ဂန်းနားတို့ လေးမိနစ် အတွင်း သုံးဂိုး သွင်းပြီး ဂိုးပြတ် ပေါက်ကွဲပြခဲ့တဲ့ (အာဆင်နယ် ၃-၀ ဒန်းဒေါ့ ) ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ငါးချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ အိုင်ယာလန် ကလပ် ဒန်းဒေ့ါ အသင်းကို ဂိုးပြတ် ခြေပြတ် ကစားပြီး အနိုင် ရရှိ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် နဲ့ ပွဲအတွက် အဓိက ကစားသမားတွေကို အနားပေးခဲ့ကာ အရန် ကစားသမား အများစု နဲ့ လူငယ်တွေကို ပွဲထုတ် လာခဲ့ပေမယ့် ပြိုင်ဘက် အသင်းကို သက်သောင့်သက်သာ ကစားသွားခဲ့ပြီး သုံးဂိုးပြတ် နဲ့ အနိုင် ရသွားခဲ့ပါတယ် ။

myan789

အာဆင်နယ် အသင်း အတွက် ဂိုးတွေကိုတော့ ပထမပိုင်း ပြီးခါနီးမှာ အန်ခီတီးယား နဲ့ ဝီးလော့ ၊ ဒုတိယပိုင်းအစမှာ နီကိုလပ်စ် ပေပေ တို့က သွင်းယူ ပေးခဲ့တာပါ ။ အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စု ၂ ပွဲ ကစားအပြီးတွင် ၂ ပွဲနိုင် ၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည် နေပါတယ် ။

(အာဆင်နယ် ၃-၀ ဒန်းဒေါ့ ) ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် များကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ သွင်းဂိုးတွေနဲ့ ပြန်လည် ပေါက်ကွဲ ပြခဲ့တဲ့ အာဆင်နယ်

ပြိုင်ဘက် က အားနည်းတဲ့ ဒန်းဒေါ့ အသင်း ဖြစ်နေပေမယ့် ဒီလို ဂိုးပြတ် နိုင်တာက အာဆင်နယ် အသင်း တိုက်စစ် အတွက် ယုံကြည်မှုတွေ ပိုရလာစေမှာ အမှန်ပါပဲ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး PL နှစ်ပွဲဆက် ဂိုးပေါက်ပျောက်နေတာကြောင့် နည်းပြ အာတီတာဟာလည်း ဝေဖန်မှုတွေ အတော် ခံနေရပါတယ် ။

ဒီနေ့ပွဲမှာ ပွဲချိန် မိနစ် ၄၀ ကျော်အထိ ဂိုးမရတာကြောင့် စိုးရိမ် စရာ ရှိခဲ့ပေမယ့် အန်ခီတီးယား ရဲ့ သွင်းဂိုး ကနေ အစပြုကာ လေးမိနစ် အတွင်း သုံးဂိုး သွင်းပြီး ပရိသတ်တွေ မြင်တွေ့ ချင်နေကြတဲ့ အိမ်ကွင်း ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ပုံဖော် နိုင်ခဲ့ပါတယ် ။

၂ ။ ရူနာဆန် ရဲ့ပထမဦးဆုံး ပွဲဦးထွက်

မာတီနက်ဇ် နေရာ အစားထိုးဖို့ ရည်ရွယ်ပြီး ခေါ်ယူခဲ့တဲ့ ရူနာဆန် ဟာ ဒီနေ့ပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမဆုံးပွဲ အဖြစ် ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။ ရူနာဆန် ဟာ အာဆင်နယ် အတွက် ကစားခွင့်ရတဲ့ ၈၇၅ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်း ဂန်းနားတို့အတွက် ကစားခွင့်ရတဲ့ ပထမဆုံး အိုင်စလန် ကစားသမားပါ ။

ပြိုင်ဘက် အသင်း ရဲ့ တိုက်စစ် အားနည်းမှုကြောင့် ရူနာဆန် ဟာ ဂိုးပေါက် ကာကွယ်မှုတွေ သိပ်မပြုလုပ် ခဲ့ရပေမယ့် တည်ကန်ဘောတွေကို ထွက်ကာကွယ်မှု နဲ့ build-up play တွေမှာ အမှားအယွင်း မရှိ ကစားနိုင်ခဲ့ပါတယ် ။ ပထမဆုံး ပွဲမှာတင် clean-sheet ရခဲ့တာကြောင့်လည်း ရူနာဆန် တစ်ယောက် အဖွင့်လှ သွားတယ်လို့ ဆိုရမှာပါ ။

အာဆင်နယ် အသင်းဟာ ​ဇူလိုင်လ ၁ ရက်နေ့မှာကစားခဲ့တဲ့ နောဝှစ်ချ် နဲ့ ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်း အမ်းရိတ်မှာ Clean-Sheet ရယူ နိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း ၆ ပွဲဆက် ဂိုးပေးထားရမှုကို ရူနာဆန် ၊ မူစတာဖီ ၊ ကိုလာစီနက် တို့ကို ပွဲထုတ် ကစားကာ ရပ်တန့် နိုင်ခဲ့ပါပြီ ။

၃ ။ အားရစရာ အနေအထားမှာ မရှိခဲ့တဲ့ ပေပေ

နီကိုလပ်စ် ပေပေ က ဒီနေ့ ပွဲမှာ အာဆင်နယ် အတွက် တစ်ဂိုး သွင်းခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်းကတော့ အားရ စရာ လုံးဝ မရှိခဲ့ပါဘူး ။ ပေပေ ဟာ ဒီနေ့ပွဲမှာ ဘောလုံး ဆုံးရှုံးမှု ၁၅ ကြိမ် အထိ ရှိခဲ့ပြီး အောင်မြင်တဲ့ လိမ်ခေါက် ကျော်ဖြတ်မှုလည်း တစ်ကြိမ်မှ မလုပ် နိုင်ခဲ့ပါဘူး ။

ဒါ့အပြင် ပေပေ ရဲ့ ထောင့်ကန်ဘော ကန်တင်မှုတွေကလည်း အရင်ပွဲတွေက အတိုင်းပဲ ထိရောက်မှု မရှိခဲ့ပြန်ပါဘူး ။ ဒါကြောင့်လည်း အာတီတာ ဟာ ပေပေ ကို ဝီလီယံ နဲ့ လူစားလဲ ပစ်ခဲ့ပါတယ် ။

၄ ။ ဝီးလော့ ရဲ့ အံ့ဖွယ် ခြေစွမ်း

ဒီရာသီ ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ရတဲ့ အချိန်မှာ ဝီးလော့ ဟာ သူ့ရဲ့ အခွင့်အရေး ကို အမိအရ ဖမ်းဆုတ် နိုင်ခဲ့ပါပြီ ။ ဝီးလော့ ဟာ ဒန်းဒေါ့ နဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ရုံသာမက ပေပေ ရဲ့ သွင်းဂိုးမှာလည်း assist ရရှိ ခဲ့ပါတယ် ။

ဝီးလော့ ရဲ့ဒီနေ့ပွဲ စွမ်းဆောင်ရည် မှတ်တမ်းတွေကတော့ ဘောလုံး ပေးပို့ရာမှာ တိကျမှု ၈၈% ၊ ဘောလုံး ထိတွေ့မှု ၈၈ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံး ထိတွေ့မှု ၁၇ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူ နိုင်မှု ၇ ကြိမ် ၊ ဂိုးပေါက် ကန်သွင်းမှု ၃ ကြိမ် ၊ ဂိုးပေါက် တည့်မတ်မှု ၂ ကြိမ် အထိ ရှိခဲ့ပါတယ် ။

၅ ။ နောက်တစ်ဆင့်ကို စောစောစီးစီး တက်ထားရမယ့် အာဆင်နယ်

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲ နိုင် ၊ သွင်းဂိုး ၅ ဂိုး ၊ ပေးဂိုး ၁ ဂိုး နဲ့ အုပ်စုကို ဦးဆောင် နေပါတယ် ။ လာမယ့် အပတ်မှာတော့ ရမှတ်တူနေတဲ့ ဒုတိယ နေရာက နော်ဝေကလပ် မိုလ်ဒီ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ ။

အာတီတာ ဟာလည်း အုပ်စု အဆင့်ကနေ စောစောစီးစီး တက်ရောက်ပြီး အဓိက ကစားသမားတွေ အနားပေးနိုင်အောင် မိုလ်ဒီ နဲ့ ပွဲကို အနိုင် ကစားဖို့ ရှိနေပါတယ် ။ အာဆင်နယ် အသင်းဟာ နိုဝင်ဘာလ အကုန် ဒီဇင်ဘာလ အဝင်မှာ ဝုလ်ဗာဟမ်တန် ၊ တော့တင်ဟမ် ၊ အဲဗာတန် ၊ ချဲလ်ဆီး တို့နဲ့ ကစားဖို့ ရှိနေတာကြောင့် ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်လှမ်းထားနိုင်ရင် ပိုမို ကောင်းမွန်ပါလိမ့်မယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular