ဆိုးလ်ရှားရဲ့ ပွဲ (၁၀၀)ပြည့်ဟာ မလှပခဲ့ဘူး

မန်ချက်စတာယူနိုက်တက် ဝ-၁ အာဆင်နယ်

အောက်အသင်းအနေနဲ့ ကစားရမှ ခြေစွမ်းပြနိုင်တယ်ဆိုတာကြီးကို မန်ယူက ဘယ်တော့မှ ရပ်တန့်နိုင်မှာလဲ။ ခြေစွမ်းအရ မန်ယူ နည်းနည်းတော့သာပါတယ်။ ဒါပေမဲ့ အာဆင်နယ်က မန်ယူကို လွယ်လွယ်ကူကူပဲ ကစားခဲ့တာကို တွေ့ရတယ်။ အာဆင်နယ်ကစားသမားတွေဟာ တစ်ပွဲလုံးမှာ စုဖွဲ့မှု ပျက်စီးသွားတာ၊ ဖရိုဖရဲဖြစ်သွားတာ၊ ကြုံသလိုဖျက်ထုတ်ကစားနေရတာမျိုး လုံးဝမမြင်ခဲ့ရဘူး။ အာဆင်နယ်ခံစစ်ကြောင်းတစ်ခုလုံးမှာ ဂါဘရီယဲလ်ရဲ့ခြေရာတွေ ချည်းပဲလို့ဆိုရလောက်အောင် အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ တစ်ဦးချင်း ရင်ဆိုင်တိုက်ပွဲပေါင်းများစွာကို ကောင်းကောင်းအလုပ်လုပ်တယ်။ အမြင့်ဘောပေါင်းများစွာကို ရှင်းထုတ်တယ်။ ခံစစ်ကို ပိုမိုစုစည်းမိစေခဲ့တယ်။ ဟိုးလ်ဒင်းက အာဆင်နယ်ရဲ့ Unsang Hero တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာ သိသိသာသာ တည်ငြိမ်ကောင်းမွန်လာတာကို တွေ့ရတယ်။

myan789

မန်ယူက ကာဗာနီကို မသုံးဘူး။ ဒါက ရွေးချယ်မှုပါ။ ပြဿနာမရှိဘူး။ လူငယ်တိုက်စစ်ကစားသမားတွေနဲ့လည်း သူတို့ အလုပ်ဖြစ်ပါတယ်။ ပြဿနာက မာစီယဲလ်မပါတဲ့ အနေအထားမျိုးမှာ ကာဗာနီကို မသုံးတာကရော မှန်ကန်ရဲ့လား။ ပွဲ ချိန်တစ်လျှောက်လုံး ကိုယ့်ဂိုးစည်းထဲမှာမပျော်တဲ့ တိုက်စစ်မှူးတွေနဲ့ တွဲကစားရင်း အဓိပ္ပာယ်မရှိတဲ့ ဖြတ်တင်ဘောတွေပေးနေတာက ဂါဘရီယဲလ်ကို ပိုပြီးနာမည်ကြီးလာစေဖို့လားလို့တောင် မေးခွန်းထုတ်ရမယ်။ မန်ယူရဲ့ဖြတ်တင် ဘောတွေက ကာဗာနီဝင်လာတဲ့အချိန်မှ ပိုပြီး အဓိပ္ပာယ်ရှိလာတယ်။ ကာဗာနီဆီကို ဘောလုံးရောက်ခြင်း၊ မရောက်ခြင်းထက် အာဆင်နယ်ခံစစ်အတွက် ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်လာစေတာကို တွေ့ရတယ်။ အသင်းကို ဦးဆောင်ရမဲ့ ပေါ့ဘာက ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘဝမှာ ပယ်နယ်တီအပေးဆုံးကစားသမားဖြစ်လာခဲ့ပြီး အထူးသဖြင့် ဒီရာသီမှာ အသင်းကို အချွန်နဲ့ ပြန်မတဲ့လုပ်ရပ်တွေကို မကြာခဏလုပ်နေတယ်။ ကောင်းကွက်တော့ ထွေထွေထူးထူး မရှိဘူး။

မန်ယူ ဘယ်အချိန်တွေမှာ ကောင်းသလဲဆိုရင် ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့ အလုပ်လုပ်ပုံကောင်းတဲ့အချိန်တွေမှာ ကောင်းတယ်။ ဘယ်အချိန်ည့ံလဲဆို သူတို့ ညံ့တဲ့အချိန် ညံ့တယ်။ ပေါ့ဘာက မန်ယူရဲ့ကံကြမ္မာကို ဆုံးဖြတ် နိုင်တဲ့အဆင့် မဟုတ်တော့သလိုပဲ။ ဘယ်လာရင်ကို သူကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောက မလိုအပ်တဲ့ဘောလုံးပါ။ ပေါ့ဘာ အာဆင်နယ်ဂိုးစည်းထဲမှာ ဘောလုံးကိုင်ထားတဲ့အချိန်မှာ အူဘာမီယန်း ဂိုးစည်းထဲ ရောက်လာတယ်။ ဖျက် လိုက်ရင် ဘောလုံးပျက်ကောင်းပျက်မယ်၊ ဒါပေမဲ့ အခန့်မသင့်ရင် ပယ်နယ်တီပေးရနိုင်တယ်။ အနေအထားက စိုးရိမ်စရာမဟုတ်ဘူး။ အူဘာမီယန်းက မဖျက်တဲ့အပြင် ထိမှာစိုးလို့ကို ရှောင်ပေးလိုက်တယ်။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အခြေအနေအပေါ် မူတည်ပြီး အမြန်ဆုံးဖြတ်နိုင်ခြင်းလည်းဖြစ်တယ်။ ဆိုးလ်ရှားလည်း တချို့ပွဲတွေမှာ အထင်ကြီးစရာရလဒ်တွေ ယူပြတာမှန်ပေမဲ့ ခြုံကြည့်ရင် Awful ပါ။ အာဆင်နယ်က ထိုက်ထိုက်တန်တန်နိုင်ခဲ့ပြီး ပေါ့ဘာပေးတဲ့ ပယ်နယ်တီကို (၆၉)မိနစ်မှာ အူဘာမီယန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular