ဂါနာနှင့်သရေကျသည့်ပွဲတွင် အီဂျစ်အသင်းခေါင်းဆောင် ဆာလာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး မပြင်းထန်စေရန် မျှော်လင့်ကြောင်း အီဂျစ်နည်းပြ ပြောကြား

အီဂျစ်အသင်းခေါင်းဆောင် ဆာလာ သည် ဂါနာအသင်းနှင့်သရေကျသည့် အာဖရိကနိုင်ငံများဖလားပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ဆာလာအတွက်စိုးရိမ်ကြောင်းနှင့် ဒဏ်ရာမပြင်းထန်စေရန်မျှော်လင့်ကြောင်း အီဂျစ်အသင်းနည်းပြ ရူအီဗစ်တိုးရီးယားက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် အုပ်စုပွဲစဉ်တွင် အီဂျစ်နှင့် ဂါနာအသင်း (၂-၂) ဂိုးစီ သရေကျခဲ့ပြီး ဆာလာမှာ တံကောက်ကြောဒဏ်ရာကြောင့် ပထမပိုင်းမပြီးခင် နာကျင်အချိန်ပိုမှာပင် လူစားလဲခဲ့ရသည်။ ဆာလာသည် ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပေါ်လဲကျ သွားပြီးနောက် ဆေးကုသမှုခံယူခဲ့ရသည်။ အီဂျစ်အသင်းဆေးအဖွဲ့က ၎င်းအနေဖြင့် ဆက်မကစားနိုင်တော့ဟု ဆုံးဖြတ်ခဲ့သောကြောင့် ပထမပိုင်းမပြီးခင် ၄၅+၂ မိနစ်တွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။

myan789

ဆာလာ၏ဒဏ်ရာသတင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ရုန်းကန်နေရသည့် အီဂျစ်အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ အီဂျစ်အသင်းသည် အုပ်စု ပွဲစဉ်နှစ်ပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ အဖွင့်ပွဲ၌ မိုဇမ်ဘစ်အသင်းနှင့် (၂-၂) ဂိုးစီ သရေ၊ ဒုတိယပွဲ၌ ဂါနာအသင်းနှင့် (၂-၂) ဂိုးစီ သရေကျထားသည်။ ဆာလာသည် ယခု ပြိုင်ပွဲတွင် တစ်ဂိုးသွင်းယူပေးထားပြီး မိုဇမ်ဘစ်အသင်းနှင့်ပွဲ၌ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၇ မိနစ်တွင် အရေးပါသည့် ချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အီဂျစ်အသင်းနည်းပြ ရူအီဗစ်တိုးရီးယားက “တကယ်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ အဲဒီဒဏ်ရာ အရမ်းမပြင်းထန်စေဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆာလာအနားယူရမည့်ကာလကို အီ ဂျစ်အသင်းက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တံကောက်ကြောဒဏ်ရာမှာ အနည်းဆုံး တစ်ပတ်မှ နှစ်ပတ်ဝန်းကျင် အနားယူနိုင်သောကြောင့် အီဂျစ်အသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။ 

အုပ်စု (B) တွင် ကိတ်ဗာဒီအသင်းက ခြောက်မှတ်၊ အီဂျစ်အသင်းက နှစ်မှတ်၊ မိုဇမ်ဘစ်နှင့် ဂါနာအသင်းက တစ်မှတ်စီရရှိထားသည်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုပထမနှင့် ဒုတိယအသင်းများ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရပြီး အုပ်စုတတိယအသင်းများအနက် အကောင်းဆုံးလေးသင်းလည်း တက်ရောက်ခွင့်ရမည် ဖြစ်သည်။

ဆာလာ၏ဒဏ်ရာမှာ လီဗာပူးလ်အသင်း ပရိသတ်များအတွက်လည်း စိုးရိမ်စရာဖြစ်စေခဲ့ကြောင်း သိရသည်။ ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၁၄ ဂိုးနှင့် ပြိုင်ပွဲစုံတွင် ၁၈ ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနေသူဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular