အဝေးကွင်းမှာ ခက်ခက်ခဲခဲနိုင်ပွဲယူခဲ့ရတဲ့ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၃)ရဲ့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒီရာသီအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အိမ်ကွင်းရှုံးပွဲကြုံခဲ့ရတဲ့မန်ယူအသင်း အခုပွဲစဉ်မှာ ခက်ခက်ခဲခဲနိုင်ပွဲယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားအတွက်လည်း အသက်ရှုချောင်စေခဲ့ပါတယ်။

myan789

ဒီရာသီအစပိုင်းမှာ မာကျောတဲ့ပုံစံကောင်းကိုပြနေတဲ့ ဘရိုက်တန်အသင်း ဒီနေ့ပွဲမှာလည်း မန်ယူအသင်းကို ပွဲအစအဆုံးအခက်တွေ့စေခဲ့ပြီး ပွဲပြီးဆုံးမှ ရရှိခဲ့တဲ့ပယ်နယ်တီကြောင့်သာ မန်ယူအသင်းအဖိုးတန်နိုင်ပွဲကိုရရှိခဲ့တာပါ။

ဒီနေ့ပွဲမှာ နိုင်ပွဲရခဲ့ပေမယ့် ဆိုးလ်ရှားရဲ့မန်ယူအသင်းဟာ လိုအပ်ချက်တွေများစွာရှိနေတာကို ထပ်မံတွေ့ခဲ့ရပြီး၊ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးခဲ့တဲ့ပွဲစဉ်ကလိုပဲ မန်ယူအသင်းရဲ့ကစားပုံက အားရစရာမရှိခဲ့ပါဘူး။

အထူးသဖြင့် ခံစစ်ပိုင်းအားနည်းချက်တွေက သိသာလွန်းခဲ့ပြီး၊ ဘရိုက်တန်အသင်းရဲ့တိုက်စစ်က အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့သာ မန်ယူအသင်းသက်သာရာရခဲ့တာပါ။

ပွဲစကတည်းက ဘရိုက်တန်အသင်း လျင်လျင်မြန်မြန်နဲ့ မန်ယူအသင်းကို အကောင်းဆုံးတုံ့ပြန်သွားခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်ဇ်တို့ရဲ့ တိုက်စစ်စုဖွဲ့မှုက ဘောလုံးအပျက်များနေသလို ပေါ့ဘာနဲ့ မာတစ်တို့ရဲ့ကွင်းလယ်ကလည်း ဘရိုက်တန်ရဲ့တိုက်စစ်ဆင်မှုတွေကို ထိန်းချုပ်ရင်းနဲ့ အချိန်ကုန်ခဲ့ရတာပါ။

ပွဲချိန်မိနစ် (၄၀)မှာ ဘရူနိုဖာနန်ဒက်ဇ်ကြောင့် ဘရိုက်တန်အသင်းပယ်နယ်တီရခဲ့ပြီး မူပေးက ဂိုးအဖြစ်ပြောင်းလဲခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဘရိုက်တန်အသင်းရဲ့ဦးဆောင်ဂိုးဟာ (၃)မိနစ်သာခံခဲ့ပြီး (၄၃)မိနစ်မှာ ဘရိုက်တန်အသင်းခေါင်းဆောင် ဒန့်ခ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူအသင်းချေပဂိုးရခဲ့ပါတယ်။

ပထမပိုင်းမှာတော့ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံးအနိုင်ဂိုးရဖို့ကြိုးစားလာလို့ ပွဲကအကြိတ်အနယ်ပိုရှိခဲ့ပါတယ်။

(၅၅)မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ ပွဲရဲ့အရှိန်ကပိုမြင့်သွားခဲ့ပြီး ဘရိုက်တန်အသင်းရဲ့ ချေပဂိုးရဖို့ကြိုးပမ်းမှုတွေကို မန်ယူအသင်းခံစစ်
ခက်ခက်ခဲခဲတားဆီးခဲ့ရပါတယ်။

ဘရိုက်တန်အသင်းအနေနဲ့ ဂိုးရဖို့အခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်ပိုင်းကအသုံးမချနိုင်ခဲ့လို့လည်း နစ်နာခဲ့ရတာပါ။

(၂-၁)ဂိုးနဲ့ ပွဲပြီးဆုံးမယ့် အခြေအနေမှာပဲ နာကျင်အချိန်ပိုမှာ ပွဲရဲ့အလှည့်အပြောင်းတွေဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပို (၉၀+၅)မိနစ်မှာ ဆော်လမွန်မတ်က ဘရိုက်တန်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့လို့ (၂-၂)ဂိုးဖြစ်သွားခဲ့ပြီး ပွဲပြီးဆုံးမယ့်အချိန်မှာပဲ
မန်ယူအသင်းအတွက် ကံကြမ္မာဖေးမမှုရခဲ့ပါတယ်။

ထောင့်ကန်ဘောကတစ်ဆင့် မက်ဂွိုင်ယားရဲ့ ခေါင်းတိုက်ချက်ကို ဘရိုက်တန်အသင်းတားဆီးရာမှာ လက်နဲ့ထိသွားခဲ့တာပါပဲ။ ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်ခဲ့ပေမယ့် မန်ယူကစားသမားတွေ စောဒကတတ်ခဲ့လို့ VAR ပြန်လည်ကြည့်ရှုပြီး မန်ယူအသင်းကို
ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒီပယ်နယ်တီကို ဘရူနိုဖာနန်ဒက်ဇ်က အမှားအယွင်းမရှိကန်သွင်းပြီး မန်ယူအသင်းအတွက် အဖိုးတန်အနိုင်ဂိုးဖြစ်စေခဲ့တာပါ။

ပွဲအပြီးမှာတော့ မန်ယူအသင်း (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ အသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular