ဂျိုတာရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့…လီဗာပူး ၂-၁ ရှက်ဖီးယူနိုက်တက် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ပထမဦးဆုံး နိုင်ပွဲ ပြန်လည် ရရှိအောင် အပြင်းအထန် အားထုတ် ခဲ့ရပြီး အန်ဖီးမှာ ရှက်ဖီးယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒီရာသီ ရုန်းကန် နေရတဲ့ ရှက်ဖီးဟာ ပွဲချိန် ၁၃ မိနစ်မှာ အငြင်းပွားဖွယ် အနေအထား ကနေ ပင်နယ်တီ ရရှိ ခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆန်ဒါဘာဂါက ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး အတွက် ဖာမီနိုက ပြန်လည် ချေပနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ၁ ဂိုးစီ သရေနဲ့ ပွဲပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ကစားပုံ ပိုမို ကောင်းမွန် လာခဲ့ပြီး ဆားလားဟာ လီဗာပူး အတွက် ဦးဆောင်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့ ပေမယ့်လည်း VAR က လူကျွံဘော ဆိုကာ ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင် မာနေးရဲ့ ဖြတ်တင်ဘောကို ဂျိုတာက ခေါင်းတိုက် သွင်းယူကာ လီဗာပူးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲဒီနောက် ဆာလားရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့တာကြောင့် လီဗာပူးတို့ ပွဲကို အပြတ် မဖြတ်နိုင်ခဲ့ဘဲ ပွဲပြီးတဲ့ အထိ အနိုင်ဂိုးကို ခက်ခက်ခဲခဲ ထိန်းကစား သွားခဲ့ ရပါတယ်။

myan789

အဆိုပါ ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ အချက် ငါးချက် ကတော့

၁~လီဗာပူးကို ထပ်မံ ထိခိုက်စေခဲ့ပြန်တဲ့ VAR
ပြီးခဲ့တဲ့ တစ်ပတ်က မာဆေးဆိုက် ဒါဘီမှာ VAR ဒိုင်ကြောင့် နစ်နာမှုတွေ ရှိခဲ့တဲ့ လီဗာပူး အသင်းဟာ ဒီတစ်ကြိမ်မှာလည်း ဒီဒုက္ခနဲ့ မကင်းခဲ့ပြန် ပါဘူး။ မက်ဘန်နီ အပေါ် ဖာဘင်ညို ရဲ့ ဖျက်ထုတ်မှုဟာ ဘောလုံးကို အရင်ထိ ခဲ့တဲ့ အပြင် ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပေမယ့်လည်း VAR ဒိုင် ဖြစ်သူ အန်ဒရီမာရီနာက ပင်နယ်တီ အဖြစ် ဆုံးဖြတ် ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လီဗာပူးတို့ နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစား ခဲ့ရပြီး ဖာမီနို ဂျိုတာ တို့ရဲ့ ဂိုးတွေကြောင့်သာ ကံကောင်း သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖာဘင်ညို အနေနဲ့ ဘောလုံး ရှင်းထုတ်ရာမှာ အမှား ကျူးလွန်ခဲ့တဲ့ အပြင် နောက်ကနေ အလောတကြီး ဖျက်ထုတ်မှုကိုလည်း ရှောင်ရှား ခဲ့သင့်ပါတယ်။ ဒါဟာ ဗဟိုနောက်ခံလူ နေရာကို ပြောင်းကစား နေတဲ့ ဘရာဇီးသား အတွက် သင်ခန်းစာပဲ ဖြစ်ပါတယ်။

၂~ထင်ပေါ်စွာ ကစားခဲ့တဲ့ ဆန်ဒါဘာဂါ
ရှက်ဖီးယူနိုက်တက်ရဲ့ စံချိန်တင် ပြောင်းရွေ့ကြေးရှင်ဟာ အသင်း အတွက် ပင်နယ်တီကို ကန်သွင်းယူ ပေးခဲ့သလို ပထမပိုင်းမှာလည်း လီဗာပူး နဲ့ ကွင်းလယ်နဲ့ အပြိုင် တောက်ပစွာ ကစား ပေးခဲ့ပါတယ်။ ဘာဂါဟာ ရှက်ဖီးတို့ ပထမပိုင်းမှာ ရရှိ ခဲ့တဲ့ အခွင့်အရေး တော်တော်များများရဲ့ အဓိကကျတဲ့သူ ဖြစ်ခဲ့သလို လီဗာပူးဟာ ၎င်းရဲ့ ကွင်းလယ်ကနေ တိုက်စစ်ကို လိုက်ပါ ပံ့ပိုးမှုတွေကို ဖြေရှင်းနိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဘာဂါဟာ ပရီးမီးယားလိဂ် ကို မပြောင်းရွေ့မီ ၎င်းကို ဘာကြောင့် အသင်းကြီးတွေ စိတ်ဝင်စား ခဲ့ရသလဲ ဆိုတာကို ပြသ သွားခဲ့ပါတယ်။

၃~ဒီတစ်ကြိမ်မှာတော့ အိမ်ကွင်းသွင်းဂိုး စောစောစီးစီး ရခဲ့တဲ့ ဖာမီနို
ပြီးခဲ့တဲ့ ရာသီက ဖာမီနိုဟာ လီဗာပူး အတွက် အိမ်ကွင်း သွင်းဂိုးကို ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်း ပွဲစဉ်ကျမှ ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ မှာတော့ ၎င်းဟာ အိမ်ကွင်း သွင်းဂိုးကို စောစောစီးစီးပဲ ရှာဖွေ သွားနိုင်ခဲ့ပါတယ်။ ဖာမီနိုဟာ လီဗာပူးရဲ့ ကစားကွက်ကို မြိုင်ဆိုင်အောင် ချိတ်ဆက် ကစားပေးရတဲ့သူ ဖြစ်ပေမယ့်လည်း အမှန်တကယ်တော့ ဘရာဇီး တိုက်စစ်မှုး အနေနဲ့ ဘယ်ပြိုင်ပွဲမှာ မဆို သွင်းဂိုး ရရှိဖို့ အထူး လိုအပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဖာမီနိုဟာ မာနေးရဲ့ ခေါင်းတိုက်ချက် ကနေ ဂိုးသမား ပုတ်ထုတ် လိုက်တဲ့ ဘောလုံးကို ဂိုးရှေ့ကနေ အသင့် ပိတ်သွင်း သွားခဲ့ပြီး ဒါဟာ လာမည့် ပွဲစဉ်တွေ အတွက် ယုံကြည်မှုပိုင်းကို မြင့်တက် သွားစေမှာပါ။

၄~အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဘရူးစတား
ဒီပွဲစဉ်မှာ ဘရူးစတားနဲ့ လီဗာပူး တိုက်စစ်က ဂျိုတာ တို့ရဲ့ ကစားပုံကို ယှဉ်ကြည့်လိုက်မယ် ဆိုရင် the Reds တို့ဟာ ၎င်းကို ဘာကြောင့် နွေရာသီမှာ ရောင်းချချင်ခဲ့သလဲ ဆိုတာ တွေ့နိုင်ပါတယ်။ ပြောရတာ စောနေသေးပေမယ့် အခုထိတော့ ဘရူးစတားရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်မှာ တန်းဝင်ပမလား ဆိုတာ မေးခွန်းထုတ်စရာ အဖြစ် ရှိနေပါသေးတယ်။ ဘရူးစတားဟာ အသင်းနဲ့ ပြန်အတွေ့မှာ ပွဲအတွင်း ပါဝင် နိုင်ဖို့ ရုန်းကန် နေခဲ့ရပြီး စောစောစီးစီးပဲ လူစားလဲ ခံခဲ့ရပါတယ်။ ခရစ်ဝိုင်ဒါ အနေနဲ့ ဘရူးစတားကို အသင်းရဲ့ ကစားပုံနဲ့ အံဝင်အောင် လုပ်ပေး သွားမှာ ဖြစ်ပြီး ၎င်းရဲ့ အခိုက်အတန့်ကောင်းတွေ ရောက်လာမှာပါ။ ဒီတစ်ကြိမ် အန်ဖီးမှာတော့ မဟုတ်သေးပါဘူး။

၅~တန်ဖိုးကို ဆက်လက် ပြသနေဆဲ ဂျိုတာ
ကြားရက်က အမ်စတာဒမ်မှာ အိုင်ယက်ကို အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် လာခဲ့ပြီးနောက် ဂျိုတာ ရဲ့ တိုက်စစ် အပေါ် သက်ရောက်မှုဟာ လီဗာပူး ပရိတ်သတ်တွေ အတွက် ပြောစရာ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီစတားဟာ ရှက်ဖီးနဲ့ ပွဲစဉ်မှာ ဒီရာသီ သူ့ရဲ့ ဒုတိယမြောက် ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး ကလော့ ပေးတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချ နိုင်ခဲ့ပါတယ်။ ဂျိုတာ ရဲ့ နေရာစုံ ကစားနိုင်မှု မြင့်မားတဲ့ အရည်အသွေးတွေဟာ လီဗာပူးတို့ လိုအပ်နေတာနဲ့ အံကိုက်ဖြစ်ပြီး ဒီနေ့ ပွဲစဉ်မှာလည်း တိုက်စစ် နဲ့ ခံစစ်မှာ အကောင်းဆုံး ကစား ပေးခဲ့တဲ အပြင် အသင်း အတွက် အနိုင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular