ဒဏ်ရာပြသနာတွေ ကြားထဲကနေ အကောင်းဆုံးခြေစွမ်း လှပတဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့…ဝက်ဟမ်း ၁-၃ လီဗာပူးပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

မိုဟာမက်ဆာလားဟာ ဝက်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ match winner ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ ဒဏ်ရာ ပြသနာတွေ များစွာနဲ့ ရုန်းကန်နေရတာကြောင့် ဝက်ဟမ်းနဲ့ ပွဲစဉ်ဟာ အန်ဖီးကလပ် အတွက် ခြေချော်ဖို့ အခြေအနေများတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မာနေး ဖာဘင်ညို တို့ မပါဝင် ခဲ့ကြပေမယ့် အီဂျစ် လက်ရွေးစင်က တောက်ပခဲ့တာကြောင့် လီဗာပူးအတွက် ပြသနာ မရှိခဲ့ပါဘူး။

ပထမပိုင်းမှာ နှစ်သင်းစလုံး ထိန်းကစားနေခဲ့တာကြောင့် အခွင့်အရေးတွေ သိပ်ပြီး မရခဲ့ဘဲ ဆာလားရဲ့ တွဲဖက် တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ အိုရီဂီ နဲ့ ရှကီရီ တို့ကလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ ကစားပုံ ကောင်းလာခဲ့ကာ ပွဲချိန် ၅၇ မိနစ် မှာတော့ ဆာလားဟာ ဝက်ဟမ်း နောက်ခံလူတွေ ကြားထဲကနေ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူကာ လီဗာပူးအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

myan789

အဲဒီနောက် ဝက်ဟမ်းရဲ့ ထောင်ကန်ဘော ကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို အလက်ဇန်းဒါးအာနိုး ၊ ရှကီရီ တို့ရဲ့ ချိတ်ဆက်ပေးမှု ကနေ တဆင့် ဆာလားက လှလှပပ ထိန်းကာ ဒုတိယဂိုးကို သွင်းယူ ခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးခါနီးမှာ ချိန်ဘာလိန် ၊ ဖာမီနို တို့ရဲ့ တွဲလုံးကနေ ဝိုင်နယ်ဒန်က တတိယမြောက်ဂိုးကို ရယူခဲ့ပြီး ဝက်ဟမ်း အတွက် ချေပဂိုးကိုတော့ ထောင့်ကန်ဘော ကနေ တဆင့် ဒေါ်ဆင်က သွင်းယူ ခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~ဆာလားရဲ့ တောက်ပမှု
လီဗာပူးတို့ နိုင်ပွဲ အရေးတကြီး လိုအပ်နေချိန်မှာ ဆာလားဟာ နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပါတယ်။ ဆာလားဟာ ဒီပွဲစဉ်မှာ သူ့ရဲ့ ပုံမှန် တွဲဖက်တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဖာမီနို မာနေး တို့မပါဝင်ဘဲ အိုရီဂီ ရှကီရီ တို့နဲ့ တွဲဖက် ကစားရတာကြောင့် ဝက်ဟမ်း တိုက်စစ်ကို ထိုးဖောက်ဖို့ အတွက် အတော့်ကို ခက်ခဲခဲ့ပေမယ့်လည်း ဒုတိယပိုင်းစပြီး ၁၀ မိနစ်သာသာမှာ တစ်ကိုယ်တော် အစွမ်းနဲ့ အတူ ဝက်ဟမ်းနောက်ခံလူတွေ ကြားထဲကနေ ဂိုးထောင့်ထဲကို ဝေ့ဝှက်ကန်သွင်းယူ ခဲ့ပါတယ်။ ဒါ့ကြောင့် ဆာလားဟာ ၆ ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ် နိုင်ခဲ့ပြီး တော့တင်ဟမ်နဲ့ပွဲစဉ်မှာ VAR ရဲ့ ပယ်ဖျက်မှုကို ခံခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီလို မဖြစ်ခဲ့ပါဘူး။

ဒုတိယသွင်းဂိုး ကလည်း တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ပြီး အလက်ဇန်းဒါးအာနိုးရဲ့ ထောင့်ဖြတ်ဘောကို ရှကီရီက ရယူကာ ဆာလားဆီကို ကွတ်တိပေးဖို့ ပေးခဲ့ပြီး အီဂျစ်စတားရဲ့ ဘောလုံးထိချက် အဆုံးသတ် ကလည်း တကယ့်ကို အဆင့်အတန်း မြင့်မားလှပါတယ်။ ဆာလားရဲ့ တစ်ကိုယ်ကောင်း ဆန်ဆန် ကစားမှုကြောင့် အသင်းဖော်တွေ ၊ ပရိတ်သတ်တွေက စိတ်ပျက်မှု တစ်ချို့ ရှိခဲ့ပေမယ့်လည်း ဆာလားဟာ ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တစ်ဦး ဆိုတာ သေချာပါတယ်။ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုး ၂ ဂိုးကြောင့် အီဂျစ်စတားဟာ လီဗာပူး ကစားသမား ဘ၀ ၄ ရာသီစလုံး အနည်းဆုံး သွင်းဂိုး ၂၀ ရယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

၂~ချန်ပီယံရဲ့ စိတ်ဓာတ်
ဝက်ဟမ်းဟာ အခုချိန်မှာ အကောင်းဆုံး ပုံစံ ပြသနေခဲ့တဲ့ အပြင် လီဗာပူး ကလည်း အဓိက ကစားသမား အများအပြားကို လက်လွှတ်ထားခဲ့ရတာကြောင့် တကယ့်ကို အင်အား နည်းနေပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ နိုင်ပွဲရယူချင်စိတ် ပြင်းထန်ပုံ ကိုတော့ ဘယ်အရာကမှ မတားဆီးနိုင် ခဲ့ပါဘူး။ ဒီပွဲစဉ်မှာ အရေးကြီး ကစားသမား တစ်ဦး ဖြစ်သူ မာနေးကို ထပ်မံ ဆုံးရှုံးလိုက်ရပေမယ့်လည်း လီဗာပူးဟာ မန်စီးတီးတောင် အနိုင်မရခဲ့တဲ့ လန်ဒန်စတေဒီယမ်မှာ ဝက်ဟမ်းလို မာကျောတဲ့ အသင်းကို ခြေစွမ်းပြကာ အနိုင်ရ ခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့မှာ ၎င်းတို့ရဲ့ ပုံစံကောင်းကို ပြန်လည် ပြသနိုင်ခဲ့ပြီး ဝက်ဟမ်းနဲ့ပွဲမှာ ချန်ပီယံတို့မှာ ရှိသင့်တဲ့ ခြေစွမ်း စိတ်ဓာတ် တွေကို မြင်တွေ့ ခဲ့ရပါတယ်။ အဓိက ကစားသမား အများအပြားကို လက်လွှတ်ထားခဲ့ရတာကြောင့် လီဗာပူးဟာ တစ်ပွဲလုံး အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့တာ မဟုတ်ပေမယ့်လည်း အနိုင် ၃ မှတ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကိုတော့ ပြသ ခဲ့ပါတယ်။

၃~၁၂ ကြိမ်မြောက် မတူညီတဲ့ ဗဟိုခံစစ်အတွဲ
လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက သိပ်ပြီး အပြောင်းအလဲ မရှိခဲ့တဲ့ ခံစစ်ကြောင်းနဲ့ အတူ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးတို့ဟာ အဓိက ဗဟိုနောက်ခံလူတွေ ဒဏ်ရာတွေ ရနေခဲ့တာကြောင့် ဝက်ဟမ်းနဲ့ ပွဲစဉ်မှာ ဒီရာသီ ၁၂ ကြိမ်မြောက် မတူညီတဲ့ ဗဟိုခံစစ် အတွဲကို အသုံးပြု ခဲ့ရပါတယ်။ ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ ကာလရှည် ဒဏ်ရာတွေ ရနေခဲ့တဲ့ အပြင် မာတစ် ကလည်း အမြဲတမ်း ကြံံ့ခိုင်မှု မပြည့်တာကြောင့် လီဗာပူးဟာ ဗဟိုခံစစ်ပိုင်းကို အမြဲတမ်း အပြောင်းအလဲတွေ လုပ်နေ ခဲ့ရတာပါ။

လက်ရှိမှာ ဗဟိုခံစစ်မှာ ပင်တိုင် ကစားပေးနေတဲ့ ဖာဘင်ညိုပါ ဒဏ်ရာ ရနေတာကြောင့် ဝက်ဟမ်းနဲ့ ပွဲစဉ်မှာ ဟန်ဒါဆန် နဲ့ နက်ဖီးလစ် တို့အတွဲ ပွဲထွက် လာခဲ့ပါတယ်။ ကလော့ ကိုယ်တိုင်ကလည်း သူတို့ အနေနဲ့ အပြောင်းအလဲ သိပ်မရှိတဲ့ ခံစစ်ကြောင်းကို အသုံးမပြု နိုင်ခြင်းဟာ ပြသနာ တစ်ခု ဖြစ်တယ်လို့ ပွဲမတိုင်မီ ဝန်ခံခဲ့ပါသေးတယ်။ ဗဟိုခံစစ် အပြောင်းအလဲ ၁၂ ကြိမ်မှာ ဖာဘင်ညို နဲ့ မာတစ် တို့အတွဲက အကြိမ်အရေအတွက် အများဆုံး ဖြစ်ပြီး ဒီရာသီ ၆ ကြိမ် တွဲကစားခဲ့ပါတယ်။

၄~အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့တဲ့ ဟမ်းမား
ဝက်ဟမ်းဟာ ပြီးခဲ့တဲ့လက ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး လိဂ်ပွဲစဉ် ၇ ပွဲဆက် ရှုံးပွဲမရှိကာ ပုံစံကောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာ တွေ့ဆုံခဲ့တဲ့ လီဗာပူး အသင်းဟာ ခါတိုင်းလို မဟုတ်ဘဲ စီနီယာ ဗဟိုနောက်ခံလူ ၃ ဦး အပြင် ဖာဘင်ညို ၊ မာနေး တို့လည်း မပါဝင်တဲ့ အားနည်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါဟာ လီဗာပူးနဲ့ တွေ့ဆုံရာမှာ ရလဒ်တွေ ကောင်းလေ့ မရှိတဲ့ ဝက်ဟမ်း အတွက် ကြီးမားတဲ့ အခွင့်အရေးကောင်း တစ်ခု ဖြစ်ပေမယ့် ဝက်ဟမ်းဟာ ဒါကို အသုံးမချ နိုင်ခဲ့ပါဘူး။

ဒီပွဲမတိုင်မီမှာလည်း မိုရက်က “ကျွန်တော်တို့ဟာ လီဗာပူးကို ယှဉ်နိုင်ဖို့ အတွက် အဝေးကြီး လိုပါသေးတယ်။ ဒါပေမယ့် one off game မှာတော့ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။” လို့ ယုံကြည်မှု ရှိရှိ ပြောခဲ့ပါတယ်။ ဒါပေမယ့် မိုရက် ထင်ထားတဲ့ အတိုင်း ဖြစ်မလာ ခဲ့ဘဲ ဒဏ်ရာပြသနာတွေနဲ့ အတော် အားနည်းနေတဲ့ လီဗာပူးကပဲ ၎င်းရဲ့ အသင်းကို လွှမ်းမိုးကစားကာ နိုင်ပွဲ ရယူသွားခဲ့ပါတယ်။

၅~မီဒီယာတွေကို အကောင်းဆုံး ခြေစွမ်းနဲ့ တုန့်ပြန်ခဲ့တဲ့ တီယာဂို
တီယာဂိုဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူး ပရိတ်သတ်တွေ စိတ်လှုပ်ရှားခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန် ကွင်းလယ်လူဟောင်းဟာ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ အပြင် မာဆေးဆိုက်ဒါဘီမှာ ရစ်ချယ်လဆင်ရဲ့ ဆိုးရွားတဲ့ challenge ကြောင့် ဒူးဒဏ်ရာ ရခဲ့ကာ ၂ လခွဲကျော် နားခဲ့ရတာကြောင့် လီဗာပူး ကစားသမား ဘ၀ တာထွက် မလှပခဲ့ပါဘူး။

ဒါဟာ ၎င်းကို ပြိုင်ပွဲသစ် ၊ အသင်းသစ် နဲ့ အသားတကျ ဖြစ်ဖို့ နှောင်းနှေးစေခဲ့ပေမယ့်လည်း တီယာဂိုဟာ ဝင်ကစား ခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး အမြဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးကစားသမားဟောင်းတွေ အပြင် ဂယ်ရီနဗီး တို့လို pundit တွေကလည်း တီယာဂိုကြောင့် လီဗာပူးရဲ့ ကစားကွက် လေးလံသွားပြီး တိုက်စစ်က ထက်မြက်မှု မရှိတော့ဘူးလို့ ပြောခဲ့ကြပေမယ့်လည်း ဝက်ဟမ်းနဲ့ ပွဲစဉ်မှာ တီယာဂိုဟာ ကွင်းလယ် ကနေ ကစားကွက်ကို မောင်းနှင် ကစားသွားခဲ့ပြီး ဘယ်သူမှ မမြင်တဲ့ နေရာလွတ်တွေကို တိကျတဲ့ pass တွေနဲ့ ပေးပို့ ခဲ့တဲ့ အပြင် ၎င်းရဲ့ ဘောလုံး ကိုင်ကစားပုံတွေ ၊ ဖန်တီးမှု စွမ်းရည်တွေ ကလည်း တကယ့်ကို ကမ္ဘာ့အဆင့် ဆိုတာ သက်သေ ပြသွားခဲ့ပါတယ်။

တီယာဂိုဟာ မန်ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာမှ လီဗာပူးအတွက် ပထမဦးဆုံး home debut ကို ရရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ စပိန် ကွင်းလယ် ကစားသမားရဲ့ ဒီထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းတွေကို မြင်တွေ့ ရမှာ အသေအချာ ပါပဲ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular