ဂိုးဖန်တီးပေးခဲ့တဲ့ အသင်းဖော်သစ် ဗန်ဒီ ဘိခ်ရဲ့ စပါယ်ရှယ် အရည်အသွေး တွေကို ချီးကျူးလိုက်တဲ့ ဟွမ် မာတာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အေမက်စ် ကွင်းထဲမှာ ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ Round 4 ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင်ခဲ့ ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ အတွက် ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ သွင်းဂိုး တွေကို ကွင်းလယ်လူ သုံးဦး ဖြစ်တဲ့ ဟွမ် မာတာ ၊ စကော့ မက် တော်မီနေး နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့က ကိုယ်စီ သွင်းယူ ပေးခဲ့ကြ ပါတယ် ။ မာတာ ကတော့ တော်မီနေး ရဲ့ ဂိုးကိုပါ ဖန်တီး ပေးနိုင် ခဲ့ပြီး ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

myan789

ဒါဟာ ယူနိုက်တက် အသင်း ရဲ့ ကစားသမားသစ် ဖြစ်တဲ့ ဒွန်နီ ဗန်ဒီ ဘိခ် အတွက် ဒီ ပြိုင်ပွဲမှာ နောက်တစ်ကြိမ် ပွဲထွက် ကစားခွင့် ရရှိ ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်သွား ခဲ့ရ ပါတယ် ။ ဗန်ဒီ ဘိခ်ဟာ ကစားပုံ ကောင်းမွန် ခဲ့တဲ့ အပြင် အသင်းဖော် ဟွမ် မာတာ ရဲ့ သွင်းဂိုး ကိုလည်း ပါးနပ်စွာ ဖန်တီး ပေးသွား နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ်မှာ ပရိသတ် တွေရဲ့ အာရုံကို ဖမ်းစား နိုင်ခဲ့တာလည်း မာတာ ရဲ့ သွင်းဂိုးပဲ ဖြစ်ခဲ့ရ ပါတယ် ။ ပေါ့ဂ်ဘာဟာ ဗန်ဒီ ဘိခ် ဆီကို ဘောလုံး ထိုးပေး ခဲ့ရာ အနားမှာ မာတာ ရှိနေတာကို တွေ့ခဲ့တဲ့ ဗန်ဒီ ဘိခ်ဟာ ဘောလုံးကို လမ်းကြောင်း အနည်းငယ် ပြောင်းရုံ ထိခဲ့ပြီး မာတာဆီ ပါးပါးနပ်နပ် ချပေး ခဲ့ခြင်းပဲ ဖြစ်ခဲ့ ပါတယ် ။

အခုတော့ ဟွမ် မာတာ က ဗန်ဒီ ဘိခ် နဲ့ အတူ ကွင်းလယ်မှာ တွဲဖက် ကစား ရတာကို နှစ်သက် မြတ်နိုးကြောင်း ထုတ်ဖော် ပြောကြားရင်း နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဟာ ဘောလုံး ဦးနှောက် ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ချီးကျူး စကားလည်း ဆိုသွားခဲ့လိုက် ပါတယ် ။

” တစ်ကယ့်ကို ဉာဏ်ကောင်း လွန်းတဲ့ ဂိုး ဖန်တီး ပေးမှု ပါပဲ ။ ဒွန်နီဟာ အရမ်း ဉာဏ်ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ ။ ကျွန်တော် ကတော့ သူနဲ့ အတူ ကစား ရတာ နှစ်သက်လှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ နေရာလွတ် တွေကို ရှာဖွေ ပေးနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်နေလို့ ပါပဲ ”

” သူနဲ့ ကျွန်တော် တို့ဟာ ဘောလုံး အားကစား အပေါ် အမြင်တူ ကြတဲ့ သူတွေပဲ ဖြစ်ကြ ပါတယ် ။ သူကလည်း ကျွန်တော့် နည်းတူ တစ်ချက်ထိ ၊ ဘောလုံးပေး ၊ ပြေးထွက် ၊ နေရာယူရတာကို နှစ်သက်တဲ့ ကစားသမား တစ်ဦး ပါပဲ ။ ကျွန်တော် သွင်းခဲ့တဲ့ ဂိုးကလည်း အဲ့ဒီလို အမျိုးအစား ပါပဲ ”

” သူဟာ အမြဲတမ်း မှန်ကန်တဲ့ နေရာ တစ်ခုမှာ ရှိနေတတ်သူ တစ်ဦး ဖြစ်နေခဲ့ ပါတယ် ။ သူဟာ ဘောလုံးကို အသာလေး ကျော်ခွရင်း ကျွန်တော့်ဆီ ပေးပို့ သွားခဲ့ ပါတယ် ။ ကျွန်တော် ကလည်း ညာ ခြေထောက် နဲ့ အသာအယာ အဆုံးသတ် သွားနိုင် ခဲ့တယ်လေ ” လို့ မာတာ က ထုတ်ဖော် ချီးကျူး ခဲ့လိုက် ပါတယ် ။

ဗန်ဒီ ဘိခ်ဟာ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ ခဲ့တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်ကြိမ် လူစားဝင် ကစားခွင့် ရရှိ ထားခဲ့ သလို ကာရာဘောင် ဖလား ပြိုင်ပွဲ မှာတော့ နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရရှိ ထားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် လေးပွဲမှာ သူဟာ တစ်ဂိုး သွင်း ၊ တစ်ဂိုး ဖန်တီး ထားနိုင်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ် နေခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ရင်ဆိုင် ကစား ရဖို့ ရှိနေပြီး ဒီပွဲ မှာတော့ ဗန်ဒီ ဘိခ်ဟာ ပွဲထွက် ကစားခွင့် ရရှိ သွားနိုင် မလား ဆိုတာကို စောင့်ကြည့် ရပါ တော့မယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular