ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနဲ့ ဗိုလ်လုပွဲတက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်ကစားတာ ရိုးရိုးလေးနဲ့ ထိရောက်ပါတယ်။ သူတို့ရဲ့ စွမ်းအင်ကိုလည်း အကုန်မသုံးဘဲ ချွေတာကစားသွားတယ်။ ဒုတိယဂိုးသွင်းပြီးနောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်က ဂိုးတွေအများကြီးသွင်းဖို့ထက် ပွဲကို ထိန်းကစားဖို့ပဲ ကစားသွားတာတွေ့ရတယ်။ တစ်ခုရှိတာက ဘိုင်ယန်မြူးနစ်ခံစစ်ရဲ့အားနည်းမှုတွေပဲ။ ဟန်ဆီဖလစ်ခ်က ဒုတိယပိုင်းမှာ ဇူလာ၊ ပါဗာတို့ကိုထည့်ပြီး စမ်းသုံးသွားတယ်။ လက်ရှိခံစစ်က ဗိုလ်လုပွဲမှာ နေမာ၊ ဘာပေတို့နဲ့ ရင်ဆိုင်တဲ့အခါ ပြဿနာပေါ်နိုင်တယ်ဆိုတာ သူ သိပါတယ်။ ဗိုလ်လုပွဲက တော်တော်စိတ်ဝင်စားစရာကောင်းသွားပြီလို့လည်း ပြောရမယ်။

ဒီပွဲမှာ လိုင်ယွန်ရဲ့ကစားပုံက ဂိုးပြတ်ရှုံးပေမယ့် အထင်သေးစရာမရှိဘူး။ ဘိုင်ယန်မြူးနစ်ထက်အရင် ပွဲကို လှုပ်ခတ်သွားအောင်လုပ်နိုင်ခဲ့တယ်။ သူတို့ရည်ရွယ်ထားတဲ့အတိုင်း ဘိုင်ယန်မြူးနစ်ရဲ့ Defensive High Lineကို ဖြတ်ကျော်ပြီး အခွင့်အရေးတွေ ဖန်တီးနိုုင်ခဲ့တယ်။ မန်စီးတီးနဲ့ ပွဲတုန်းကလိုပဲ အခွင့်အရေးကောင်းတွေ ရခဲ့တယ်။ ကွာခြားသွားတာက မန်စီးတီးနဲ့ ပွဲတုန်းက အသုံးချနိုင်ခဲ့ပြီး ဒီပွဲမှာတော့ အသုံးမချနိုင်ခဲ့ဘူး။ ခံစစ်နဲ့ ကွင်းလယ်ရဲ့အားထုတ်မှု၊ ကြိုးစားမှုကို တိုက်စစ်ပိုင်းက ဒီပိုင်းနဲ့ အီကမ်ဘီတို့က အားမနာစတမ်းကို ဖြုန်းတီးသွားခဲ့တာက လိုင်ယွန်ကို နစ်နာစေပါတယ်။ ဒူဘိုအာ၊ ကောနတ်တို့ရဲ့ တောင်ပံတွေနဲ့ ကွင်းလယ်ကို ထိန်းချုပ်သွားတဲ့ အသင်းခေါင်းဆောင် အာဝါတို့က လေးစားလောက်စရာ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ကြတယ်။ ဘိုင်ယန်မြူးနစ်လို မာကျောပြီး ခိုင်မာတဲ့အသင်းတစ်သင်းကို ဒီလောက်အထိ တုံ့ပြန်နိုင်ခဲ့ခြင်းမှာ သူတို့က အဓိကကျခဲ့သူတွေဖြစ်တယ်။

myan789

ဘိုင်ယန်မြူးနစ်အတွက် အကောင်းဆုံးကစားသွားသူကတော့ အာဆင်နယ်မှာ နေရာမရ၊ ဝက်စ်ဘရွန်းမှာတောင် နေရာမရခဲ့ဖူးတဲ့ နာဘရီဖြစ်ပြီး ဘယ်တောင်ပံတိုက်စစ်ကနေ အတွင်းထဲကို ဆွဲဝင်ကာ သွင်းခဲ့တဲ့ ပထမဂိုးက ဒီရာသီချန်ပီယံလိဂ်ရဲ့ ထိပ်တန်းသွင်းဂိုးတစ်ဂိုးပါ။ ဘောလုံးကို လက်ခံချိန်ကစပြီး ပြိုင်ဘက်ကစားသမားတွေထဲကို တိုးဝင်သွားတဲ့ အရှိန်နဲ့ ကျွမ်းကျင်မှု၊ ကန်ခွင့်ရတဲ့အထိ ဘောလုံးမဆုံးအောင် ဆွဲပြေးပြီးနောက်၊ ပြင်းထန်တဲ့ဘယ်ခြေကန်ချက်နဲ့အဖွင့်ဂိုးက လိုင်ယွန်အသင်းရဲ့တက်နေတဲ့ စိတ်ဓာတ်နဲ့ အရှိန်အဟုန်ကို ရပ်တန့်သွားစေခဲ့တယ်။ ဒုတိယဂိုးကလည်း လွယ်လွယ်ကူကူပါပဲ။ ဘိုင်ယန်မြူးနစ် တိုက်စစ်ရဲ့ ထူးခြားချက်က သာမန်အခြေအနေကနေ အန္တရာယ်ကြီးတဲ့ အနေအထားကိုရောက်လာအောင် ဖန်တီးနိုင်ခြင်းဖြစ်ပြီး ဒီဂိုးမှာတော့ လီဝန်ဒေါစကီးရဲ့ Sense ကိုလည်း ချီးကျူးရတယ်။ အပိုင် ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် ထိချက်မမှန်သလို၊ လူပါ လဲသွားပေမယ့် လဲနေရင်း ရအောင်ထပ်ကန်ခဲ့လို့ ဂိုးသမားလက်ထဲ အလွယ်တကူရောက်မယ့်ဘောလုံးက ပြန်ထွက်လာတာဖြစ်ပြီး နာဘရီက အလွယ်တကူ ပိတ်သွင်းခဲ့တယ်။ ဒုတိယပိုင်းမှာ ဒမ်ဘီလီဝင်လာပြီးနောက်ပိုင်း လိုင်ယွန်ရဲ့ကစားပုံ ပြန်ကောင်းလာပါတယ်။ ဒမ်ဘီလီကို အရန်ခုံထိုင်ခိုင်းထားပြီး ဒီပိုင်း အသင်းခေါင်းဆောင်လက်ပတ်နဲ့ ကစားနေတာကို မြင်ရတာ စိတ်မသက်သာစရာပဲ။ (၈၉)မိနစ်မှာတော့ လီဝန်ဒေါစကီးက ခေါင်းတိုက်ပြီး နောက် ဆုံးဂိုးကို သွင်းယူခဲ့တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular