လီဗာပူး ဟာ ဒီတစ်ပတ်မှာ အက်စတွန် ဗီလာ ကို အဝေးကွင်းမှာ အနိုင်ယူထားတဲ့ ဘရိုတ်တန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဘရိုတ်တန်မှာတော့ လီဗာပူး ကစားသမားဟောင်း အဒမ် လယ်လာနာ ဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်း မရှိသေးတာကြောင့် ပါဝင် ကစားပေးနိုင်ဖို့ မသေချာသေးဘူးလို့ တရားဝင် ကြေငြာချက် ထုတ်ပြန်ထားသလို ၊ အားထားရတဲ့ လူငယ် ကစားသမား လမ့်တေး ကလဲ ပွဲပယ် ပြစ်ဒဏ်ကြောင့် ဒီပွဲကို ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။
လီဗာပူး မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆင် ဟာ မနေ့က ကတည်းက လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လည် လုပ်ဆောင်ခဲ့ပြီး ၊ တီယာဂို ၊ အာနိုး ၊ ချန်ဘာလိန် တို့ အားလုံးဟာ Recovery လုပ်ငန်း စဉ်တွေ ပြန်လည် လုပ်ဆောင်နေဆဲ ဖြစ်တဲ့ အကြောင်းကို ကလော့ပ် က အခုလို ပြောပြသွားခဲ့ ပါတယ်။
“ ဟန်ဒါဆန် ဟာ မနေ့က ကတည်းက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ကို ပြန်လည် လုပ်ဆောင်နိုင်ခဲ့သလို ၊ တစ်ကိုယ်တော် လုပ်ဆောင်ရမယ့် အစီအစဉ် တစ်ချို့ကိုလဲ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။
အတ္တလန္တာ နဲ့ ကစားခဲ့တဲ့ ကစားသမားတွေ နဲ့ အခြား ဒဏ်ရာကနေ ပြန်လည် သက်သာလာစ ပြုနေတဲ့ ကစားသမား တစ်ချို့ကတော့ Recovery ပိုင်းတွေပဲ လုပ်ဆောင်နေဆဲပါ။ ဒါက လက်ရှိ အနေအထားပေါ့။ ကြားထဲမှာ ပြင်ဆင်ချိန်တွေ ရှိသေးတယ်လေ။
ဒီတော့ ဘရိုတ်တန် နဲ့ ပွဲမှာ ဘယ်လို ကစားသမား စာရင်း ထုတ်သုံးလာမလဲလို့ မေးရင် ၊ ပွဲနားနီးမှပဲ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော့် စိတ်ထဲမှာလဲ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောချင်စိတ် မရှိပါဘူး။
ဒါကြောင့်မို့ ဆေးဌာန ကနေ ပေးပို့လာမယ့် အချက်အလက်တွေကို သေချာ သုံးသပ်ကာ ၊ ဘယ်သူတွေ ပါဝင် ကစားသင့်လဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပွဲနီးခါမှပဲ ချမှတ်မှာပါ။ လက်ရှိ အချိန်နဲ့ တွက်ကြည့်လိုက်မယ် ဆိုရင် ကျနော့်မှာ ပြင်ဆင်ဖို့ အတွက် 25 နာရီ တောင် ကျန်ရှိနေပါသေးတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
ဒီပွဲဟာ လီဗာပူး ဂိုးသမား အလီဆွန် အတွက် ပွဲပေါင်း 100 ပြည့်မယ့် ပွဲလဲ ဖြစ်ပါတယ်။ အဲဒီ ကာလအတွင်း သူဟာ စုစုပေါင်း 74 ပွဲ နိုင်ပွဲရအောင် စွမ်းဆောင်ပေးထားခဲ့ပြီး ၊ 12 ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
“ ပွဲပေါင်း 100 ပြည့်မှာ အလီဆွန် ရဲ့ အရေးပါ ပုံတွေကို အကျယ်ချဲ့စရာ မလိုပါဘူး။ သူဟာ ဘယ်လောက် အထိ အသင်းအတွက် အားထားရသူလဲ ဆိုတာ လူတိုင်းသိပါတယ်။ အခု 99 ပွဲ ကစားပြီးပြီ ဆိုတော့ ၊ ကျနော့် အတွေးထဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် ယိုင်သွားတဲ့ ပွဲမျိုးလို့ကို မမြင်ဖူးခဲ့တာပါ။ ဒါက ကောင်းတဲ့ အချက်ပေါ့။
ကိုယ့်အသင်းမှာ ကမ္ဘာ့အဆင့် ဂိုးသမား တစ်ယောက် ပိုင်ဆိုင်နေပြီ ဆိုရင် ၊ သူ ပွဲတွေ များများ ကစားပေးနိုင်လေလေ ၊ အသင်းအတွက် ပိုကောင်းလေလေပဲပေါ့ဗျာ။ ကျနော်ကတော့ အများကြီး ကျေနပ်ပါတယ်” လို့ ကလော့ပ် က ပြောဆိုသွားခဲ့ ပါတယ်။
ဆက်လက်ပြီး လီဗာပူး နည်းပြကြီး ဘရိုတ်တန် ကို ပြောင်းသွားခဲ့တဲ့ ကွင်းလယ် ကစားသမား လယ်လာနာ ဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေ အားလုံး နီးပါးနဲ့ အဆက်အသွယ် ရှိနေဆဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပြီး ၊ အားလုံး အတွက် လယ်လာနာ ဟာ ထာဝရ မိတ်ဆွေ တစ်ဦး အဖြစ် ဆက်ရှိသွားမယ်လို့လဲ မှတ်ချက်ပေးသွားခဲ့ ပါတယ်။