စိန်ခေါ်မှုကိုရင်ဆိုင်ရန် အသင့်ဖြစ်နေပြီး ပိုကောင်းသည့်ပုံစံဖြင့် ပြန်လာမည်ဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြောကြား

ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူမည့် လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က စိန်ခေါ်မှုကိုရင်ဆိုင်ရန် အသင့်ဖြစ်နေပြီး ပိုကောင်းသည့်ပုံစံဖြင့် ပြန်လာမည်ဟု ပြောကြားခဲ့သည်။

”ဒီစိန်ခေါ်မှုကိုရင်ဆိုင်ဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။ အခုအချိန်ကစပြီး ပြန်လည်ကောင်းမွန်ရေးအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးပြန်လာနိုင်ဖို့ လုပ်လို့ရသမျှ အားလုံးလုပ်သွားမှာပါ။ ဒါက စိတ်ပျက်စရာအခြေအနေဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ အခွင့်အလမ်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ ကိုယ်တော်ရဲ့အကူအညီနဲ့ အရင်ကထက် ပိုကောင်းတဲ့၊ ပိုကြံ့ခိုင်တဲ့သူတစ်ယောက်အဖြစ် ပြန်လာနိုင်မယ်ဆိုတာ သေချာပါတယ်။ ဘောလုံးမှာဖြစ်စေ၊ လူ့ဘဝမှာဖြစ်စေ ကိစ္စအားလုံးက အကြောင်းပြချက်တစ်ခုတည်းအတွက် ဖြစ်နေတာလို့ ကျွန်တော်ထင်တယ်။ ပြီးတော့ မြင့်မားတဲ့အခါဖြစ်ဖြစ်၊ နိမ့်ပါးတဲ့အခါဖြစ်ဖြစ် ဦးတည်ချက်ကိုထိန်းထားပြီးတော့ ကြိုးစားဖို့က အရေးကြီးပါတယ်”ဟု ဗန်ဒိုက်က ပြောကြားသည်။

myan789

ဗန်ဒိုက်၏ ဒူးဒဏ်ရာမှာ ACL ဒဏ်ရာအမျိုးအစား (ဒူးခေါင်းရှိ အရွတ်နှစ်ခုအနက် အပြင်ဘက်အရွတ်) ဖြစ်သောကြောင့် ခွဲစိတ်ကုသရန် လိုအပ်ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ဗန်ဒိုက်သည် စနေနေ့က မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ဂိုးသမား ပစ်ဖို့ဒ်၏ ခြေထောက်နှစ်ဖက်ဖြင့်ညှပ်၍ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၁၁ မိနစ်မှာပင် လူစားလဲခဲ့ရသည်။

ဗန်ဒိုက်သည် ဆေးဝန်ထမ်း၏ ကုသမှုခံယူပြီးနောက် ကွင်းအပြင်သို့ လမ်းလျှောက်ထွက်သွားနိုင်သော်လည်း ACL ထိခိုက်မိခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက ကနဦး ခန့်မှန်းဖော်ပြခဲ့ကြသည်။

Scan စစ်ဆေးမှုရလဒ်အရ ACL ဒဏ်ရာဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်ကြောင်း သိရသည်။

သို့သော် လီဗာပူးလ်အသင်းက ခွဲစိတ်ကုသမည့်အချိန်နှင့် အနားယူရမည့်ကာလကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

ခွဲစိတ်ကုသပြီးမှ အနားယူရမည့် ကာလကို ထုတ်ပြန်ဖွယ်ရှိသော်လည်း ရာသီကုန်အထိ အနားယူရနိုင်သည့်အခြေအနေကိုမူ အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ငြင်းဆန်ခြင်းမရှိကြောင်း သိရသည်။

ACL ဒဏ်ရာမှာ ကာလရှည်အနားယူရလေ့ရှိပြီး ခွဲစိတ်ကုသပြီးပါက ခုနစ်လဝန်းကျင် အနားယူရဖွယ်ရှိသည်။

ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် လီဗာပူးလ်အသင်းသို့ စတင်ရောက်ရှိစဉ်ကတည်းက အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ကာလရှည်အနားယူရပါက ချန်ပီယံအိပ်မက်များကိုပင် သက်ရောက်မှုဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ဗန်ဒိုက်မပါဝင်နိုင်ပါက လီဗာပူးလ်အသင်းတွင် စီနီယာခံစစ်အတွင်းလူအဖြစ် ဂျိုးဂိုးမက်ဇ်နှင့် မာတစ်တို့နှစ်ဦးသာ ကျန်ရှိတော့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular