ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဘယ်နှစ်သင်း ပြိုင်ဆိုင် သွားရမလဲဆိုတာ ပြောပြလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် ဘယ်အသင်းတွေနဲ့ အပြိုင် တိုက်ပွဲ ဝင်သွားရမလဲ ဆိုတာကို သူ့ရဲ့ အမြင်ကို ချပြ သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ဒီရာသီရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေ ထဲက တစ်ခုနဲ့ ရင်ဆိုင် နေရပြီး လာမည့် တနင်္ဂနွေနေ့မှာ အဓိက ဖလား ပြိုင်ဘက် မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပေမယ့်လည်း ယာဂန်ကလော့ရဲ့ အသင်းဟာ မနှစ်က တစ်ကောင်တည်း ပြေးတဲ့ မြင်းဖြစ်ခဲ့ပြီး ရာသီကုန်မှာ စီးတီးကို ၁၈ မှတ် ဖြတ်ကာ ဗိုလ်စွဲ သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီ မှာလည်း ပွဲစဉ် ၇ အပြီးမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ဦးဆောင်လျက် ရှိနေပြီး တစ်ပွဲလျော့ ကစားကာ အဆင့် ၁၀ နေရာ ရောက်ရှိနေတဲ့ မန်စီးတီးထက် ၅ မှတ် အသာ ရနေပါတယ်။

myan789

မန်စီးတီးနဲ့ လီဗာပူး တို့ဟာ ပြီးခဲ့တဲ့ ၃ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွှမ်းမိုး ထားခဲ့ကြကာ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ ရာသီမှာ ဒီနှစ်သင်းဟာ အခြား အသင်းတွေကို အပြတ်အသတ် ဖြတ်ကာ အမှတ်ပေးဇယားမှာ ရပ်တည် ခဲ့ကြတာကြောင့် ဒီရာသီ မှာလည်း ဒီလို ပုံစံပဲ ထပ်မြင် ရအုံးမယ်လို့ ခန့်မှန်း နေကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူး နည်းပြ ကလော့က ဒီရာသီမှာ အမှတ်ပေးဖလားကို လီဗာပူး နဲ့ မန်စီးတီးတို့သာ မဟုတ်ဘဲ အခြား စိန်ခေါ်နိုင်တဲ့ အသင်းတွေလည်း ရှိနေသေးတယ်လို့ ဆိုလိုက် ပါတယ်။

ဒီရာသီ အတွက် မန်စီးတီး ကသာ လီဗာပူးရဲ့ အဓိက ဖလား ပြိုင်ဘက် ဖြစ်နိုင်သလား ဆိုတဲ့ မေးခွန်းကို ကလော့က “ကျွန်တော် ဘယ်တုန်းကမှ ဒီလို မမြင်ပါဘူး။ ဒါဟာ ဘယ်က အမြင်လဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ရာသီတိုင်းဟာ အားလုံး အတွက် သုံညကနေ စတင်တယ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အားလုံး တူညီတဲ့ အခွင့်အရေး ရှိကြပါတယ်။

ရာသီတစ်ခုရဲ့ ခက်ခဲတဲ့ အပိုင်းတွေမှာ ဘယ်လို ကျော်ဖြတ်သွားမလဲ ၊ အသင်းတစ်သင်း အစုအဖွဲ့ တစ်ခု အနေနဲ့ ဘယ်လို ညီညီညွှတ်ညွှတ် လုပ်ဆောင်သွားမလဲ ၊ ဒဏ်ရာ ပြသနာတွေ ဘာတွေနဲ့ ပက်သက်ပြီး ကိုယ့်ဘက်က ဘယ်လောက် ကံကောင်း နိုင်မလဲ ဆိုတဲ့ အပေါ်မှာသာ မူတည်ပါတယ်။

ကျွန်တော် ကတော့ နှစ်ကောင်းတည်း ပြေးတဲ့မြင်းဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှ အသုံးမပြုပါဘူး။ တွေးတောင် မတွေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် စိတ်ဝင်စားတာ မြင်းတစ်ကောင်ပဲ ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပါပဲ။ ကျန်အသင်းအားလုံးဟာ သူတို့ အလိုရှိတဲ့ အတိုင်း သူတို့ လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်း လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် တစ်ရာသီမှာ သူတို့နဲ့ ၂ ကြိမ် ရင်ဆိုင် ရမှာပါ။

ချဲလ်ဆီးနဲ့ တော့တင်ဟမ် တို့ဟာ တကယ် ကောင်းကြပါတယ်။ အာဆင်နယ် ကလည်း တကယ် ကောင်းပါတယ်။ လက်စတာလည်း ကောင်းသလို ကံမကောင်းစွာနဲ့ အဲဗာတန် ကလည်း ကောင်းနေပါတယ်။ အသင်းတွေ အများကြီး ရှိပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ဆိုရင်လည်း လူတွေက စောစောစီးစီး ဖယ်ထုတ်လိုက်ကြ ပါတယ်။ နောက်ဆုံးမှာတော့ သူတို့လည်း title race မှာ ရှိနေပါလိမ့်မယ်။

အမြဲတမ်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် တစ်နေရာစာ အတွက် တိုက်ပွဲဝင် သွားရမှာပါ။ ဒါနဲ့ နီးစပ်မှု ရှိလာခဲ့ပြီ ဆိုရင် ရာသီကုန်မှာ ချန်ပီယံ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အမြဲတမ်း ဒီအတိုင်းပါပဲ။ အမြဲတမ်း ဒီအတိုင်းပဲ ရှိနေမှာပါ။ အခုက ရာသီတစ်ခုရဲ့ အစောပိုင်းပဲ ရှိပါသေးတယ်။ ရာသီကုန်မှာ ဘယ်သူ ထိပ်ဆုံးနေရာမှာ ရှိနေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကလော့က “ဒါဟာ အမှတ်ပေးဖလား အတွက် အဆုံးအဖြတ် ပေးနိုင်မယ့် ပွဲစဉ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီရလဒ်ဟာ ဘာဖြစ်မလာမလဲ ဆိုတာ ကျွန်တော် မသိပေမယ့် ဒါဟာ ဘောလုံးပွဲ တစ်ပွဲမျှသာ ဖြစ်ပါတယ်။ ပွဲစဉ် ၈ လောက်နဲ့ ကျွန်တော် ဒီအကြောင်းကို တွေးနေမှာ မဟုတ်ပါဘူး။ ဒါဟာ အဆုံးအဖြတ် ဖြစ်နိုင်လား ဘာလား ဆိုတာ ကျွန်တော် မသိချင် ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲစဉ် ၃၈ အပြီးမှာ ဘာဖြစ်လာနိုင်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်လို့ပါ။

ကစားရမယ့် ပွဲစဉ်တွေ အများကြီး ရှိပါတယ်။ တနင်္ဂနွေနေ့မှာ ဘာတွေပဲ ဖြစ်လာသည် ဖြစ်စေ ဒါဟာ အမှတ်ပေးဖလား အတွက် အဆုံးအဖြတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ယခုလို နှစ်မျိုးမှာပေါ့။ ဒဏ်ရာ ပြသနာတွေနဲ့ ပက်သက်ပြီး ကံကောင်းဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၃ ရက် တစ်ခါလောက် လာမည့် ပြိုင်ဘက်ကို အနိုင်ရဖို့ အတွက် နည်းလမ်း ရှာဖွေ သွားဖို့ လိုအပ်ပါတယ်။

ကျွန်တော် ဒီပွဲအကြောင်း အထူး ပြောနေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ စီးတီးနဲ့ ကျွန်တော်တို့ရဲ့ ပွဲဖြစ်လို့ပါ။ ပြီးခဲ့တဲ့ ပွဲနဲ့ ဒီပွဲကြားမှာ အချိန် ၄ ရက် ရခဲ့ပါတယ်။ ဒါဟာ ကောင်းပါတယ်။ စီးတီးဟာ တကယ်ကောင်းတဲ့ အသင်း ဆိုတာ လွဲပြီး အခြား အကြောင်းပြချက် ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ အခွင့်အရေး ရှိဖို့ အတွက် အကောင်းဆုံး ကစား သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို ကောင်းကောင်း သိထားပြီးသားပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular