ခြင်္သေ့ပြာတို့ ဥရောပ စူပါဖလားရဲ့ ပင်နယ်တီ ကျိန်စာဆိုးကို ချေဖျက်ပြခဲ့တဲ့ ချဲလ်ဆီး ၁ – ၁ ဗီလာရီးရဲလ် ( Pen ၆ – ၅ ) ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

၂၀၂၁ခုနှစ်ရဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဗီလာရီးရဲလ် အသင်းတို့ ယနေ့မနက် ၊ မြောက်အိုက်ယာလန် ၊ ဘဲလ်ဖတ်စ်မြို့ ၊ ဝင်းဆော ဘောလုံးကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရာ ၊ သာမန် မိနစ် ၉၀ အပါအဝင် အချိန်ပို ၁၅မိနစ် ထပ်ကစားခဲ့ပေမယ့် တဖက် တဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ် ။

ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ချဲလ်ဆီးဖက်က ကိုင်ဟာဗက်ဇ် အဖွင့် ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ၊ နောက်ထပ် ၆ကြိမ်ဆက် သွင်းရာမှာတော့ ဂိုးဝင်ခဲ့ပြီး ၊ ဗီလာရီးရဲလ်ဖက်က ဒုတိယမြောက် ပင်နယ်တီနဲ့ နောက်ဆုံး အပိတ် ပင်နယ်တီ တို့ကိုတော့ ချဲလ်ဆီးရဲ့ လူစားဝင် ဂိုးသမား ကီပါ လက်စွမ်းပြ ကာကွယ်ခဲ့လို့ ၊ ချဲလ်ဆီးတို့ ၂၀၂၁ခုနှစ်ရဲ့ ဥရောပ စူပါဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

myan789

ချဲလ်ဆီး ဟာ ဒီဗိုလ်လုပွဲ မတိုင်မီ နောက်ဆုံး ဥရောပ စူပါဖလား ဖိုင်နယ် ၂ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အရေးနိမ့်ခဲ့ရပြီး ၊ ဒီတကြိမ်မှာတော့ ကီပါရဲ့ လက်စွမ်းပြမှုနဲ့ အတူ ပင်နယ်တီ ကျိန်စာဆိုးကို ချေဖျက်ပြနိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ် ။

၁ ။ မတူညီတဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း

ချဲလ်ဆီး အသင်းဟာ ဒီပွဲမှာ ယူရိုဖိုင်နယ်နဲ့ ကိုပါ အမေရိက ဖိုင်နယ် နွှဲထားတဲ့ ကစားသမားတွေကလွဲရင် ကျန်တဲ့ နေရာတွေမှာ လူစုံတက်စုံ နီးပါး အသုံးပြုခဲ့ပါတယ် ။ ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ၊ ပွဲစစချင်းနဲ့ ပထမပိုင်း တပိုင်းလုံးနီးပါး လန်းဆန်း တက်ကြွနေခဲ့တာကို တွေ့ရပါတယ် ။

ဗီလာရီးရဲလ် ဖက်ကတော့ ခံစစ် ကျစ်လျစ်မှုကို အဓိက ဦးတည်ခဲ့တာကြောင့် ၊ ပထမပိုင်းမှာ ချဲလ်ဆီး ဟာ ဘောလုံး ပိုင်ဆိုင်မှု တဖက်သတ် အသာစီး ယူနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင်ခဲ့ကာ ၊ လိုအပ်တဲ့ အဖွင့်ဂိုးကိုလည်း ဇီယက်ချ် က သွင်းယူပေးခဲ့ပါတယ် ။

အဖွင့်ဂိုး ရပြီးတဲ့နောက် ချဲလ်ဆီး အသင်းရဲ့ ကစားပုံ က အနည်းငယ် သွေးအေးသွားခဲ့ပြီး ၊ ဗီလာရီးရဲလ်ကို ပြန်ပြီး အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုကောင်းခဲ့တဲ့ အသင်းက ဗီလာရီးရဲလ် ဖြစ်ပြီး ၊ ချဲလ်ဆီးဖက်က အမှားလုပ်တာတွေ ၊ ဟာကွက်တွေ ပိုများလာခဲ့ပါတယ် ။ မိနစ် ၇၀ ကျော် အရောက်မှာတော့ ဗီလာရီးရဲလ် တိုက်စစ်မှူး ဂျရတ် မိုရီနို က ချဲလ်ဆီး နောက်တန်း အငိုက်မိနေခြင်းကို အသုံးချကာ ၊ ဒီယာနဲ့ ဝမ်းတူးရိုက်ပြီး ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။

၂ ။ တူချယ်ရဲ့ ယုံကြည်မှုကို ရရှိနေတဲ့ လူငယ် နောက်ခံလူ ချာလိုဘာ

ဥရောပ စူပါဖလား မတိုင်မီ ၊ ခြေစမ်းပွဲတွေမှာ တောက်လျှောက် ကစားခွင့်ရပြီး ခြေစွမ်းကောင်း ပြသနေတဲ့ အကယ်ဒမီထွက် လူငယ် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ ဟာ မနေ့ညက ပွဲမှာ တူချယ်ရဲ့ ယုံကြည်မှုရှိရှိနဲ့ နေရာပေးခြင်းကို ရရှိခဲ့သလို ၊ အရေးပါတဲ့ ဖြတ်ထုတ်မှု ၊ တာဆီးမှု ၊ အမြင့်ဘော ကြိုဦးနိုင်မှု အစရှိတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ချာလိုဘာ ဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ် လီဂူးဝမ်း ကလပ် လိုရီးယန့် အသင်းသို့ အငှားထွက်ခဲ့ပြီး ၊ တန်းမဆင်းရအောင် တဖက်တလမ်းက ကူညီပေးနိုင်ခဲ့ပါတယ် ။ ယခု အပြောင်းအရွှေ့ ဈေးကွက် အတွင်း ချာလိုဘာ တယောက် အငှားထပ်ထွက် ရနိုင်ခြေ ရှိသည့်တိုင် ၊ တူချယ် ကတော့ ၎င်းကို လုံးဝ ရောင်းချခြင်း မပြုဖို့ ချဲလ်ဆီး ဘုတ်အဖွဲ့ထံ မှာကြားထားတယ်လို့ သိရပါတယ် ။

၃ ။ တကျော့ပြန် ကီပါ

ဒုတိယ ဦးစားပေး ဂိုးသမား အဆင့်သာ ရှိတော့ပေမယ့် ၊ ကီပါ ဟာ ချဲလ်ဆီး အတွက် လိုအပ်တဲ့ အခါတိုင်း ၊ တထောင့် တနေရာက ပါဝင် ကူညီပေးနိုင်စွမ်းရှိတယ် ဆိုတာကို ဒီပွဲမှာ သက်သေပြနိုင်ခဲ့ပါတယ် ။ ဒါဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီ ၊ ကာရာဘောင် ဖလား ဖိုင်နယ်က အဖြစ်ကို ပြန်လည် ထင်ဟပ်စေခဲ့ပါတယ် ။

ထိုစဉ်က ကီပါ ဟာ ချဲလ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်ခဲ့ပေမယ့် ၊ နည်းပြ ဖြစ်သူ ဆာရီရဲ့ ဝီလီ ကာဘယ်လာရိုနဲ့ လူစားလဲဖို့ ဆင့်ခေါ်ခြင်းကို ပေပေတေတေ ငြင်းဆန်ခဲ့ဖူးပါတယ် ။ မနေ့ည က ပွဲမှာတော့ ပထမ ဦးစားပေး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ နည်းပြ တူချယ်ရဲ့ လူစားလဲဖို့ ဆင့်ခေါ်မှုကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကာ ၊ ကလပ် အတွင်း စည်းလုံးမှုကောင်းကို ပြသခဲ့သလို ၊ ၁၉၉၈ ခုနှစ် နောက်ပိုင်း ဝေးကွာနေခဲ့တဲ့ ဥရောပ စူပါဖလားကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။
၄ ။ ဇီယက်ချ် အတွက် အဆိုးအကောင်း ဒွန်တွဲခဲ့တဲ့ စူပါဖလားည

ဥရောပ စူပါဖလား ဗိုလ်လုပွဲ မတိုင်မီ ၊ နောက်ဆုံး ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ ခြေစမ်းပွဲမှာ ၂ဂိုးသွင်းကာ ၊ ခြေစွမ်းပြခဲ့တဲ့ ဇီယက်ချ် ဟာ လာမယ့် ရာသီသစ်မှာ တူချယ် အတွက် အားထားရနိုင်တဲ့ ကြယ်ပွင့် တဦး ဖြစ်လာနိုင်ပါတယ် ။ တူချယ်ရဲ့ ယုံယုံကြည်ကြည်နဲ့ ပွဲထုတ်မှုကို ဇီယက်ချ် တယောက် ဥရောပ စူပါဖလား သွင်းဂိုးနဲ့ ပြန်လည် ပေးဆပ်နိုင်ခဲ့ပါတယ် ။

ကံဆိုးစွာနဲ့ ပထမပိုင်းပြီးခါနီးမှာ ဇီယက်ချ် ဟာ ထောင့်ကန်ဘော နေရာယူတဲ့ နေရာမှာ ပြိုင်ဖက် ဗီလာရီးရဲလ် ကစားသမား တဦးနဲ့ ထိခိုက်မိပြီး ၊ လက်မောင်း အဆစ်လွဲသလို ဖြစ်သွားခဲ့တာကြောင့် ၊ ဆက်မကစားနိုင်တော့ပဲ ၊ ခရစ်တီယန် ပူလီဆစ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

၅ ။ အနာဂတ် မသေချာ မရေရာနေတဲ့ ဇူးမား

သီယာဂို ဆေးလ်ဗား ကြံ့ခိုင်မှု မပြည့်သေးလို့ ၊ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ ဇူးမား တယောက် ပွဲထွက်ခွင့် ပိုင်ဆိုင်ခဲ့ပေမယ့် ၊ တူချယ်ကတော့ ၎င်းရဲ့ ပျမ်းမျှ စွမ်းဆောင်ရည် အပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးတာကို ဒုတိယပိုင်း အတွင်း အန်ဒရီယာစ် ခရစ်တန်ဆန်နဲ့ လူစားလဲခဲ့ခြင်း က ထောက်ပြနေပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ဟာ ရိုမီလူ လူကာကူကို ပေါင် ၉၇.၅သန်းနဲ့ အပြီးသတ် ခေါ်ယူပြီးတာနဲ့ ၊ ၎င်းတို့ရဲ့ ဒုတိယ ပစ်မှတ် ဆီဗီးလား နောက်ခံလူ ဂျူးလ်စ်ကွန်းဒေးကို ခေါ်ယူဖို့ ၊ ခြေလှမ်းသွက်သွက်နဲ့ ကြိုးစားလာနိုင်ပါတယ် ။ ဇူးမား ဟာ အစောပိုင်းမှာ ကွန်းဒေး အတွက် ပြောင်းရွှေ့ကြေး တစိတ်တပိုင်းမှာ ပါဝင်ခဲ့ပေမယ့် ၊ ၎င်းကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်မှာသာ ဆက်လက် ကျင်လည်လိုသေးတယ်လို့ သိထားရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular