စိန့်ဂျိမ်းစ်ပတ်ခ်မှာ ဂိုးပြတ်နိုင်ပွဲယူခဲ့တဲ့မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၅)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ နောက်ကျသွင်းဂိုးတွေနဲ့အတူ (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ စပါးအသင်းကို (၁-၆)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဖိအားများနေတဲ့ မန်ယူအသင်းအတွက် ကျေနပ်စရာဂိုးပြတ်နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အနာဂတ်လှုပ်ခတ်နေတဲ့ နည်းပြဆိုးလ်ရှားအတွက်လည်း သက်သာရာရစေခဲ့ပါတယ်။

myan789

ရာသီအစရလဒ်ယိမ်းယိုင်မှုတွေကြောင့် ဝေဖန်မှုတွေခံနေရတဲ့ မန်ယူအသင်း ဒီနေ့ပွဲစဉ်မှာတော့ ရလဒ်ကောင်းဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အိမ်ရှင်နယူးကာဆယ်အသင်းကို ပွဲချိန်ပြည့်နီးပါးဖိအားပေးကစားသွားခဲ့တာပါ။

မန်ယူအသင်းတိုက်စစ်ကစားသမားတွေအခွင့်အရေးတွေလွဲချော်ခဲ့လို့သာ ဒီထက်ပိုဂိုးမပြတ်ခဲ့တာဖြစ်ပြီး ပွဲကျပ်ကာလမတိုင်မီ ဂိုးပြတ်နိုင်ပွဲယူနိုင်ခဲ့လို့လည်း စိတ်ပိုင်းဆိုင်ရာအတွက် ကျေနပ်စရာဖြစ်စေမှာပါ။

ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အဲဗာတန်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့အမှတ်လျော့ချိန်မှာ နိုင်ပွဲယူနိုင်ခဲ့တာဖြစ်လို့ မန်ယူအသင်းတွေ အနိုင် (၃)မှတ်ထက်ပိုတဲ့အနိုင်ရလဒ်ဖြစ်ခဲ့ပါတယ်။

ပွဲအစ (၂)မိနစ်မှာပဲ မထင်မှတ်တဲ့ဖြတ်ထုတ်မှုကနေ လုခ်ရှော ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ မန်ယူအသင်း ဖိအားတွေနဲ့စတင်ခဲ့ရတာပါ။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းကစားကွက်တည်လာနိုင်ခဲ့ပြီး အိမ်ရှင်နယူးကာဆယ်ဘက်ကို ဖိအားပေးထိုးဖောက်နိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းကတော့ ဦးဆောင်ဂိုးရခဲ့တာကလွဲလို့ မန်ယူအသင်းကို ကစားအားမယှဉ်နိုင်ခဲ့ဘဲ မက်ဆီမင်တစ်ဦးတည်းရဲ့ ရုန်းအားကိုသာဦးတည်ကစားနေရလို့ တိုက်စစ်ပိုင်းကလည်း ထင်သလောက်မထိရောက်ခဲ့ပါဘူး။

မန်ယူအသင်းဖိအားပေးကစားလာရင်းနဲ့ပဲ ပွဲချိန် (၂၃)မိနစ်မှာ ချေပဂိုးရရှိခဲ့ပြီး မက်ဂွိုင်းယားက သွင်းယူပေးခဲ့တာပါ။

ချေပဂိုးရပြီးချိန်မှာ မန်ယူအသင်း ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး နယူးကာဆယ်အသင်းကတော့ တန်ပြန်တိုက်စစ်ကနေပဲမန်ယူအသင်းကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။

မန်ယူအသင်းရရှိခဲ့တဲ့ အခွင့်အရေးတစ်ချို့ကို တိုက်စစ်ကစားသမားတွေအသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ (၁-၁)ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာ မန်ယူအသင်းအနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင်ကစားလာခဲ့ပြီး နယူးကာဆယ်အသင်းကတော့ ခံစစ်မှာပဲဟန့်တားကာကွယ်ရင်း အချိန်ကုန်ခဲ့ရပါတယ်။

ပွဲချိန် (၅၈)မိနစ်မှာတော့ မန်ယူအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်ဇ်ရဲ့ကန်ချက်ကို နယူးကာဆယ်ဂိုးသမား ဒါလိုးပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်းနစ်နာခဲ့ရပါတယ်။

လက်ကျန်မိနစ်တွေမှာလည်း မန်ယူအသင်းအနိုင်ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို နယူးကာဆယ်အသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားတို့ကလည်း အဆင့်ဆင့်ကာကွယ်နိုင်ခဲ့လို့ အနိုင်ဂိုးရဖို့ခက်ခဲ့ပါတယ်။

ပွဲချိန် (၈၅)မိနစ်အထိ (၁-၁)ဂိုးအနေအထားဖြစ်နေတာကြောင့် ဒီရလဒ်အတိုင်းပွဲပြီးတော့မယ်လို့ထင်မှတ်စရာရှိခဲ့ပေမယ့် နာကျင်အချိန်ပိုအပါအဝင်လက်ကျန် (၁၀)မိနစ်အတွင်းမှာပဲ မန်ယူအသင်းဂိုးတွေဆက်တိုက်သွင်းယူခဲ့တာပါ။

ဒီသွင်းဂိုးတွေအတွက် အဓိကကျခဲ့တာကတော့ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဖြစ်ပြီး မန်ယူအသင်းရရှိခဲ့တဲ့ အနိုင်ဂိုး (၃)ဂိုးမှာ (၂)ဂိုးဖန်တီးပြီး ကိုယ်တိုင် (၁)ဂိုးသွင်းယူခဲ့ပါတယ်။

မန်ယူအသင်းအတွက်ဒုတိယဂိုးကို ပွဲချိန် (၈၆)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေ ဖာနန်ဒက်ဇ်က ထောင့်ဖြတ်လှလှပပကန်သွင်းယူခဲ့ပြီး၊ တတိယဂိုးကိုတော့ ပွဲချိန်မိနစ် (၉၀)မှာ ရပ်ရှ်ဖို့ရဲ့ပေးပို့မှုကနေပဲ ဘစ်ဆာကာက အပြင်းကန်သွင်းယူပေးခဲ့ပါတယ်။

မန်ယူအသင်းအတွက်နောက်ဆုံးဂိုးကိုတော့ ဘရူနိုဖာနန်ဒက်ဇ်ရဲ့ပေးပို့မှုကနေ နာကျင်အချိန်ပိုမှာ ရပ်ရှ်ဖို့ဒ်ကသွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး မန်ယူအသင်းပရိသတ်တွေအတွက်တော့ ကျေနပ်စရာကောင်းတဲ့နိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular