ယခုတစ်ပတ် စတင်ကျင်းပခဲ့သည့် ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အင်္ကျီရင်ဘတ်နှင့် လက်မောင်းစပွန်ဆာများမှ ပြိုင်ပွဲဝင်အသင်း(၂၀)ရရှိနေသော ဝင်ငွေမှာ ပေါင်(၄၆၂.၅)သန်းရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အဆိုပါ ငွေကြေးပမာဏမှာ ပြီးခဲ့သည့်ရာသီနှင့် များစွာကွာခြားမှုမရှိသော်လည်း ကပ်ဘေးကာလကို ဖြတ်သန်းခဲ့ရချိန်မှာပင် ဝင်ငွေတိုးတက်လာခြင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စီးပွားရေးအခြေအနေ ခိုုင်မာခြင်းကို ပြသရာရောက်သည်ဟု သုံးသပ်ခဲ့သည်။
ပရီးမီးယားလိဂ်အသင်း(၂၀) သည် အင်္ကျီရင်ဘတ်စပွန်ဆာမှ ပေါင်သန်း (၃၆၀)၊ အင်္ကျီလက်မောင်းစပွန်ဆာမှ ပေါင် (၁၀၂.၅)သန်း ရရှိခြင်းဖြစ်ပြီး နှစ်ခုပေါင်းတွင် မန်ယူအသင်းက ဝင်ငွေအများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်းသိရသည်။
မန်ယူအသင်းက အင်္ကျီရင်ဘတ်စပွန်ဆာ TeamViewer ထံမှ တစ်နှစ်ပေါင်(၄၇) သန်း၊ လက်မောင်းစပွန်ဆာ DXC ထံမှ တစ်နှစ်ပေါင်သန်း(၂၀) ရရှိခြင်းဖြစ်သည်။
အင်္ကျီရင်ဘတ်စပွန်ဆာသက်သက် နှိုင်းယှဉ်မည်ဆိုပါက Etihad Airways ထံမှ တစ်နှစ်ပေါင်သန်း(၅၀)ရရှိနေသော မန်စီးတီးအသင်းက ဦးဆောင်နေပြီး လက်မောင်းစပွန်ဆာသီးသန့်ဆိုပါက မန်ယူနှင့် ချယ်လ်ဆီးတို့က ပူးတွဲဦးဆောင်နေသည်။
မန်ယူ နှင့် ချယ်လ်ဆီးတို့သည် ယခုရာသီတွင် လက်မောင်းစပွန်ဆာအသစ်များနှင့် ပြောင်းလဲလက်တွဲခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့် DXC တို့နည်းတူ ချယ်လ်ဆီးအသင်းကလည်း Whale Fin ထံမှ တစ်နှစ်ပေါင်သန်း(၂၀) ရရှိခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အသင်း(၂၀)ထဲတွင် ထူးခြားမှုအနေဖြင့် တန်းတက်နော်တင်ဟမ်ဖောရက်စ်အသင်းမှာ စပွန်ဆာနှစ်မျိုးစလုံး မရှိသည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
နော်တင်ဟမ်အသင်းသည် ပြီးခဲ့သည့်ရာသီက ရင်ဘတ်စပွန်ဆာအဖြစ် BOXT နှင့် လက်တွဲခဲ့သော်လည်း ပရီးမီးယားလိဂ်သို့ ရောက်ရှိချိန်တွင် သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
နော်တင်ဟမ်အသင်းက တစ်ရာသီ ပေါင်(၁၀)သန်းဝန်းကျင် အလိုရှိသည့်အတွက် စပွန်ဆာအသစ်ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့် ရာသီသစ်ကို စပွန်ဆာမပါဘဲ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
သို့သော် မကြာမီ ရရှိဖွယ်ရှိခြင်းကြောင့် ပရီးမီးယားလိဂ်အနေဖြင့် ပေါင်(၁၀)သန်းခန့် ထပ်တိုးဖွယ်ရှိကြောင်း Daily Mail က သုံးသပ်ခဲ့သည်။
ထို့ပြင် ပရီးမီးယားလိဂ်အသင်း(၂၀)အနက် (၁၄)သင်းမှာ အွန်လိုင်းငွေကြေးကုမ္ပဏီများနှင့် လက်တွဲထားပြီး အဆိုပါကုမ္ပဏီများ၏ ထိုးဖောက်မှု ပိုမိုမြင့်တက်လာကြောင်းလည်း သိရသည်။