ခံစစ်အားနည်းမှုတွေနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေနဲ့သာကျနပ်ခဲ့ရတဲ့ချယ်လ်ဆီး

ချယ်လ်ဆီး ၃-၃ ဆောက်သမ်တန်

ချယ်လ်ဆီးနည်းပြလမ်းပတ်အတွက်တော့ ပြီးခဲ့တဲ့ရာသီကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ခံစစ်ပိုင်းရဲ့ကြီးမားတဲ့ဟာကွက်တွေ၊ အားနည်းချက်တွေ၊ အမှားတွေက ဒီရာသီအထိကို လိုက်ပါဒုက္ခပေးနေတုန်းပါပဲ။

myan789

တိုက်စစ်ကဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းပေးပေမယ့် ခံစစ်ပိုင်းကတော့ လွယ်ကူတဲ့ဂိုးတွေကို ခွင့်ပြုနေရတာက အသင်းကြီးတစ်သင်းအတွက်တော့ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ လျင်မြန်တယ်၊ မာကျောမှုရှိတယ်။ ပြိုင်ဘက်ခံစစ် ထောင့်ပေါင်းစုံကနေ ဖိအားပေးတတ်တဲ့အသင်းဖြစ်တယ်။ ဒီလိုအသင်းနဲ့တွေ့ဆုံမှုမှာ လမ်းပတ်ဟာ ခံစစ်ပိုင်းအတွက် အိမ်စာမကျေညက်ခဲ့ပါဘူး။

ချယ်လ်ဆီးဂိုးသမားကယ်ပါဟာ အခွင့်အရေးပေးလို့မရတော့တဲ့အခြေအနေဖြစ်သလို၊ သီယာဂိုဆေးလ်ဗားမပါဝင်နိုင်ချိန်မှာ ခရစ္စတန်နဲ့ ဇူးမားတွဲဖက်ထားတဲ့ ခံစစ်အထိုင်က တစ်ဦးချင်းထိန်းချုပ်နိုင်မှုတွေမှာ အားနည်းချက်ကြီးမားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက်ကျေနပ်စရာကောင်းခဲ့တာက တိုက်စစ်မှူးသစ်ဗာနာ ဂိုးပေါက်တွေ့ခဲ့တာဖြစ်ပြီး၊ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းချိတ်ဆက်မှုတွေက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ ချယ်လ်ဆီးအသင်းကို ဒုက္ခပေးလေ့ရှိတဲ့အစဉ်အလာအတိုင်း ဒီနေ့ပွဲမှာလည်း တိုက်စစ်မှူးတွေသာ အဆုံးသတ်သေချာခဲ့ရင်၊ အခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့ရင် စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရသွားနိုင်တဲ့အထိကို အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။

လက်ရှိချယ်လ်ဆီးအသင်းရဲ့ ကစားသမားစုဖွဲ့မှုက ထိပ်တန်းအဆင့်ဆိုရင်တောင် နည်းပြလမ်းပတ်အနေနဲ့ တည်ငြိမ်တဲ့ Form တစ်ခုကိုမချမှတ်နိုင်ခဲ့ရင် လာမယ့်ပွဲစဉ်တွေမှာ ဖိအားတွေပိုတိုးလာပါလိမ့်မယ်။

ပွဲချိန် (၁၅)မိနစ်မှာ ဗာနာက ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူခဲ့ပြီး ဒါဟာသူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ပါတယ်။

ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးအသင်းဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး (၂၈)မိနစ်မှာ ဗာနာကပဲ ဆောက်သမ်တန်ဂိုးသမားကိုကျော်ဖြတ်ကာ လှပတဲ့ဂိုးတစ်ဂိုးထပ်မံသွင်းယူပြီး ချယ်လ်ဆီးအသင်းကို ဦးဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့ (၂)ဂိုးပြတ်အနိုင်ရချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားပုံက လျော့တိလျော့ရဲနိုင်လွန်းခဲ့ပြီး ခံစစ်ပိုင်းအနေနဲ့ ပြိုင်ဘက်တိုက်စစ်ကိုထိန်းချုပ်ရာမှာ ယုံကြည်မှုနည်းနေတာက စိုးရိမ်စရာပါ။

ပွဲချိန် (၄၃)မိနစ်မှာတော့ ဆောက်သမ်တန်အသင်းချေပဂိုးရခဲ့ပြီး ဒန်နီအင့်စ်က သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာတော့ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ဆောက်သမ်တန်အသင်း ကစားအားပိုကောင်းလာခဲ့လို့ ချယ်လ်ဆီးအသင်းခံစစ်ပိုပြီး ဖရိုဖရဲဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံလျော့ရဲနေတာကတစ်ဆင့် ဆောက်သမ်တန်အသင်း ဖိအားပေးကစားလာနိုင်ခဲ့ပြီး ပွဲချိန် (၅၇)မိနစ်မှာ ချီအဒမ်စ်က ဆောက်သမ်တန်အသင်းအတွက် ဒုတိယချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒီဂိုးမှာလည်း ချယ်လ်ဆီးနောက်ခံလူ ဇူးမားနဲ့ ဂိုးသမားကယ်ပါတို့အကြားနားလည်မှုလွဲမှာခြင်းက အဓိကအားနည်းချက်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် (၅၉)မိနစ်မှာ ဗာနာရဲ့အနီးကပ်ပေးပို့မှုကနေ ဟာဗက်ဇ်က တတိယဂိုးသွင်းယူခဲ့လို့ ချယ်လ်ဆီးအသင်းပြန်လည်ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဦးဆောင်ဂိုးရခဲ့တဲ့ချယ်လ်ဆီးကို ကစားသမားအပြောင်းအလဲတွေလုပ်ပြီး ပွဲကိုထိန်းချုပ်ကစားဖို့ကြိုးစားပေမယ့် ဆောက်သမ်တန်အသင်းရဲ့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကစားအားက ချယ်လ်ဆီးခံစစ်ကို ဆက်တိုက်ဖိအားပေးခဲ့တာပါ။

ဒါကြောင့်လည်း ဆောက်သမ်တန်အသင်း အခွင့်အရေးတွေဆက်တိုက်ရခဲ့ပြီး တိုက်စစ်ပိုင်းကအသုံးမချနိုင်ခဲ့လို့သာ ချယ်လ်ဆီးအသင်းသက်သာရာရခဲ့တာပါ။

(၃-၂)ဂိုးရလဒ်အတိုင်းပွဲပြီးဖို့နီးစပ်ခဲ့ပေမယ့် မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ ဆောက်သမ်တန်အသင်းအဖိုးတန်ချေပဂိုးရရှိခဲ့ပြီး ဗက်စတာဂေါ့ ကသွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ (၃-၃)ဂိုးနဲ့ပြီးဆုံးသွားခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်တွေ ပွဲကျပ်နေချိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေရလဒ်သာရရှိခဲ့လို့ စိတ်ပျက်စရာကောင်းခဲ့သလို၊ နည်းပြလမ်းပတ်အတွက်လည်း
ဖိအားတိုးစေခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular