ပြင်သစ် အတွက် ၂ဂိုးသွင်းပေးခဲ့ပြီးနောက် ဒီဒီယာ ဒက်စ်ချမ့်စ် ထံ တုန့်ပြန် မက်ဆေ့ချ် ပေးလာတဲ့ ဂျရူး

မနေ့ည က ကစားခဲ့တဲ့ ဥရောပ နေရှင်လိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ် တပွဲမှာ ပြင်သစ် လက်ရွေးစင် အသင်း ဟာ ဆွီဒင် လက်ရွေးစင် အသင်း ကို ၄ – ၂ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ကာ ၊ အုပ်စုဗိုလ် နေရာ နဲ့ ဆီမီးဖိုင်နယ် အဆင့် ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ပွဲအစ ၄မိနစ်မှာပဲ ဆွီဒင် ကွင်းလယ်လူ ဗစ်တာ ကလာဆန် ရဲ့ သွင်းဂိုး ကို စတင် ခွင့်ပြုခဲ့ရပေမယ့် ၊ ပွဲချိန် ၁၆ မိနစ် နဲ့ ၃၆ မိနစ်တွေမှာ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ၊ နောက်ခံလူ ဘင်ဂျမင် ပါဗက် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်း ကို ပြန်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ် ။

myan789

ဒုတိယပိုင်း ၅၉ မိနစ်မှာ ဂျရူး ကပဲ ပြင်သစ် အတွက် တတိယ ဦးဆောင်ဂိုး ကို သွင်းယူပေးခဲ့ကာ ၊ ၎င်းအစား လူစားဝင်လာတဲ့ တောင်ပံ ကစားသမား ကင်စလေ ကိုးမန်း က နာကျင် အချိန်ပို ၅မိနစ်မှာ ပြင်သစ် အတွက် အပိတ်ဂိုး ကို သွင်းယူခဲ့ပါတယ် ။ ဆွီဒင် အတွက် ဒုတိယ ချေပဂိုး ကိုတော့ ရော်ဘင် ကွေဆင် က ၈၈ မိနစ်မှာ သွင်းပေးခဲ့ပါတယ် ။

ဒီပွဲမတိုင်ခင် ၊ ဖင်လန် အသင်း ကို ၂ – ၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲ အပြီးမှာ တိုက်စစ်မှူး ဂျရူး ဟာ ထိုပွဲစဉ် မှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ဂိုးသမား စတိဗ် မန်ဒန်ဒါ ထက် ဘောလုံး ပေးပို့မှု ၃ကြိမ်သာ အောင်မြင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပေါ်တူဂီ အသင်း နဲ့ ပွဲမှာ ဂျရူး တယောက် ပွဲထွက် စာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ် ။

သို့ပေမယ့် မနေ့ည က ပွဲမှာတော့ နည်းပြ ဖြစ်သူ ဒီဒီယာ ဒက်စ်ချမ့်စ် ရဲ့ ယုံကြည်မှု ကို ဂျရူး တယောက် ပြန်ရခဲ့ပြီး ၊ သွင်းဂိုး ၂ဂိုး နဲ့ သူ ဘာလုပ်ပြနိုင်သေးတယ် ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ် ။ ဒီ သွင်းဂိုးတွေကြောင့် ဂျရူး ဟာ ပြင်သစ် လက်ရွေးစင် သမိုင်း တလျှောက် ဂိုးအများဆုံး ကစားသမား သီယာရီ အွန်နရီ ရဲ့ သွင်းဂိုး ၅၁ ဂိုး မှတ်တမ်းကို လိုက်မှီဖို့ ၇ဂိုးသာ လိုအပ်ပါတော့တယ် ။

ပွဲအပြီး ပြင်သစ် သတင်း ဌာန M6 နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ဂျရူး က ပေါ်တူဂီ နဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရလို့ ၊ မနေ့ည က ပွဲမှာ လက်စားချေတဲ့ အနေနဲ့ သွင်းဂိုး ၂ဂိုး နဲ့ ပြန်ပြီး တုန့်ပြန်ခဲ့တာမျိုး မဟုတ်ကြောင်း နဲ့ ဝေဖန်ခံနေရတာ က ကစားသမား ဘဝ ရဲ့ ပုံမှန် အစိတ်အပိုင်း တခုသာ ဖြစ်တယ် လို့ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဂျရူး က ” ကျွန်တော် တို့ဟာ ဖင်လန် ကို အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းလိုက် အရရော ၊ တဦးချင်း ခြေစွမ်းအရပါ ၊ နောင်တရမှု နဲ့ အားမလို အားမရမှု များစွာ ဖြစ်ခဲ့ကြပါတယ် ။ ကျွန်တော် တို့ဟာ အဲ့ဒီ ပွဲက ရခဲ့တဲ့ အမှားတွေကို ပြန်ပြီး သင်ယူလေ့လာခဲ့ပြီး ၊ ပေါ်တူဂီ နဲ့ ပွဲမှာ ခြေစွမ်း အသာစီး နဲ့ တုန့်ပြန်နိုင်ခဲ့ကြပါတယ် ။ ”

” နောက်ဆုံး ကစားခဲ့တဲ့ ပွဲအပြီးမှာ အသင်းလိုက် စုစည်းမှုအား ကောင်းလာတာ အမှန်ပါပဲ ။ အရာရာတိုင်း က ပြီးပြည့်စုံခြင်း မရှိရင်တောင် ၊ ကျေနပ်မှု အတိုင်းအတာ တခု အထိတော့ ရှိနေဆဲပါ ။ ဒီနေ့ပွဲမှာ ပြင်သစ် အသင်း ရဲ့ ကျွန်တော့ အပေါ် ဆက်ဆံပုံ နဲ့ ပတ်သက်ပြီး လက်စားချေချင်တဲ့ သဘောမျိုး လုံးဝ မရှိခဲ့ပါဘူး ။ ”

” ဒီလို ဝေဖန်ခံနေရတာတွေက ကျွန်တော် နဲ့ နေသားကျနေပါပြီ ။ ဒါဟာ ကျွန်တော့ ကစားသမား ဘဝ ရဲ့ ဇာတ်လမ်း တပုဒ် လို ဖြစ်နေတာပါ ။ ဒီ ဝေဖန်မှုတွေက ကျွန်တော့ ကို ခွန်အား များစွာ ပေးစေပါတယ် ။ ဒီတော့ ပြဿနာ လုံးဝ မရှိဘူး လို့ ပြောပါရစေ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ကလည်း ” လွန်ခဲ့တဲ့ မတ်လ မတိုင်မီ အနေအထား နဲ့ အခု လက်ရှိ အခြေအနေ က ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ် ။ လက်ရွေးစင် အသင်း ဆီကို အသစ် ဝင်လာတဲ့ လူငယ် တွေ အတွက် ကစားခွင့် ရဖို့က အရေးကြီးပါတယ် ။ ဒါကို မြင်ချင်တဲ့ သူတွေလည်း မြင်ကြမှာပါ ။ ”

” တချို့ ဝါရင့် စီနီယာ ကစားသမား တွေလည်း ရှိပါတယ် ။ ဥပမာ – အိုလီဗီယာ ဂျရူး လိုပေါ့ ။ သူတို့တွေ အတွက် ပွဲကစားခွင့် ရဖို့က တခါတလေ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ် ။ ဟုတ်ပါတယ် ။ အိုလီဗီယာ အနေနဲ့ အခု ကြုံတွေ့နေရတဲ့ အခြေအနေ ကို ရုပ်ပိုင်းဆိုင်ရာ အရရော ၊ စိတ်ပိုင်းဆိုင်ရာ အရပါ သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ် ။ ”

” ဒါပေမယ့် အိုလီဗီယာ ဟာ ဒီနေ့ပွဲမှာ သူ ကျွန်တော်တို့ အသင်း အတွက် ရှိနေဆဲ ဆိုတာကို သွင်းဂိုး ၂ဂိုး နဲ့ သက်သေပြနိုင်ခဲ့ပါတယ် ။ ဒီတော့ ဒီနေ့ပွဲရဲ့ တဦးချင်း စွမ်းဆောင်ရည် အရ ခင်ဗျား တို့က အိုလီဗီယာ က အမှတ် ပိုရခဲ့ပြီး ၊ အန်သိုနီ ( မာရှယ် ) က အမှတ်လျော့သွားပြီ လို့ ပြောကြပါလိမ့်မယ် ။ ”

” ဒါပေမယ့် မဟုတ်ပါဘူး ။ ပြင်သစ် လက်ရွေးစင် အသင်း ကသာ အမှတ်တွေ ပိုရသွားခဲ့တာ ဖြစ်ပါတယ် ။ တချို့တွေက ပွဲထွက်ခွင့် ရခဲ့ပြီး ၊ တချို့ ကတော့ လူစားဝင်ခွင့် ရခဲ့ကြပါတယ် ။ ကျွန်တော့ မှာ မတူညီတဲ့ ရွေးချယ်ခွင့်တွေ ရှိပါတယ် ။ ကျွန်တော့ မှာ ထိပ်တန်း အဆင့် ကစားသမားကောင်းတွေ ရှိနေပြီး ၊ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ခံစားချက် က ပြီးပြည့်စုံမှု ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular