အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးပွဲနဲ့ရာသီဖွင့်ခဲ့ရတဲ့ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၂)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ (၃-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဥရောပပွဲစဉ်ကစားထားရတာကြောင့် ပြီးခဲ့တဲ့ ပွဲစဉ် (၁)ကိုယှဉ်ပြိုင်ရခြင်းမရှိတဲ့ မန်ယူအသင်းအတွက် ယခုပွဲစဉ်ဟာ ရာသီသစ်ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာပဲ ဂိုးပြတ်ရှုံးပွဲကြုံခဲ့တာကြောင့် စောစောစီးစီးဖိအားဝင်သွားခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

myan789

ပြိုင်ဘက်အသင်းတွေက ကစားသမားသစ်အင်အားဖြည့်တင်းမှုတွေကို ရေကုန်ရေခမ်းလုပ်ဆောင်နေချိန်မှာ မန်ယူအသင်းကတော့ လိုအပ်ချက်များနေတဲ့နေရာတွေကို မဖာထေးနိုင်သေးဘဲ၊ ဒီပွဲအရှုံးက မန်ယူအသင်းရဲ့အားနည်းချက်များစွာကို မီးမောင်းထိုးပြသွားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ခံစစ်ပိုင်းဟာကွက်တွေ၊ တစ်ဦးချင်းအားနည်းမှုတွေ၊ ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှု လျော့တိလျော့ရဲဖြစ်ခဲ့တာတွေက အခုရှုံးပွဲမှာ ထင်သာမြင်သာရှိလွန်းခဲ့ပြီး ဧည့်သည်ခရစ္စတယ်ပဲလေ့စ်အသင်းက ထိုက်ထိုက်တန်တန်နိုင်ပွဲရယူသွားခဲ့တာပါ။

ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အစုအဖွဲ့ကိုပဲ အခုပွဲမှာ ပွဲထွက်စေခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဘရူနိုဖာနန်ဒက်ဇ်၊ ဒန်နီယဲလ်ဂျိမ်းစ်တို့နဲ့ တိုက်စစ်ကိုစုဖွဲ့ခဲ့သလို၊ ပေါ့ဘာနဲ့ တွမ်မီနေးတို့ရဲ့ ကွင်းလယ်အားကိုအခြေပြုယူခဲ့တာပါ။

မန်ယူကွင်းလယ်မှာ ပေါ့ဘာတစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းမပြနိုင်ခဲ့တာက မန်ယူအသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်မှုကို ပြိုပျက်သွားစေခဲ့ပြီး ပွဲအစအဆုံးကစားသွားခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့ကလည်း ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ဖိအားပေးနိုင်မယ့်နည်းလမ်းကို ပွဲပြီးဆုံးတဲ့အထိ ရှာမတွေ့သွားခဲ့ပါဘူး။

မန်ယူအသင်းရဲ့လက်ရှိအခြေအနေက တစ်ဦးချင်းစွမ်းရည်မှာသာမက အသင်းလိုက်ကစားပုံမှာပါ ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံစံမျိုးကိုတွေ့နေရတာက စိတ်ပျက်စရာပါပဲ။

ဒီနွေဈေးကွက်မှာ ထိုက်သင့်တဲ့ကစားသမားဖြည့်တင်းမှုကိုသာ မလုပ်နိုင်ခဲ့ဖူးဆိုရင် ပြိုင်ဘက်တွေရဲ့အင်အားကြီးထွားလာမှုနဲ့အတူ မန်ယူအသင်းအတွက် ပွဲတွေများလာတာနဲ့အမျှ ဖိအားတွေပိုလာမှာသေချာပါတယ်။

ပဲလေ့စ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်အားကို ကောင်းကောင်းအသုံးချသွားနိုင်ခဲ့တာဖြစ်ပြီး အာယူး၊ ဇာဟာ၊ တောင်ဆန်၊ ရှာလမ်တို့ရဲ့ လျှင်မြန်တဲ့တွဲလုံးတွေက မန်ယူအသင်းခံစစ်ကြောင်းကို တရစပ်ဖိအားပေးခဲ့တာပါ။

ပွဲအစ (၇)မိနစ်မှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းဂိုးရသွားခဲ့ပြီး ရှာလပ်ရဲ့ပေးပို့မှုကနေ တောင်ဆန်ကသွင်းယူပေးခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာလည်း မန်ယူအသင်းရဲ့ကစားပုံဟာ ဟန်ချက်မိမလာခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဖိအားပေးမှုတွေကိုပဲ ခုခံနေခဲ့ရတာပါ။ အထူးသဖြင့် ဇာဟာရဲ့ တစ်ဦးချင်းထိုးဖောက်မှုတွေကို မန်ယူခံစစ်ကစားသမားတွေ ထိန်းချုပ်ဖို့ခက်ခဲ့တာပါ။

ပထမပိုင်းမှာတော့ (၁-ဝ)ဂိုးနဲ့ပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ မန်ယူအသင်းချေပဂိုးရဖို့အတွက် ဂရင်းဝုဒ်နဲ့ ကစားသမားသစ် ဗန်ဒယ်ဘိခ်တို့ကို ထည့်သွင်းကာ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဂရင်းဝုဒ်နဲ့ ဗန်ဒယ်ဘိခ်တို့ ဝင်လာပြီးချိန်မှာ မန်ယူတိုက်စစ်ပိုအသက်ဝင်လာသလိုရှိပေမယ့် ပဲလေ့စ်အသင်းရဲ့ ခံစစ်စုဖွဲ့မှုကို ကျော်ဖြတ်ဖို့ခက်နေဆဲပါပဲ။

ပွဲချိန် (၇၄)မိနစ်မှာတော့ ပဲလေ့စ်အသင်းပယ်နယ်တီရခဲ့ပြီး ဇာဟာကကန်သွင်းကာ အသင်းအတွက် ဒုတိယဂိုးဖြစ်စေခဲ့ပါတယ်။

(၂)ဂိုးပေးလိုက်ရပြီးချိန်မှာ မန်ယူအသင်းဂိုးရဖို့ပိုမိုရုန်းကန်လာခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းချက်တွေက ပဲလေ့စ်အသင်းရဲ့ခံစစ်ကို ထိုးဖောက်ဖို့ခက်နေဆဲပါပဲ။

ပွဲချိန်မိနစ် (၈၀)မှာတော့ ဗန်ဒယ်ဘိခ်က မန်ယူအသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး၊ ဒါဟာ ဗန်ဒယ်ဘိခ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ပထမဆုံးသွင်းယူခဲ့တဲ့သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဒီဂိုးကြောင့် မန်ယူအသင်း မျှော်လင့်ချက်တွေရှိခဲ့ပေမယ့် (၅)မိနစ်အကြာ ပွဲချိန် (၈၅)မိနစ်မှာပဲ ဇာဟာက မန်ယူအသင်းခံစစ်ကို တစ်ကိုယ်တော်စွမ်းရည်နဲ့ကျော်ဖြတ်ပြီး ပဲလေ့စ်အသင်းအတွက် တတိယဂိုးသွင်းယူကာ အနိုင်သေချာစေခဲ့ပါတယ်။

လက်ကျန်မိနစ်မှာမန်ယူအသင်းချေပဂိုးရဖို့ အဆုံးအထိကြိုးစားခဲ့ပေမယ့် ပဲလေ့စ်အသင်းကပဲ ပွဲကိုထိန်းချုပ်ကစားသွားခဲ့လို့ (၃-၁)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပြီး ရာသီအဖွင့်အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကိုကြုံခဲ့ရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular