတအား လိုချင်နေတဲ့ ပူလီဆစ် ဟာ ဒီပွဲမှာ အပိုင် အခွင့်အရေး ၃ ၊ ၄ကြိမ် အထိ ရခဲ့ပေမယ့် ၊ ဂိုးတော့ မရခဲ့ပါဘူး ။ နေရာယူပုံတွေ ၊ ပင်နယ်တီ ဧရိယာထဲ အသင့် စောင့်နိုင်ပုံ တွေမှာ အထူး တိုးတက်လာပေမယ့် ၊ ၎င်းရဲ့ အပိုင်ကန်ချက် ၂ကြိမ်ကို ပြိုင်ဖက် ဂိုးသမား က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ တပတ် က အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်တဲ့ မေဆင်မောင့် ဟာ လမ်းပတ် ကို နည်းပြ ရာထူးမှာ ဆက်မြဲဖို့ ကယ်တင်ပေးခဲ့သလို ၊ ဒီတကြိမ်မှာလည်း နောက်ထပ် အကယ်ဒမီ ကြယ်ပွင့် တဦး ဖြစ်တဲ့ အေဘရာဟမ် က ဟက်ထရစ် နဲ့ လမ်းပတ် ကို ကယ်တင်ခဲ့ပြန်ပါတယ် ။

ဒါဟာ အေဘရာဟမ် အတွက် စတမ်းဖို့ဒ်ဘရစ်ချ် မှာ ရတဲ့ ပထမဆုံး ဟက်ထရစ် ဖြစ်ပါတယ် ။ အေဘရာဟမ် ဟာ ဒီ သွင်းဂိုး ၃ဂိုးထက် ပိုတဲ့ အရေအတွက်မျိုး ရခဲ့သင့်ပေမယ့် ၊ တပွဲလုံး ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည်ကို ကြည့်တဲ့အခါ ၊ ကွင်းလယ် အထိ ဘောလုံး ဆင်းယူပေးတာတွေ ၊ ခံစစ် ဆင်းကူပေးတာတွေနဲ့တင် Man of the Match ဆုနဲ့ ထိုက်တန်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ၊ အိုလီဗီယာ ဂျရူး ၊ မတ်တီယို ကိုဗာဆစ် ( N/A )

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular