လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ချယ်လ်ဆီးနှင့် ဂိုးမရှိသရေကျပြီးနောက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မသေချာတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၈)ပွဲကစားပြီးချိန်တွင် ရမှတ် (၄၃) မှတ်ဖြင့် အဆင့် (၈) နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ မန်ယူအသင်း (၅၃ မှတ်)နှင့် (၁၀)မှတ်အထိ ကွာဟနေသည်။
ယင်းအခြေအနေတွင် ကလော့ပ်က မိမိတို့အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မသေချာတော့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က “ကျွန်တော်တို့အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၄)အတွင်းဝင်ဖို့ အခွင့်အရေးရှိသေးလား မသိတော့ပါဘူး။ ကျွန်တော့်တို့အနေနဲ့ လက်ကျန်ပွဲတွေအားလုံးကို နိုင်ပြီး ကျွန်တော်တို့အထက်က အသင်းတွေ ရှုံးပွဲတွေအများကြီးတွေ့မှ ဖြစ်မှာပါ။ သေချာတာကတော့ ကျွန်တော်တို့အနေနဲ့ အဆင့် (၄)အတွင်းဝင်ဖို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရှိတော့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ အဆင့် (၄)က အရေးမကြီးပါဘူး။ အဆင့် (၄)မရရင်လည်း အဆင့် (၅)၊ အဆင့် (၆)ရအောင် လုပ်ရမှာပါ။ အခုအချိန်မှာ အရေးကြီးနေတာက ကျွန်တော်တို့အနေနဲ့ ပွဲတွေကို အနိုင်ရအောင် ကစားဖို့ဖြစ်ပြီး အာဆင်နယ်နဲ့ကစားမယ့်ပွဲအတွက် အာရုံစိုက်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

