တီလေမန်းစ်ရဲ့သွင်းဂိုးနဲ့ FA ဖလားကိုပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ လက်စတာ

FA ဖလားမှာ ဗိုလ်လုပွဲ (၄)ကြိမ်ရောက်ခဲ့ဖူးပြီး (၄)ကြိမ်စလုံးရာနှုန်းပြည့်ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်း (၅)ကြိမ်မြောက်ဗိုလ်လုပွဲမှာတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် FA ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြတူဟယ်လ်အတွက်တော့ ရာသီအဆုံးသတ်ပိုင်းဟာ ဖိအားတွေပိုများလာပြီလို့ ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ကိုရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားများနေချိန် အခု FA ဗိုလ်လုပွဲမှာ ထပ်ရှုံးခဲ့တာက ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်ပါ စိုးရိမ်စရာဖြစ်စေပါတယ်။

myan789

ချယ်လ်ဆီးအသင်းက ချန်ပီယံဆုအတွက် ပိုရေပန်းစားတဲ့အသင်းဆိုပေမဲ့ လက်စတာအသင်းရဲ့ လုပ်နိုင်စွမ်းကိုလျှော့တွက်ခဲ့ပုံရပြီး တူဟယ်လ်ရဲ့ပွဲထွက်အခင်းအကျင်းကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ဗိုလ်လုပွဲလိုပွဲစဉ်မျိုးမှာ ပုံမှန်ပွဲကစားခွင့်မရတဲ့ ကယ်ပါ၊ အလွန်ဆိုတို့လိုကစားသမားတွေကို ပွဲထွက်စာရင်းထည့်သွင်းလာတာက အသင်းရဲ့ဟန်ချက်ကိုပျက်ပြားစေခဲ့ပါတယ်။

လက်စတာအသင်းကတော့ သူတို့ရဲ့အတောင့်တင်းဆုံးအစုအဖွဲ့နဲ့ပွဲထွက်လာခဲ့ပြီး တီလေမန်းစ်၊ အန်ဒီဒီ၊ လူကီသောမတ်စ်၊ ကတ်စတာနေတို့ရဲ့ ကွင်းလယ်လုပ်အားနှုန်းက ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားအားကို ဟန့်တားဖြတ်တောက်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းတိုက်စစ်ပိုင်းက ဗာနာ၊ ဇီယာ့ချ်တို့ဟာ တွဲဖက်မညီခဲ့သလို တစ်ဦးချင်းထိုးဖောက်မှုတွေမှာလည်း အားနည်းချက်တွေရှိခဲ့ပြီး ဆိုယွန်ဂျူ၊ ဖိုဖာနာ၊ အီဗန်တို့နဲ့ လက်စတာခံစစ်ပိုင်းကို ဖြတ်ကျော်ဖို့ခက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ဂိုးရနိုင်တဲ့အခွင့်အရေးအချို့ကို လက်စတာဂိုးသမား ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့တာကလည်း ဒီနိုင်ပွဲရဲ့ အရေးပါတဲ့အခိုက်အတန့်ဖြစ်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဘက်က ကွန်တေတစ်ဦးသာ ပုံစံကောင်းပြနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ပွဲဆက်၊ ပွဲကျပ်တွေကြားမှာ ကစားသမားအများစု ပွဲပန်းနေတဲ့အခြေအနေကိုလည်းတွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး ထိန်းထိန်းသိမ်းသိမ်းကစားနေလို့ ပွဲကအနည်းငယ်အေးနေခဲ့ပြီး လက်စတာအသင်းက ဂိုးမပေးရဖို့ကိုပဲ ဦးတည်ကစားခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ကွင်းလယ်လုပ်အားနှုန်းကျဆင်းခဲ့တာကြောင့် အခွင့်အရေးသိပ်မရခဲ့ဘဲ တိုက်စစ်မှူးဗာနာကလည်း အခွင့်အရေးတွေဖြုန်းတီးခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပြီး နှစ်သင်းစလုံးဂိုးတွေသွင်းဖို့ကြိုးစားလာတာကြောင့် ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားလာနိုင်တယ်ဆိုပေမဲ့ အဖွင့်ဂိုးရသွားခဲ့တာကတော့ လက်စတာပါပဲ။

လက်စတာအသင်းအတွက် တစ်လုံးတည်းသောဂိုးကိုတော့ ပွဲချိန် (၆၃)မိနစ်မှာ တီလေမန်းစ်က လှပတဲ့ဂိုးဧရိယာအပြင်အဝေးကန်ချက်နဲ့သွင်းယူပေးခဲ့တာပါ။ ဒီသွင်းဂိုးမှာ အယိုဇေပီရက်ဇ်လက်ထိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က လက်ထိဘောအဖြစ်မသတ်မှတ်ခဲ့သလို VAR ရဲ့ဆုံးဖြတ်ချက်ကိုလည်း ခံယူခဲ့ခြင်းမရှိပါဘူး။

ဂိုးပေးလိုက်ရပြီးနောက်မှာ ချယ်လ်ဆီးအသင်း လူစားလဲမှုတွေပြုလုပ်ပြီး ချေပဂိုးအတွက်အရှိန်တင်ခဲ့ပေမဲ့ လက်စတာအသင်းကတော့ အနိုင်ဂိုးကိုထိန်းကာ ဂိုးမပေးရဖို့အတွက် ခံစစ်မှာပဲ ပိတ်ဆို့ကစားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ပူလီဆစ်၊ ဟာဗက်ဇ်၊ အိုဒွိုင်း၊ ဂျရူးတို့ကို ဆက်တိုက်ထည့်သွင်းပြီး ဂိုးတွေရဖို့ကြိုးစားခဲ့ပေမဲ့ စနစ်တကျပိတ်ဆို့ကစားနေတဲ့ လက်စတာအသင်းဘက်ကိုထိုးဖောက်ဖို့ခက်ခဲ့ပါတယ်။

ဒါ့အပြင် ဘင်ချီဝဲလ်ရဲ့ ခေါင်းတိုက်ချက်နဲ့ မေဆန်မောင့်ရဲ့ကန်သွင်းချက်တွေကို ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့တာကလည်း ချယ်လ်ဆီးကိုနစ်နာစေခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ချယ်လ်ဆီးအသင်းသွင်းဂိုးတစ်ဂိုးရခဲ့ပေမဲ့ ဒီသွင်းဂိုးမှာ ဘန်ချီဝဲလ်လူကျွံနေခဲ့လို့ VAR နဲ့ပြန်လည်ကြည့်ရှုပြီးနောက် ဂိုးအဖြစ်မှပယ်ဖျက်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ချယ်လ်ဆီးအသင်းဂိုးရဖို့ကြိုးစားခဲ့ပေမဲ့ လက်စတာအသင်းကပဲ ပွဲကိုထိန်းကစားခဲ့ပြီး ပွဲအပြီးမှာတော့ (၁-ဝ)ဂိုးနဲ့အနိုင်ရကာ FA ဖလားချန်ပီယံဆုကိုရယူခဲ့ပါတယ်။

လက်စတာအသင်းကတော့ ၂၀၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူခဲ့ပြီးနောက်ပိုင်း နောက်ထပ်ဆုဖလားအောင်မြင်မှုအဖြစ် FA ဖလားကိုပထမဆုံးအကြိမ်ရယူနိုင်ခဲ့ခြင်းဖြစ်သလို နည်းပြဘရန်ဒန်ရော်ဂျာအတွက်လည်း အင်္ဂလန်မြေက ပထမဆုံး ဆုဖလားအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက်တော့ ပြီးခဲ့တဲ့ ၂၀၂၀ ဗိုလ်လုပွဲမှာ အာဆင်နယ်ကိုရှုံးနိမ့်ပြီး ဒုတိယဆုနဲ့ကျေနပ်ခဲ့ရသလို ဒီတစ်ကြိမ်မှာလည်း လက်စတာကိုရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ထပ်မံလွဲချော်ခဲ့တာပါ။

ဒါ့အပြင် ချယ်လ်ဆီးနဲ့ လက်စတာတို့ဟာ လာမယ့်ကြားရက်ပရီးမီးယားလိဂ်ပွဲစဉ်မှာထပ်မံတွေ့ဆုံဖို့ရှိနေပြီး ဒီပွဲစဉ်ကလည်း လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲဖြစ်နေလို့ ဘယ်အသင်းအသာရဦးမလဲဆိုတာ ရင်ခုန်ရဦးမှာပါ။

ချယ်လ်ဆီးနည်းပြတူဟယ်လ်အတွက်တော့ လက်ကျန်ပရီးမီးယားလိဂ် (၂)ပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ အမှားအယွင်းထပ်ဖြစ်လို့မရတော့ဘဲ ဖိအားတွေနဲ့အတူ ရာသီအဆုံးကို တိုက်ပွဲဝင်ရဖို့ဖြစ်လာခဲ့ပါပြီ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular