ဒဏ်ရာရရှိသွားတဲ့ ကာဗာဂျယ်ရဲ့နေရာကိုအစားထိုးဖို့ ရီးရဲလ်မက်ဒရစ်ဟာ ညာနောက်တန်းကစားသမားတစ်ဦးရှာဖွေနေပြီဖြစ်ပါတယ်လို့ သတင်းရင်းမြစ်တွေက ESPN သို့ ပြောကြားထားသော်လည်း ဇန်နဝါရီဈေးကွက်မှာ မှန်ကန်တဲ့ ကစားသမားကိုရှာဖွေဖို့က ခက်ခဲတယ်ဆိုတာကို လာလီဂါကလပ်က သိရှိပြီးဖြစ်ပါတယ်။
သူဟာ စနေနေ့က ဗီလာရီးရဲလ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စပိန်နိုင်ငံသားဟာ ညာခြေထောက်ရှိ အတွင်းအပြင် အရွတ်များတွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်မှုလိုအပ်တာဖြစ်ကြောင်း နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ခံစစ်မှူးရဲ့ ကာလရှည်နားရမှုကြောင့် လူးကပ်စ်ဗက်ကွက်ဇ်ဟာ တောင်ပံခံစစ်မှူးအဖြစ်ပြောင်းလဲကစားရမှာဖြစ်ပြီး မက်ဒရစ်ရဲ့ ညာနောက်တန်းရှိ စီနီယာကစားသမားရွေးချယ်မှုတွင် ဗက်ကွက်ဇ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ကာဗာဂျယ်ဒဏ်ရာရရှိပြီးကတည်းက မက်ဒရစ်ဟာ ကစားသမား ၁၀ ဦးထက်မနည်း ကမ်းလှမ်းမှုများလုပ်ထားသော်လည်း အခြားကလပ်တွေမှာ စာချုပ်သက်တမ်းရှိနေတဲ့သူတွေကို ခေါ်ယူဖို့ဆိုတာက ခက်ခဲမှာဖြစ်ပါတယ်။
မက်ဒရစ်ဟာ လီဗာပူးစတား အာနိုးလ်ကို မျက်စိကျနေတာဖြစ်ပြီး အင်္ဂလန်သားရဲ့အန်ဖီးလ်နှင့်စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ကလပ်ကလည်း အင်္ဂလန်သားကို အခြားသူများထက် ပိုမိုအားအလာရှိမယ်လို့ သတ်မှတ်ထားပြီး ကာဗာဂျယ် ဒဏ်ရာရရှိသွားချိန်မှာ သူ့ရဲ့ကစားပုံနှင့် နိုင်ငံတကာအတွေ့အကြုံရှိမှုတွေက အကောင်းဆုံးရွေးချယ်စရာလည်း ဖြစ်နေပါတယ်။
အာနိုးလ်အနေနဲ့ လီဗာပူးကနေ ထွက်ခွာမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း မက်ဒရစ်ကတော့ ညှိနှိုင်းမှုများဖြင့် ရာသီဝက်မှာ ပရီးမီးယားလိဂ်ကလပ်နေက ခေါ်ယူဖို့ဆိုတာက ရှုပ်ထွေးမှုတွေရှိလာနိုင်တောကို သိနေတာဖြစ်ပါတယ်။
မက်ဒရစ်ဟာ နောက်ထပ်ကစားသမားတွေကိုရှာဖွေနေပြီး အသင်းရဲ့ခံစစ်မှာ နာချိုထွက်ခွာသွားသလို ပစ်မှတ်ထားခဲ့တဲ့ လန်နီရိုယိုကိုလည်း ယူနိုက်တက်ထံ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ဘယ်နောက်တန်းအတွက် ပြီးခဲ့တဲ့ရာသီတုန်းက အယ်လ်ဖုန်ဆိုဒေးဗီစ်ကို ခေါ်ယူချင်ခဲ့သော်လည်း ကနေဒါနိုင်ငံသားကို ၂၀၂၅ နွေရာသီမှာ အလွတ်ဖြင့်ခေါ်ယူနိုင်ဖို့ ဦးစားပေးပစ်မှတ်ထားရှိထားပါတယ်။
သို့သော်လည်း ဇန်နဝါရီမှာခေါ်ယူဖို့ဆိုတာက ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှုရယူရမှာဖြစ်ပြီး ဂျာမန်ကလပ်နေနဲ့ လွယ်လွယ်နဲ့လက်လွှတ်မှာမဟုတ်ဘူးဆိုတာ မက်ဒရစ်က မျှော်လင့်ပြီးသားဖြစ်ပါတယ်။
နည်းပြကြီး အန်ဆယ်လော့တီကတော့ ကလပ်ရဲ့ခံစစ်ပိုင်းကို အင်အားတောင့်တင်းလိုနေတာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ESPN သို့ ပြောထားပါတယ်။
ရိုယိုရဲ့အပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့လက်ဦးခြင်းကိုခံခဲ့ရပြီးနောက် မက်ဒရစ်ရဲ့ဗဟိုခံစစ်မှာ မီလီတာအိုနှင့် ရူဒီဂါတို့ကသာ ပထမဦးစားပေးအဖြစ် ရှိနေပါတယ်။
အလာဘာကလည်း ကာလရှည်ဒဏ်ရာရရှိနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါနေရာတွင် အလှည့်ကျအသုံးပြုနိုင်ဖို့ အန်ဆယ်လော့တီတွင် ကွင်းလယ်ကစားသမား ချူအာမီနီ ဒါမှမဟုတ် ဗယ်လီဂျိုတို့သာရှိနေပါတယ်။
ကာဗာဂျယ်ဒဏ်ရာရရှိသွားတာက အသင်းရဲ့ခံစစ်အတွက် ကစားသမားရွေးချယ်မှုကို နည်းပါးသွားစေပါတယ်။ အရန်ကစားသမားအဖြစ် ကစားဖူးတာကြောင့် ဗက်ကွက်ဇ်ကို အသုံးပြုနိုင်သော်လည်း ညာနောက်တန်းကစားသမားအဖြစ် ပုံမှန်ပွဲထွက်စေဖို့အတွက် မသေချာမှုတွေရှိနေတာဖြစ်ပါတယ်။
ဘယ်နောက်တန်းမှာ မန်ဒီက ပထမဦးစားပေးအဖြစ်ရှိနေပြီး ဂါစီယာလည်းရှိနေပါတယ်။ နည်းပြအဖွဲ့ဝင်တွေကတော့ ဂါစီယာရဲ့အဆင့်အတန်းကို လုံလောက်မှုရှိတယ်လို့ သတ်မှတ်ထားခြင်းမရှိနေတာပါ။
မက်ဒရစ်ကတော့ ကစားသမားတစ်ဦးကို စောစောစီးစီးခေါ်ယူချင်နေပြီး လူငယ်များကိုသာ ဦးစားပေးပြီး ခေါ်ယူမှာဖြစ်ပါတယ်။ သူတို့တွေနဲ့ ခေါ်ယူဖို့ စည်းရုံးနိုင်ခြင်းမရှိခဲ့ဘူးဆိုပါက ရိုယိုကို မခေါ်ယူနိုင်ခဲ့တုန်းကလိုမျိုး အသင်းရဲ့လူစာရင်းက အားနည်းနေမှာဖြစ်ပါတယ်။