ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး ဂျရူး ကို သတိပေးလိုက်တဲ့ ဒက်စ်ချမ့်စ်

ချဲလ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ Lockdown ကာလ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ အသင်း ရဲ့ အဓိက ပွဲထွက် တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် ၊ ဒီရာသီ မှာတော့ တတိယ ဦးစားပေး အဆင့် ကိုသာ ပြန်ရောက်သွားပါတယ် ။

လစ်ပ်ဇစ် အသင်း ကနေ ယူရိုသန်း ၅၀ နဲ့ ခေါ်ယူထားတဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ ဒီရာသီ ပထမ ဦးစားပေး တိုက်စစ်မှူး အဖြစ် ခြွင်းချက် မရှိ ရပ်တည်နေပြီး ၊ အကယ်ဒမီထွက်လည်းဖြစ် ၊ ဂျရူးထက်လည်း အလားအလာ ပိုရှိနိုင်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က ဒုတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ် ရပ်တည်လို့ နေပါတယ် ။

myan789

တဖက်မှာ တီမို ဗာနာ ဟာ အထောင် တိုက်စစ် နေရာ သာမက ၊ တောင်ပံ တိုက်စစ် ကိုပါ လိုအပ်ရင် ကစားပေးနိုင်တာ ဖြစ်လို့ ၊ ဂျရူး အနေနဲ့ အခွင့်အရေး ပိုရဖို့ အတွက် ဆိုရင် ၊ တမ်မီ အေဘရာဟမ် ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာ တခုခု ကြုံတွေ့မှသာ ဖြစ်နိုင်ခြေ ပိုရှိလာမှာ ဖြစ်ပါတယ် ။

လောလောဆယ် မှာတော့ ဒီ တိုက်စစ်မှူး ၂ဦးလုံး ရဲ့ ကြံ့ခိုင်မှု အနေအထား က ဒေါင်ဒေါင်မြည် ဖြစ်နေလို့ ၊ ဂျရူး အတွက် ကစားခွင့် က ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေပါတယ် ။ ဒီရာသီ ကာရာဘောင် ဖလား ပွဲတပွဲသာ ပွဲထွက်ခွင့် ရထားတဲ့ ဂျရူး အဖို့ လာမယ့် ယူရို ပြိုင်ပွဲ ဆင်နွှဲလိုတယ် ဆိုရင် ကလပ် အဆင့်မှာ ကစားခွင့် များများ ရထားဖို့ နဲ့ အခွင့်အရေး ရတိုင်း အသုံးချပြနိုင်ဖို့ က အထူး လိုအပ်နေပါတယ် ။

လက်ရှိ အချိန် အထိတော့ ဂျရူး ဟာ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ရဲ့ အစီအစဉ် မှာ ပါဝင်နေဆဲ ဖြစ်ပေမယ့် ၊ ယူရို ပြိုင်ပွဲ အထိ ၎င်းအနေနဲ့ အခွင့်အရေး ရမလား ဆိုတဲ့ ကိစ္စ က အာမခံချက် လုံးဝ မရှိနေပါဘူး ။ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ဥရောပ နေရှင်လိဂ် ပွဲမှာလည်း ဂျရူး ဟာ လူစားဝင် အနေနဲ့သာ ကစားခွင့် ရခဲ့ပါတယ် ။

ပေါ်တူဂီ နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ ဒက်စ်ချမ့်စ် ဟာ ဂျရူး ထက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်သိုနီ မာရှယ် ကို အထောင် တိုက်စစ် နေရာမှာ ထားကစားစေခဲ့ပါတယ် ။ မာရှယ် ကို ဘာကြောင့် ပွဲထုတ်ခဲ့ရတယ် ဆိုတဲ့ အကြောင်း ကို ဒက်စ်ချမ့်စ် က အခုလို ရှင်းလင်း ပြောဆိုခဲ့သလို ၊ ဂျရူး ကိုလည်း သွယ်ဝိုက် သဘော နဲ့ သတိပေး ပြောဆိုလိုက်ပါတယ် ။

ဒက်စ်ချမ့်စ် က ” ကျွန်တော် ဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် အကောင်းဆုံး ဖြစ်စေမယ့် ပွဲထွက် ကစားသမားတွေကိုသာ ရွေးချယ်ပေးတာပါ ။ အန်သိုနီ ဟာ ကစားသမားကောင်း တယောက် ဖြစ်ပြီး ၊ သူ ပါဝင်တဲ့ အတွက် ကျွန်တော် တို့ဟာ ပြိုင်ဖက် ခံစစ် ကို ပိုပြီး ထဲထဲဝင်ဝင် ထိုးဖောက်လို့ ရခဲ့တာ ဖြစ်ပါတယ် ။ ”

” အိုလီဗီယာ နဲ့ ယှဉ်ပြီးပြောရရင် ၊ သူ့ အနေနဲ့ တခုခု စွမ်းဆောင်ရည်ကောင်း ပြသထားရပါမယ် ။ ပထမဆုံး အနေနဲ့ သူ့ရဲ့ လက်ရှိ ကလပ် က အခြေအနေ ကို အမြန်ဆုံး ဖြေရှင်းနိုင်ရပါမယ် ။ သူ့ အနေနဲ့ ထိပ်တန်း အဆင့် တခုမှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကလပ် အသင်း အဆင့်မှာ ပုံမှန် ကစားခွင့် ရဖို့ လိုပါတယ် ။ ”

” ဒါက ခက်ခဲပါတယ် ။ ဒီအကြောင်းကြောင့် ကျွန်တော် အိုလီဗီယာ ကို ဆုံးရှုံးလိုတာ မဟုတ်ပါဘူး ။ ရှုပ်ထွေးတယ်ပဲ ပြောရပါမယ် ။ ဒီ အကြောင်း ကျွန်တော်တို့ ၂ယောက် ဆက်ပြီး ဆွေးနွေးသွားမှာပါ ။ အမှန်အတိုင်း ပြောရရင် ၊ သူ့ကို စိတ်ဝင်စားနေတဲ့ ဥရောပ ကလပ် အသင်းတွေ အများကြီး ရှိနေပါသေးတယ် ။ ”

” သူ့အနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေဖို့လည်း လိုပါသေးတယ် ။ ဒါပေမယ့် ပြင်သစ် လက်ရွေးစင် အသင်း အတွက် အရင်က သူ စွမ်းဆောင်ပေးခဲ့တဲ့ အရာတွေကို ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး ။ အခုအချိန် အထိလည်း အရင်က ပုံစံ အတိုင်း ပေးဆပ်နိုင်စွမ်း သူ့မှာ အပြည့် ရှိနေပါသေးတယ် ။ ”

” အန်သိုနီ ကတော့ အိုလီဗီယာ နဲ့ ကစားပုံ ကွဲပြားတဲ့ တိုက်စစ်မှူး တယောက်ပါ ။ သူဟာ ကျွန်တော် တို့ကို ရွေးချယ်ခွင့် ၊ စဉ်းစားခွင့် နဲ့ အိုင်ဒီယာကောင်း တွေကို ပေးနိုင်ပါတယ် ။ ဒီနေ့ပွဲမှာ အန်သိုနီ ဟာ ကျွန်တော် လိုချင်တဲ့ ပုံစံ အတိုင်း ဖြည့်ဆည်းပေးနိုင်ခဲ့သလို ၊ စိတ်ဓာတ်ပိုင်း ၊ ခန္ဓာကိုယ် အပိုင်း ၂ရပ်လုံးမှာ သူဟာ ကြံ့ခိုင်မှု ပိုကောင်းခဲ့တာတော့ အမှန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular