ဂိုးမရှိသရေနဲ့ အီမရိတ်စ်မှာ အမှတ်ခွဲယူခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူ

လက်ရှိမှာပုံစံကောင်းရနေတဲ့ပြိုင်ဘက်ဟောင်း (၂)သင်းရဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲဖြစ်လာဖို့မျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အခွင့်အရေးအလွဲချော်မှုတွေ၊ အသုံးမချနိုင်မှုတွေ၊ ဂိုးကံခေမှုတွေနဲ့အတူ အီမရိတ်စ်ကွင်းမှာ သရေတစ်မှတ်စီခွဲယူခဲ့ကြပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက နည်းပြဘဝပရီးမီးယားလိဂ်မှာ မန်ယူနဲ့တွေ့ဆုံတိုင်း ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ သလို၊ မန်ယူနည်းပြဆိုးလ်ရှားကလည်း သူ့ရဲ့နည်းပြဘ၀ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို အနိုင်မရဖူးသေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။

myan789

ဒါပေမဲ့ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဝေးကွင်း (၁၈)ပွဲဆက်ရှုံးပွဲမရှိ (၁၃ ပွဲနိုင်၊ ၅ ပွဲသရေ)ရလဒ်နဲ့ အသင်းသမိုင်းမှာ အကောင်းဆုံးအဝေးကွင်းစံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာကတော့ ကျေနပ်စရာပါပဲ။

အမှတ်ပေးဇယားရပ်တည်မှုအရ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုမျှော်လင့်နေတဲ့အသင်း (၂)သင်းထိပ်တိုက်တွေ့ဆုံတာဖြစ်လို့ တစ်သင်းနဲ့တစ်သင်းအမှားမခံဘဲ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြိုးစားကစားခဲ့ကြတာပါ။

မန်ယူနည်းပြဆိုးလ်ရှားဟာ ဒီနေ့ပွဲမှာ မာစီယဲလ်ကို ပွဲထွက်စာရင်းကချန်လှပ်ခဲ့ပြီး ကာဗာနီကိုအထောင်ထားကာ ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်ဇ်တို့နဲ့ တိုက်စစ်ကိုစုဖွဲ့ခဲ့ပါတယ်။

အာဆင်နယ်အသင်းကလည်း ခြေစွမ်းပြနေတဲ့ လူငယ်တောင်ပံကစားသမား ဆာကာ၊ အသင်းခေါင်းဆောင် အူဘာမီယန်းတို့မပါဝင်နိုင်ခဲ့ပေမဲ့ လာကာဇက်၊ မာတင်နယ်လီ၊ စမစ်ရိုး၊ ပေပေတို့နဲ့ လူစုံခဲ့တာပါ။

ပွဲစကတည်းက တစ်သင်းနဲ့တစ်သင်းအရဲမစွန့်ဘဲ အမှားစောင့်ကစားနေလို့ ပွဲကအနည်းငယ်အထလေးခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့အမျှ အခွင့်အရေးကိုယ်စီဖန်တီးကာ တဖြည်းဖြည်းအကြိတ်အနယ်ရှိလာခဲ့ပါတယ်။

မန်ယူအသင်းက ရပ်ရှ်ဖို့အပိုင်ကန်ခွင့်ရခဲ့တာကို အသုံးမချနိုင်ခဲ့သလို၊ အာဆင်နယ်အသင်းကလည်း ဂိုးရဖို့နီးစပ်တဲ့အခြေအနေတွေရှိခဲ့ပေမဲ့ လွဲချော်ခဲ့ပါတယ်။ မန်ယူကွင်းလယ်လူ ဖရက်ဒ်အဝေးကန်ချက်တစ်ကြိမ်ကို အာဆင်နယ်ဂိုးသမားလေနို အံ့အားသင့်ဖွယ်ကာကွယ်နိုင်ခဲ့တာကလည်း မန်ယူအသင်းကို နစ်နာစေခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းအနိုင်ရထားလို့ မန်ယူအသင်း အီမရိတ်စ်မှာ အမှတ်ပြည့်ရဖို့ကြိုးစာခဲ့ပေမဲ့ အာဆင်နယ်အသင်းရဲ့ မာမာထန်ထန်တုံ့ပြန်တဲ့ ခံစစ်ပိုင်းကြောင့် အခက်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်တုံ့ပြန်မှုတွေကလည်းမန်ယူခံစစ်ကို အလုပ်ရှုပ်စေခဲ့သလို၊ ပေပေ၊ လာကာဇက်တို့ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့တာကလည်း နစ်နာမှုပါပဲ။

ပထမပိုင်းမှာ ပွဲချိန် (၃၇)မိနစ်မှာပဲ တွမ်မီနေးဒဏ်ရာရသွားလို့ မာစီယဲလ်ဝင်ရောက်ကစားခဲ့ပြီး အဲဒီနောက်ပိုင်းမှာ မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းက အထလေးသလိုဖြစ်သွားတာကလည်း စိတ်ပျက်စရာပါ။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဂိုးတွေရဖို့ တိုက်စစ်ဖွင့်ကြိုးစားလာခဲ့လို့ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပြီး ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေနဲ့ ဂိုးကံခေနေကြလို့သာ သွင်းဂိုးတွေမမြင်ခဲ့ရတာပါ။

ချန်ပီယံဆုကိုတစ်ကျော့ပြန်မျှော်လင့်နေတဲ့ မန်ယူအသင်းအတွက်တော့ (၂)ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့အတူ ထိပ်ဆုံးကမန်စီးတီးနဲ့ (၁)ပွဲပိုကစားကာ၊ (၃)မှတ်အကွာထိဖြစ်သွားခဲ့ပြီး ဒါဟာ ချန်ပီယံဖြစ်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။

အာတီတာဟာ မန်ယူအသင်းရဲ့ တွဲဖက်ညီတဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုကို ဖြတ်တောက်ဖို့ပြင်ဆင်ခဲ့ပြီး ပွဲကစားချိန်အတွင်းမှာလည်း ထိရောက်တဲ့ဟန့်တားမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးဖို့နီးကပ်လာတဲ့ မိနစ် (၈၀)ကျော်မှာတော့ နှစ်သင်းစလုံး ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကို ပိုဦးစားပေးခဲ့လို့ ဘောလုံးကကွင်းလယ်မှာပဲအပျက်များနေခဲ့တာပါ။

ပထမပိုင်းမှာ မန်ယူအသင်းက အခွင့်အရေးဖန်တီးမှုတွေနဲ့ ပိုကောင်းတဲ့ကစားပုံကိုပြသနိုင်ခဲ့ပြီး၊ ဒုတိယပိုင်းပွဲချိန်အများစုမှာတော့ အာဆင်နယ်အသင်းက ပိုပြီးဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ မန်ယူနည်းပြဘ၀ အာဆင်နယ်နဲ့တွေ့ဆုံတဲ့ပရီးမီးယားလိဂ် (၅)ပွဲမှာ (၂)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်နဲ့အတူ နိုင်ပွဲရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး အာဆင်နယ်နည်းပြအာတီတာကတော့ မန်ယူနဲ့တွေ့ဆုံတဲ့ ပရီးမီးယားလိဂ် (၃)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့အတူ ပန်းပန်ထားဆဲပါပဲ။

ချန်ပီယံပြိုင်ဘက် (၂)သင်းရဲ့တွေ့ဆုံမှုက မချင့်မရဲဖြစ်မှုတွေနဲ့အတူ ဂိုးမရှိသရေနဲ့ပြီးဆုံးသွားခဲ့ပြီး ပြိုင်ဘက်တွေများနေတဲ့ ချန်ပီယံလုပွဲနဲ့ ဥရောပဝင်ခွင့်လုပွဲမှာ (၂)သင်းစလုံးအတွက် နစ်နာခဲ့ရတဲ့ရလဒ်လို့ပဲဆိုရပါလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular