spot_img

၂၀၂၁ ကွန်မြူနတီဒိုင်းလုပွဲ ပွဲကြိုသုံးသပ်ချက်

လက်စတာ – မန်စီးတီး (မြန်မာစံတော်ချိန် သြဂုတ်လ ၇ ရက်၊ ည ၁၀:၄၅ နာရီ)

FA ဖလားချန်ပီယံ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းလုပွဲကို ဒီနေ့(စနေနေ့)မှာ ကစားသွားမှာဖြစ်တယ်။ ဒီပွဲက မန်စီးတီး အတွက်တော့ ပုံမှန်နီးပါးကစားနေတဲ့ပွဲဖြစ်ပြီး နောက်ဆုံး (၁၀)နှစ်အတွင်းမှာ (၅)ကြိမ်တောင် ကစားခဲ့ရတယ်။ လက်စတာအတွက်တော့ အသင်းသမိုင်းမှာ အခုမှ တတိယအကြိမ်မြောက် ကစားခွင့်ရတဲ့ ပြိုင်ပွဲဖြစ်တယ်။

myan789

လက်စတာက ဒီဒိုင်းကို လွန်ခဲဲ့တဲ့ နှစ်ပေါင်း (၅၀)တိတိက နောက်ဆုံးအကြိမ်ရရှိခဲ့ဖူးပြီး၊ နောက်ဆုံးကစားခဲ့တဲ့ ၂၀၁၆ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာတော့ မန်ယူအသင်းကို ရှုံးခဲ့ပါတယ်။ ဒီရာသီကြိုမှာ လက်စတာအသင်းက ဘာတန်၊ ၀ိုင်ကမ်ဘီ၊ QPR တို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့ပြီး တစ်ပွဲမှမနိုင်ခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ လက်စတာအသင်းရဲ့ ပွဲစဉ်အများစုမှာ လူစုံကစားခဲ့ခြင်း မရှိဘူး။ ဒီပွဲကတော့ လူစုံတက်စုံနဲ့ ပထမဆုံးကစားမယ့်ပွဲလို့ ပြောရမယ်။ ပရီးမီးယားလိဂ်ရာသီကြို အသင်းရဲ့အနေအထားမှန်ကို စမ်းသပ်ရမယ့်ပွဲလည်းဖြစ်တယ်။

မန်စီးတီးအသင်းကတော့ ဒီပွဲမှာ ယူရို-၂၀၂၀ နဲ့ ကိုပါ အမေရိက ပြိုင်ပွဲတွေမှာ နောက်ဆုံးအချိန်အထိ ကစားခဲ့ရတဲ့ ဖိုဒန်၊ စတာလင်၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာ၊ အီဒါဆန်တို့မပါဘဲ ကစားမယ်ထင်တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက အရန် အင်အားတောင့်တင်းပြီး လူငယ်ကြယ်ပွင့်တွေလည်း အများကြီးရှိလို့ ပြဿနာမရှိပါဘူး။ ဒီကစားသမားတွေကို မာရက်ဇ်၊ ဒီယက်စ်၊ ဂွန်ဒိုဂန်တို့လို အတွေ့အကြုံရင့်ကစားသမားတွေနဲ့ ထိန်းပြီးကစားသွားမယ်လို့ ယူဆရတယ်။

လက်စတာအသင်းက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့တိုက်စစ်မှူး ပက်စတန်ဒါကာကို ပေါင် (၂၃)သန်းနဲ့ အားဖြည့်ထားတယ်။ ပက်စတန်ဒါကာက ကြောက်စရာကောင်းတဲ့ ဂိုးသွင်းမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီ သြစတြီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကိုရော၊ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့သူလည်းဖြစ်တယ်။ တစ်ဦးချင်းအရည်အသွေးနဲ့ မြန်နှုန်းမြင့် စွမ်းရည်က မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်ဖို့များပြီး၊ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ရူဘင်ဒီယက်စ်ကို စိန်ခေါ်ဖို့ အတွက် ဝှက်ဖဲအဖြစ် အသုံးပြုဖို့များတယ်။

ဂွါဒီယိုလာအတွက် အဓိကလက်နက်ဖြစ်လာနိုင်တာက တောင်ပံကစားသမား မာရက်ဇ်ဖြစ်တယ်။ မာရက်ဇ်က လက်စတာအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး မန်စီးတီးနဲ့ လက်စတာ နှစ်သင်းစလုံးမှာ အမှတ်ပေးချန်ပီယံယူပေးခဲ့တဲ့ ကစားသမားလည်းဖြစ်တယ်။ မန်စီးတီးအသင်းရဲ့ Inverted Winger နေရာကနေ လက်စတာအသင်းရဲ့ခံစစ်ကို ခြိမ်းခြောက်နိုင်တဲ့ ကစားသမားလို့လည်း ဆိုရမယ်။

လက်ရှိအနေအထားအရ အသင်းနှစ်သင်းစလုံးရဲ့ ခြေစွမ်းအမှန်ကို မသိရသေးပေမဲ့ ယေဘုယျအားဖြင့် မန်စီးတီးအသင်းက ကမ္ဘာ့အင်အားအတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းအနည်းစု ထဲမှာပါဝင်နေတဲ့အသင်းပါ။ ပြီးခဲ့တဲ့ရာသီက ဖလား (၂)လုံးကို ပိုင်ဆိုင်ခဲ့သလို၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်တယ်။ ရာသီကြိုကာလမှာလည်း မန်စီးတီးအသင်းက သူတို့ရဲ့အင်အားတောင့်တင်းမှုကို ပြသခဲ့ပြီး ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်ခဲ့တာ တွေ့ရတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာတော့ လက်စတာအသင်းက မန်စီးတီးကွင်းမှာ (၂-၅)ဂိုးနဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲကို အရင်ယူနိုင်ခဲ့ပြီး၊ လက်စတာကွင်းမှာတော့ မန်စီးတီးက (၂-၀)ဂိုးနဲ့ ပြန်နိုင်ခဲ့တာတွေ့ရတယ်။ နောက်ပိုင်းနှစ်တွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ရလဒ်ပိုင်းကို ပြန်ကြည့်ရင်တော့ မန်စီးတီးက သာပါတယ်။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ပိုအားကောင်းလာတဲ့ လက်စတာနဲ့ မန်စီးတီးတို့ကြားမှာ ခြားနားမှုရှိနေဆဲဆိုပေမဲ့ အရမ်းကြီးကွာဟနေတာမျိုးမဟုတ်ဘူး။ လက်စတာသာ ပုံစံကောင်းပြနိုင်မယ်၊ မန်စီးတီးသာ ခြေချော်ခဲ့မယ်ဆိုရင် လက်စတာက အခွင့်အရေးယူနိုင်စွမ်းရှိတဲ့အသင်းမျိုးဖြစ်တယ်။ (၂) သင်းစလုံး အကောင်းဆုံးကစားနိုင်ခဲ့ကြရင်တော့ နိုင်မယ့်အသင်းက မန်စီးတီးပဲ ဖြစ်မှာပါ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular