စနေနေ့ညက အဲဗာတန်အသင်းကို ၂-၀ ဖြင့်အနိုင်ရရှိသည့်ပွဲတွင် စကော့မက်တော်မီနေးသည် မန်ယူအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ သို့ရာတွင် စကော့တလန်လက်ရွေးစင် တော်မီနေးသည် မန်ယူတွင် ပုံမှန်ကစားခွင့်မရခြင်းကြောင့် ၎င်းသည် လာမည့်နွေရာသီတွင် မန်ယူမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ မန်ယူသည် မက်တော်မီနေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ ခန့်သတ်မှတ်ထားသည်။
မက်တော်မီနေးကို ခေါ်ယူရန် နယူးကာဆယ်အသင်းက စိတ်ဝင်စားနေသည်။ နယူးကာဆယ် အသင်း မန်နေဂျာ အက်ဒီဟောင်းက မက်တော်မီနေးသည် စိန့်ဂျိမ်းစ်ပါ့ခ်အခြေစိုက်အသင်း၏ ကစားကွက်နှင့် အံဝင်ပြီး အသင်း၏ကွင်းလယ်ကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မည့် ကစားသမားတစ်ဦးဖြစ်သည်ဟု ယူဆနေကြောင်း သတင်းများက ဖော်ပြသည်။
မက်တော်မီနေးသည် လက်ရှိဘောလုံးရာသီတွင် မန်ယူအတွက် လိဂ်ပွဲ ၁၀ ပွဲသာပွဲထွက်ကစားခွင့် ရရှိထားသည်။ တန်းဟက်သည် ကွင်းလယ်တွင် ကာဆီမီရို အဲရစ်ဆင် ဆာဘစ်ဇာနှင့် ဖရက်ဒ်တို့ကို မက်တော်မီနေးထက် ဦးစားပေး၍ အသုံးပြုနေသည်။ မက်တော်မီနေးသည် ပုံမှန်ပွဲထွက်ခွင့် ကစားခွင့် ရလျှင် အခြားပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားနိုင်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။

နယူးကာဆယ်သည် မက်တော်မီနေးကို စိတ်ဝင်စားသော်လည်း မန်ယူကတောင်းဆိုသည့် အသင်းပြောင်းရွှေ့ကြေးကို ပေးမည်လားဆိုသည်မှာမူ ချိန်ဆနေသည့် အနေအထားတွင် ရှိနေသည်။ မန်ယူမျှော်လင့်သည့်အတိုင်း ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဖြင့်အသင်းပြောင်းဖြစ်ပါက မက်တော်မီနေးသည် ရော်နယ်ဒိုနှင့် လူကာကူတို့နောက်တွင် မန်ယူအတွက် တတိယမြောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းသည့် ကစားသမားဖြစ်လာနိုင်သည်။
