လာမယ့် ရာသီ မှာ ချဲလ်ဆီး နည်းပြ ရာထူး ကနေ လမ်းပတ် အထုတ်ခံရနိုင်တဲ့ ရှုံးပွဲ အရေအတွက် ကို ခန့်မှန်း ပြောဆိုလိုက်တဲ့ #ကတ်စ်ကာရီနို

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၎င်းတို့ရဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ရဲ့ ၅ယောက်မြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် ပီအက်စ်ဂျီ အသင်း နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နွှဲခဲ့ပြီးနောက် လမ်းခွဲတာ တပတ်သာ ရှိသေးတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကို တနှစ် စာချုပ် နဲ့ ခေါ်ယူခဲ့ပါတယ် ။

ဒီမတိုင်ခင် က ချဲလ်ဆီး အသင်း ဟာ ပထမ အသင်း ကစားသမား စာရင်း အတွက် အေဂျက်ဇ် မှ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ၊ လစ်ပ်ဇစ် မှ ဂျာမနီ တိုက်စစ်မှူး တီမို ဗာနာ ၊ လက်စတာ မှ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၊ နိုက်စ် မှ ပြင်သစ် လူငယ် ခံစစ်မှူး မာလန်းဆား တို့ကို စုစုပေါင်း ယူရိုသန်း ၁၅၀ နီးပါး အသုံးပြုကာ ခေါ်ယူနိုင်ခဲ့ပါတယ် ။

myan789

အငှား စာချုပ် အရ ရီးရဲလ်မက်ဒရစ် မှ ခရိုအေးရှား ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ကို ခေါ်ယူခဲ့တာ က လွဲရင် ပြီးခဲ့တဲ့ တရာသီလုံး အပြောင်းအရွှေ့ လှုပ်ရှားမှု လုံးဝ မရှိခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ ၎င်းတို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အီဒင် ဟာဇတ် ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် အခုလို ထိပ်တန်း အဆင့် ကစားသမား တွေကို နေရာ အလိုက် ခေါ်ယူနေတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး အသင်း ဟာ နောက်ထပ် ပေါင်သန်း ၁၀၀ ကျော်လောက် ဆက်လက် သုံးစွဲသွားဖို့ ရှိနေပြီး ၊ လေဗာကူဆင် မှ ဂျာမန် လူငယ် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ် ကိုလည်း ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ် ။

ဒီလို ထိပ်တန်း ကစားသမားသစ် များစွာ ကို ခေါ်ယူနိုင်ခဲ့ခြင်း ဟာ ချဲလ်ဆီး ကို ပိုကောင်းတဲ့ အသင်း ဖြစ်စေမှာ သေချာပေမယ့် ၊ မနှစ်ကထက် ပိုမြင့်မားတဲ့ အောင်မြင်မှုတွေ ၊ နိုင်ပွဲတွေကို ဖန်တီးဖို့ ဆိုတာက နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ ဦးဆောင် လမ်းညွန်မှု အပေါ်မှာပဲ မူတည်သွားဖို့ ရှိနေပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကတ်စ်ကာရီနို က ကလပ်ဖက်မှ လိုအပ်တဲ့ ကစားသမား အစုံအလင် ကို ဖြည့်ဆည်းပေးခဲ့တဲ့ အတွက် လမ်းပတ် အနေနဲ့ လာမယ့် ရာသီ မှာ ဖိအား ပိုမို တွေ့ကြုံနိုင်ကြောင်း နဲ့ တရာသီလုံး မှာ ၁၇ပွဲ အထိ ရှုံးနိမ့်ခဲ့မယ် ဆို ရာထူးက ဖယ်ရှား ခံရနိုင်ကြောင်း သတိပေး ပြောဆိုသွားခဲ့ပါတယ် ။

Talksport ရဲ့ အစီအစဉ် တခုမှာ ကတ်စ်ကာရီနို က ” ဒီလို ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်လိုက်တာ က မတူညီတဲ့ စိန်ခေါ်မှု တရပ် ဖြစ်လာနိုင်တယ် ဆိုတာကို ဖရန့်ဖက်ကလည်း ကောင်းကောင်း နားလည် သဘောပေါက်နေမှာပါ ။ ချဲလ်ဆီး အသင်းဖက်က လာမယ့် ရာသီ မှာ ချန်ပီယံလိဂ် ဝင်ခွင့် တခုတည်းနဲ့ ကျေနပ် တင်းတိမ်နေမှာ မဟုတ်ဘူး ဆိုတာ သူ သိထားလောက်ပါမယ် ။ ”

” ပြီးခဲ့တဲ့ ရာသီ က မျှော်မှန်းချက် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ဖြစ်ခဲ့ပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံခဲ့ရခြင်း နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ စွမ်းဆောင်ပြနိုင်ခဲ့တာ က တကယ့် အပိုဆု တခု ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အခုအချိန် ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ဆိုတာ ချဲလ်ဆီး အတွက် စိန်ခေါ်မှု မဖြစ်သင့်တော့ပါဘူး ။ ”

” ထိပ်ဆုံး ၄သင်း ဆိုတာ တရာသီလုံး မှာ ပူပန်နေရစရာ မလိုအောင် အာမခံချက် ပေးရမယ့် အနေအထား ကို ရောက်နေပါပြီ ။ သူတို့ရဲ့ ပစ်မှတ် က ထိပ်ဆုံး ၂နေရာ ကို ခြိမ်းခြောက်ဖို့ ဖြစ်လာပါပြီ ။ ဒီလို ငွေသုံးပုံမျိုးနဲ့ တရာသီ ၁၇ပွဲ ရှုံးလို့ မဖြစ်ပါဘူး ။ ပြီးခဲ့တဲ့ ရာသီ က ချဲလ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ မှာ ၁၇ပွဲ ရှုံးခဲ့ပါတယ် ။ ”

” သူတို့ဟာ မနှစ်က ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ – ၀ နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ အေဂျက်ဇ် ကိုလည်း အိမ်ကွင်း မှာ ၄ဂိုး ခွင့်ပြုခဲ့ရပါတယ် ။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာ ဘိုင်ယန် ကို အိမ်ကွင်း အဝေးကွင်း ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ် ။ လီဗာပူး ကိုလည်း အဝေးကွင်း မှာ ၅ – ၃ နဲ့ ရှုံးခဲ့ပါတယ် ။ ”

” သူတို့ အတွက် ဂိုးတွေ ပေးနေရတယ် ဆိုတာ ပျော်စရာ သက်သက်လို ဖြစ်နေပြီး ၊ ခံစစ် ကလည်း လုံးဝ ဖရိုဖရဲပါပဲ ။ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ မှာလည်း အာဆင်နယ် ကို သူတို့ ရှုံးခဲ့ပါတယ် ။ ဖရန့် ဟာ ကလပ် တာဝန်ရှိသူတွေနဲ့ ဒီ အကြောင်း သေချာပေါက် ဆွေးနွေးခဲ့မှာ ဖြစ်ပြီး ၊ မန်စီးတီး ၊ လီဗာပူး တို့ကို ဘယ်လို စိန်ခေါ်ရမလဲ ဆိုတာကို မေးခွန်း ထုတ်ခဲ့ပါလိမ့်မယ် ။ ”

” အခုတော့ ကလပ် ဖက်က ဖရန့် ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းထားပေးပြီးပါပြီ ။ ဒါဟာ ဖိအားဒဏ် ပိုပိစေမှာကို ဖရန့် လည်း သိလောက်မှာပါ ။ ချဲလ်ဆီး ဖက်က အလိုရှိတဲ့ ပစ်မှတ် ၊ မျှော်မှန်းချက် အတိုင်းအတာ တခု အထိ မစွမ်းဆောင်နိုင်ခဲ့ရင် နောက်တနှစ် ကျရင် သူဟာ ချဲလ်ဆီး မန်နေဂျာ အဖြစ် ဆက်ရှိတော့မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular