မန်ယူ အချိန်ပိုအထိ ရောက်ခဲ့ပြီး အင်တာမီလန် ခြေစွမ်းပြခဲ့

ရေပန်းအစားဆုံး မန်ယူနဲ့ အင်တာတို့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် မန်ယူက အချိန်ပိုရောက်မှ အနိုင်ရခဲ့တာပါ။ အင်တာကတော့ ချန်ပီယံ ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး လူကာကူကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် . . .

အချိန်ပိုရောက်မှ
မန်ယူ ၁-၀ ကိုပင်ဟေဂင်

(မိနစ် ၉၀ ရလဒ် ဝ-၀၊ အချိန်ပိုတွင် မန်ယူနိုင်)

myan789

မန်ယူအသင်းကတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် ကိုပင်ဟေဂင်အသင်းကို မိနစ် (၉၀)အတွင်းမှာ အနိုင်မယူနိုင်ခဲ့ပါဘူး။ လုခ်ရှော ဒဏ်ရာရနေတာကြောင့် ဝီလျံစ်ကစားခဲ့ရတာနဲ့ မာတစ်ကို အရန်ခုံမှာထားခဲ့တာကလွဲရင် မန်ယူအသင်းက အင်အားအပြည့်နဲ့ ပွဲထွက်ခဲ့တာပါ။ ဒါပေမဲ့ ခံစစ်ကို အဓိကအားပြုကစားခဲ့တဲ့ ကိုပင်ဟေဂင်အသင်းကို မကျော်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်က အမှားအယွင်းများခဲ့ပြီး မာစီယဲလ်လည်း သိပ်အားမကိုးခဲ့ရပါဘူး

ဂရင်းဝုဒ်ကတော့ ကြိုးစားအားထုတ်မှုကောင်းကောင်းနဲ့ ကစားခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးကို VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ကိုပင်ဟေဂင်အသင်းလည်း တန်ပြန်တိုက်စစ်ကနေ မန်ယူအသင်းကို ခြိမ်းခြောက်မှုတချို့ လုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေရဲ့ အားနည်းချက်ကြောင့် ဂိုးပေါက်တည့်အောင်တောင် စွမ်းဆောင်နိုင်ခြင်းမရှိသလောက် ဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းကတော့ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်ရရှိခဲ့ပြီး မိနစ်(၉၀)အတွင်း ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာက ကိုပင်ဟေဂင်ဂိုးသမား ဂျွန်ဆင် လက်စွမ်းပြနိုင်ခဲ့တာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ အချိန်ပိုမှာတော့ မန်ယူအသင်းက တိုက်စစ်ကို ပိုအရှိန်မြှင့်လာခဲ့ပြီး (၉၅)မိနစ်မှာ မာစီယဲလ်ကြောင့် ပယ်နယ်တီရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပြီး မန်ယူအသင်း ဆက်တိုက်ဖိကစားခဲ့ပေမယ့် ဂျွန်ဆင်က အံ့အားသင့်စရာ ကာကွယ်မှုတွေနဲ့ ဆက်ပြီးလက်စွမ်းပြခဲ့ပါတယ်။

ဂျွန်ဆင်က ဒီပွဲမှာ (၁၃)ကြိမ်အထိ ကာကွယ်ခဲ့ပြီး ယူရိုပါလိဂ်ရဲ့ မှတ်တမ်းသစ်လည်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ယူအသင်းက ထိန်းကစားလာခဲ့တာကြောင့် ကိုပင်ဟေဂင်အသင်း ဖိအားပြန်ပေးနိုင်တဲ့အခြေအနေဖြစ်ခဲ့ပေမယ့် ချေပဂိုးရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ချန်ပီယံခြေစွမ်းလား
အင်တာမီလန် ၂-၁ လေဗာကူဆင်

အင်တာမီလန်အသင်းက ဂျာမန်မြေမှာ ချန်ပီယံခြေစွမ်းပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အသင်းရဲ့ ကစားပုံက တိုက်စစ်၊ ခံစစ် ဟန်ချက်ညီခဲ့ပြီး အားမာန်အပြည့်နဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။လေဗာကူဆင်အသင်းက ဘောလုံးကိုင်ကစားပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာရတာကလွဲရင် ဟာကွက်တွေ များခဲ့ပါတယ်။

အင်တာမီလန်အသင်းက ဘောလုံးရတာနဲ့ တိုက်စစ်ကို အထိရောက်ဆုံးဖြစ်အောင် ပုံဖော်သွားနိုင်ခဲ့ပြီး အဆုံးသတ်သာ သေချာခဲ့ရင် ဒီထက်တောင် ဂိုးတွေရရှိနိုင်ပါတယ်။ အင်တာမီလန်အသင်းက လူကာကူ၊ လော်တာရိုမာတီနက်ဇ်အတွဲနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး လူကာကူက လေဗာကူဆင်ကစားသမားတွေ တားဆီးရခက်လောက်အောင် တိုးအားရုန်းအားကောင်းကောင်းနဲ့ ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အရေးကောင်းတချို့ကို အသုံးမချနိုင်တာလည်း ရှိခဲ့ပါတယ်။

လေဗာကူဆင်အသင်းရဲ့ တိုက်စစ်မှာတော့ ဟာဗက်ဇ်နဲ့ ဒီယာဘီတို့က တောင်ပံနှစ်ဖက်ကနေ အဓိကထိုး ဖောက်ကစားခဲ့ပြီး ဟာဗက်ဇ် တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အင်တာမီလန်အသင်းရဲ့ခံစစ်ကို သိပ်ပြီးဒုက္ခမပေးနိုင်ခဲ့ပါဘူး။ အင်တာမီလန်အသင်းက ပထမပိုင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုက်စစ်ကို ပိုအားပြုကစားခဲ့ပြီး (၁၅)မိနစ်မှာပဲ ဘာရယ်လာရဲ့ ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် (၂၁)မိနစ်မှာ လူကာကူက ဒုတိယဂိုး ထပ်သွင်းခဲ့ပြီး (၂၄)မိနစ်မှာ ဟာဗက်ဇ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ဒီအခိုက်အတန့်က ပွဲရဲ့အရှိန်အမြင့်ဆုံး အချိန်လို့ ဆိုရမှာဖြစ်သလို၊ နောက်ပိုင်းမှာ အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပေမယ့် နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်ခဲ့ကြပါဘူး။ ဒီပွဲမှာ အင်တာမီလန်အသင်းက ပယ်နယ်တီ(၂)ကြိမ်ရရှိခဲ့ပေမယ့် နှစ်ကြိမ်စလုံး VAR ကြည့်ပြီး ပြန်ပယ်ဖျက်ခဲ့တာကလည်း ထူးခြားခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular