ကစားသမားသစ် တဦးကြောင့် ချဲလ်ဆီးတို့ မန်စီးတီးကို ပရီးမီးယားလိဂ် ဖလား ပြန်လည် စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူမှု ၃ခု ပြုလုပ်ခဲ့ပြီး ၊ တခုကတော့ အင်တာမီလန် အသင်းကနေ ၄င်းတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ် ။

ဒါဟာ နဂိုကတည်းက အင်အား တောင့်တင်းမှု ရှိထားပြီးသား ချဲလ်ဆီး အသင်း အတွက် နောက်ဆုံး လိုအပ်နေတဲ့ နေရာ တနေရာ ကို အနားသတ် ဖြည့်တင်းမှု လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့်လည်း ချဲလ်ဆီး ဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်း ကို အနီးကပ် စိန်ခေါ်မယ့် အသင်း တသင်း ရေပန်းစား လာပါတယ် ။

myan789

လက်ရှိ ပရီးမီးယားလိဂ် ၃ပွဲ ကစားထားပြီးချိန် မှာ ရမှတ် ၇မှတ် ယူထားတဲ့ ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ အန်းဖီးလ် က ပွဲမှာလည်း လီဗာပူး ကို ဒုတိယပိုင်း တယောက်လျော့ အနေအထားနဲ့ သရေ တမှတ်ကို ကျားကုတ်ကျားခဲ စွမ်းဆောင်သွားခဲ့ပါတယ် ။

တဖက်မှာ ဂိုးသွင်းစက် အသစ် လူကာကူ ကတော့ အာဆင်နယ် နဲ့ လန်ဒန်ဒါဘီ ၊ ချဲလ်ဆီး အတွက် တကျော့ပြန် ပထမဆုံး ပွဲထွက်ခွင့် မှာ ကလပ် အတွက် ဗွေဆော်ဦးဂိုး ကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ လီဗာပူးနဲ့ ပွဲမှာလည်း ၄င်းဟာ သီးသန့်ကြီး ထိုးထောင်ထွက်နေတဲ့ ခြေစွမ်းမျိုး မပြခဲ့ပေမယ့် ၊ လိုအပ်တဲ့ ကဏ္ဍတွေမှာ အပြည့်အဝ ကစားပေးခဲ့ပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ က တချိန်က ၄င်းနဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ လူကာကူ ဟာ လက်ရှိ ချဲလ်ဆီး အသင်းမှာ လိုအပ်နေတဲ့ အဖြေ တခု ဖြစ်ကြောင်း သုံးသပ်ခဲ့ကာ ၊ လူကာကူကြောင့်လည်း ချဲလ်ဆီး ဟာ ဒီရာသီမှာ မန်စီးတီး ကို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ တယ်ရီ က ” ချဲလ်ဆီး ဟာ လောလောဆယ် ပုံစံကောင်း တရပ်မှာ ရှိနေပါတယ် ။ ရိုမီလူ ဟာ ချဲလ်ဆီးမှာ ပျောက်ဆုံးနေခဲ့တဲ့ ပဟေဠိ အဖြေကြီး ဖြစ်ပါတယ် ။ မနှစ်က သူတို့ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တာ ကျွန်တော် သိပေမယ့် ၊ ပရီးမီးယားလိဂ်လို အချိန် အရှည်ကြာ ကစားရတဲ့ ပြိုင်ပွဲမှာ ချန်ပီယံဆု စိန်ခေါ်ဖို့ အတွက်ဆိုရင် ရိုမီလူလို တိုက်စစ်မှူးမျိုး လိုပါတယ် ။ ”

” သူ့ကို ခေါ်ယူလိုက်တာ ဘယ်လို အရည်အသွေးတွေကို ပိုင်ဆိုင်သွားစေလဲ ဆိုတာ ကျွန်တော်တို့ အခုကတည်းက မြင်တွေ့ထားပြီးပါပြီ ။ သူ ကိုယ်တိုင်လည်း ချဲလ်ဆီးဆီ ပြန်လာပြီး ၊ သက်သေပြစရာ တခုခု ရှိနေတဲ့ပုံပါပဲ ။ ပထမ တကြိမ်တုန်းက သူ အဲဒီမှာ အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒါကို သူ ပြန်လုပ်ပြနိုင်ရမယ် ဆိုပြီး စိတ်ပိုင်းဖြတ်ထားနိုင်ပါတယ် ။ ”

” လောလောဆယ်မှာ ချဲလ်ဆီး ဟာ အခြေအနေ ကောင်းနေပြီး ၊ မန်စီးတီးကို သူတို့ ဖိအားပေးနိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ တယ်ရီ ဟာ ယခုနှစ် ဘောလုံးရာသီ မစတင်ခင်မှာပဲ အက်စတွန် ဗီလာ အသင်းရဲ့ လက်ထောက် နည်းပြ ရာထူး ကနေ တရားဝင် နှုတ်ထွက်ခဲ့ပါတယ် ။

လက်ရှိမှာ တယ်ရီ ဟာ အသင်း လက်မဲ့ ဖြစ်နေပေမယ့် ၊ နည်းပြ လောကထဲသို့ ဝင်ရောက်ဖို့ ကြိုးစားနေပြီး ၊ မကြာသေးခင်က ၄င်းဟာ စပိန်မှာ နည်းပြ ပညာနဲ့ ပတ်သက်ပြီး သင်ယူ လေ့လာမှုတွေ လုပ်ဖို့ ရှိတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ် ။ ဒါ့အပြင် အင်္ဂလန် ချန်ပီယံရှစ် ကလပ် တချို့ကလည်း ၄င်းကို နည်းပြ အလုပ် အတွက် ချဉ်းကပ်မှုတွေ ရှိခဲ့ပါတယ် ။

တယ်ရီ က နည်းပြ အလုပ်ကို စိတ်ဝင်စားပေမယ့် ၊ အလောတကြီး လုပ်ဖို့တော့ အစီအစဉ် မရှိသေးကြောင်း ကို ” ကျွန်တော် ဟာ အမြဲတမ်း စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ် ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် ဟာ မိသားစုဝင်တွေ အတွက် အချိန်ပေးပြီး ၊ တနှစ်လောက် အနားယူဖို့ပဲ စဉ်းစားထားပါတယ် ။ ”

” ပြီးမှ တခြား ကမ်းလှမ်းမှုတွေကို စောင့်ကြည့်တာပေါ့ ။ အလုပ် ကမ်းလှမ်းမှုတွေ မရှိဘူး ဆိုရင်လည်း ကျွန်တော် ဒီမှာ မိသားစုဝင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးနေပါတယ် ။ အက်စတွန် ဗီလာ ကို ဘောလုံး ကလပ် တသင်း အနေနဲ့ ကျွန်တော် ချစ်မြတ်နိုးပါတယ် ။ ”

” ဒါပေမယ့် အားလုံး သိထားကြတဲ့အတိုင်း ကျွန်တော် ဟာ အမြဲတမ်း နံပါတ်တစ် ဖြစ်ချင်တာကြောင့် ၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဦးစည်းဦးဆောင် လုပ်ရတဲ့ အခန်းကဏ္ဍ ကို ပိုပြီး စိတ်ဝင်စားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular