ဂန်းနားတို့ နောက်တစ်ဆင့်တက်ဖို့ အလားအလာ ကောင်းသွားခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲ ( အာဆင်နယ် ၄-၁ မိုလ်ဒီ ) မှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၄ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် (၃) မှာတော့ အိမ်ရှင် အာဆင်နယ်အသင်းဟာ အုပ်စုတွင်း အဓိက ပြိုင်ဘက် ဖြစ်တဲ့ နော်ဝေ ကလပ် မိုလ်ဒီ အသင်းကို လေးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မိုလ်ဒီ အသင်းကို OG သွင်းဂိုး နှစ်ဂိုး ၊ ဝီးလော့ ၊ ပေပေ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင် ရခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ ဧည့်သည် မိုလ်ဒီ အသင်းဟာ ဦးဆောင်ဂိုး စတင် ရရှိ ခဲ့တာ ဖြစ်ပြီး အယ်လင်ဆန် က ဂိုးဧရိယာ အပြင်ဘက်ကနေ ဘယ်ခြေ နဲ့ ကန်သွင်းယူသွားခဲ့တာပါ ။

myan789

အာဆင်နယ် အသင်းဟာ ပထမပိုင်းပြီးခါနီးမှာတော့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုး ပြန်လည် ရရှိ ခဲ့ပြီး အန်ခီတီးယား ရဲ့ ဖြတ်တင် ပေးပို့မှုကို ပြိုင်ဘက် နောက်ခံလူ ဟော့ဂန် ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိတာပါ ။ အာဆင်နယ် အသင်းရဲ့ ချေပဂိုးဟာ ဝီလီယံ ၊ ရှာကာ ၊ အန်ခီတီးယား တို့ရဲ့ တွဲလုံးကနေ ရရှိ ခဲ့တာဖြစ်ပြီး ဝီးလော့ ရဲ့ လိုက်လံ ဖိအားပေးမှုကြောင့် ဟော့ဂန် ကိုယ့်ဂိုးကိုယ် သွင်းမိ သွားခဲ့တာ ဖြစ်ပါတယ် ။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ အာဆင်နယ် အသင်း ဦးဆောင်ဂိုး ပြန်လည် ရရှိခဲ့ပြီး ဝီးလော့ ရဲ့ ဖြတ်တင်ပေးပို့မှုကို လူစားဝင်လာတာ မကြာသေးတဲ့ ဆီယန် ရှင်းထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိတာပါ ။

အာဆင်နယ် အတွက် တတိယဂိုးကတော့ လူစားဝင် ကစားသမား ဆာကာ ရဲ့ ပေးပို့မှုကနေ နီကိုလပ်စ် ပေပေ က ဘယ်ခြေနဲ့ ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံး သွင်းဂိုးကတော့ ပေပေ ရဲ့ ပေးပို့မှုကနေ ခြေစွမ်းပြနေတဲ့ ဝီးလော့ က အပြင်း ကန်သွင်းခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ ဒီနေ့ နိုင်ပွဲကြောင့် သုံးပွဲ ကစား ၊ သုံးပွဲနိုင် ၊ ရမှတ် ၉မှတ်နဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

( အာဆင်နယ် ၄-၁ မိုလ်ဒီ ) ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အာဆင်နယ် အတွက် မိုလ်ဒီ ကစားသမားတွေရဲ့ လက်ဆောင်ဂိုးများ

ဒီနေ့ပွဲမှာ မိုလ်ဒီ အသင်းဟာ ဦးဆောင်ဂိုး စတင် သွင်းယူပြီး အာဆင်နယ် အသင်းကို ဖိအား ဝင်စေခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကိုယ့်ဂိုးကိုယ် သွင်းယူမှုတွေကနေ ချေပဂိုး နဲ့ ဦးဆောင်ဂိုး ပြန်ပေးလိုက် ရချိန်မှာတော့ မိုလ်ဒီ အသင်းဟာ ပြိုလဲ သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်း ရရှိတဲ့ OG နှစ်လုံးစလုံးဟာ ကံကောင်းလို့ ရခဲ့တာမျိုး မဟုတ်ဘဲ မလွှဲမရှောင်သာ အခြေအနေမှာ ရှင်းထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ကြတာပါ ။ မိုလ်ဒီ အသင်း ကစားသမားတွေ မရှင်းထုတ်နိုင်ရင်လည်း အာဆင်နယ် အသင်း ကစားသမားတွေ ပိတ်သွင်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ် ။

၂ ။ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု လုပ်ခဲ့ပေမယ့် အားရစရာ မရှိခဲ့တဲ့ နီကိုလပ်စ် ပေပေ ရဲ့ ခြေစွမ်း

အာဆင်နယ် အသင်းဟာ ဒီနေ့ပွဲမှာ မိုလ်ဒီ အသင်း ကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား နိုင်ခဲ့ပေမယ့် ပေပေ ကတော့ ပွဲချိန် ၆၉ မိနစ်လောက် အထိ လောက်လောက်လားလား ဘာမှ မလုပ်ပြ နိုင်ခဲ့ပါဘူး ။ ပထမပိုင်းအတွင်း သူ့ရဲ့ တစ်ဦးချင်း ကျော်ဖြတ်မှု နဲ့ ဖြတ်တင်ဘောတွေဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် အတော်လေး ဆိုးရွားခဲ့ပါတယ် ။

ပွဲချိန် မိနစ် ၇၀ အရောက်မှသာ ပေပေ ဟာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီး ဝီးလော့ ရဲ့ သွင်းဂိုး ကိုလည်း ဖန်တီး နိုင်ခဲ့ပါတယ် ။ အာတီတာ တစ်ယောက် အမြဲ ထောက်ပြနေကြ ဖြစ်တဲ့ ပေပေ တစ်ယောက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်မှု အပိုင်းမှာ အားနည်းတာကို ဒီနေ့မှာ ထပ်မံ မြင်တွေ့ ခဲ့ရပြန်ပါတယ် ။

၃ ။ ယူရိုပါလိဂ်မှာ အစွမ်းပြနေတဲ့ ဝီးလော့

ယူရိုပါလိဂ် အုပ်စု အဆင့် ပွဲစဉ်ဟာ လူငယ် ကစားသမားတွေ တောက်ပဖို့ အခွင့်အရေး ရတတ်တဲ့ ပြိုင်ပွဲတစ်ခုပါ ။ ပြီးခဲ့တဲ့နှစ်တွေက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဆာကာ ခြေစွမ်းပြ ခဲ့သလို ဒီနှစ်မှာလည်း ဝီးလော့ က ဆက်လက် တောက်ပလျက် ရှိနေပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ် ဒန်းဒေါ့ နဲ့ ပွဲမှာ ဝီးလော့ ဟာ Man of the Match ဖြစ်ခဲ့သလို ဒီတစ်ပတ် ပွဲမှာလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့ပါတယ် ။ ဝီးလော့ ဟာ ကစားခွင့် ရချိန်မှာ လုပ်အားနှုန်းကောင်းကောင်း ၊ အင်တိုက်အားတိုက် ကစားနေတာကို တွေ့ရပြီး အသင်းအတွက် သွင်းဂိုး တစ်ဂိုး ၊ ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ဝီးလော့ ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ကစားခွင့် မရသေးပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း အာတီတာ ကို အသိပေး ပြသ နိုင်ခဲ့ပါတယ် ။

၄ ။ ပြောစရာတွေ ရှိနေတဲ့ မိုလ်ဒီ အသင်း ရဲ့ ဦးဆောင်ဂိုး

မိုလ်ဒီ အသင်း ရရှိ သွားတဲ့ ဦးဆောင်ဂိုး က ပေးပို့မှု နှစ်ကြိမ် ထဲ နဲ့ ရရှိ ခဲ့တာပါ ။ လီနို ရဲ့ ကန်တင် ပေးပို့မှု ကို ပြိုင်ဘက်က ကွင်းလယ်နားကနေ ခေါင်းတိုက် ရှင်းထုတ်လိုက်တယ် ၊ အဲ့ဒီ ဘောလုံးကို အစ်ရန် က အယ်လင်ဆန် ဆီ ပေးတယ် ၊ အယ်လင်ဆန် က ၂၅ ကိုက် အကွာကနေဘယ်ခြေနဲ့ ကန်သွင်းယူသွားတယ် ၊ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ ။

ဒီသွင်းဂိုးဟာ နောက်တန်း ကနေ ဘောလုံးတည် မကစားခြင်းရဲ့ အကျိုးရလဒ်လို့ ဆိုနိုင်ပြီး လီနို က အန်ခီတီးယား ဆီ ပေးပို့လိုက်ပေမယ့် ပြိုင်ဘက်က ရှင်းထုတ်လိုက်ချိန်မှာ လီနို ကော အာဆင်နယ် အသင်း နောက်တန်း ကစားသမားတွေ အားလုံးကော out of position ဖြစ်နေကြပြီး အဆင်သင့် အနေအထားမှာ ရှိမနေကြပါဘူး ။ ဒါကြောင့်လည်း အာတီတာ တစ်ယောက် နောက်တန်းကနေ ဘောလုံးတည်ကစားဖို့ကိုပဲ အာရုံစိုက် လုပ်ဆောင်နေတာပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular