spot_img

၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအားကစားသမားအဖြစ် NBA ချန်ပီယံ လီဘရွန်ဂျိမ်းစ်ကို TIME မဂ္ဂဇင်း ရွေးချယ်

၎င်းသည် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအတွက် ထုတ်ဖော်ပြောကြားသည့် အားကစားလောကမှ ကြယ်ပွင့်များအနက် တစ်ဦးအပါအဝင် ဖြစ်သလို နိုဝင်ဘာတွင်ပြုလုပ်သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်များအား လူမျိုးရေးအရ ခွဲခြားဖိနှိပ်မှုဆန့်ကျင်ရေး အဖွဲ့ဖြစ်သော “More than a Vote” အဖွဲ့ကိုလည်း ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်သည်။

အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် TIME မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအားကစားသမား (Athlete of the Year) အဖြစ် NBA ချန်ပီယံ LA Lakers အသင်းကစားသမား လီဘရွန်ဂျိမ်းစ်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

myan789

အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် အမေရိကန် ဘတ်စကက်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်သည် ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာနေသည့် NBA ချန်ပီယံဆုကို LA Lakers အသင်း တစ်ကျော့ပြန် ဆွတ်ခူးရရှိရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ လီဘရွန်ဂျိမ်းစ်သည် ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ကလိဗ်လန်းအသင်းမှ LA Lakers အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ဒုတိယမြောက်ရာသီတွင် NBA ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ-အောက်တိုဘာတွင် ကျင်းပခဲ့သည့် NBA Finals ပြိုင်ပွဲ၌ LA Lakers အသင်းက မိုင်ယာမီဟိသ်အသင်းအား လက်ကျန်တစ်ပွဲကစားရန်အလိုတွင် ၄-၂ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ခြောက်ပွဲအနက် ငါးပွဲတွင် လီဘရွန်ဂျိမ်းစ်က LA Lakers အတွက် ရမှတ်အများဆုံးကစားသမားဖြစ်ခဲ့သည်။

LA Lakers အသင်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာနေသည့် NBA ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ခဲ့သလို ချန်ပီယံဆုစုစုပေါင်း ၁၇ ကြိမ်ဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသည့် ဘော်စတွန်ဆဲလ်တစ်အသင်း၏စံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့သည်။ ချန်ပီယံဆုရရှိခဲ့သည့် LA Lakers အသင်း၏ အဓိက ကစားသမား လီဘရွန်ဂျိမ်းစ်က NBA Finals အတွက် MVP (တန်ဖိုး အရှိဆုံးကစားသမား) ဆုကို ကန့် ကွက်သူမရှိဘဲ ၁၁-၀ မဲဖြင့် ဆွတ်ခူး ရရှိခဲ့သည်။

၎င်းသည် မတူညီသည့် ကလပ်အသင်းသုံးသင်း (မိုင်ယာမီ ဟိသ်၊ ကလိဗ်လန်း၊ LA Lakers) နှင့် NBA ချန်ပီယံဆုကို လေးကြိမ်မြောက် ရရှိခြင်းဖြစ်သလို NBA Finals ၏ MVP ဆုကိုလည်း လေးကြိမ်မြောက် ရရှိခြင်းဖြစ်သည်။ ထို့ ပြင် လီဘရွန်ဂျိမ်းစ်သည် MVP ဆုကို မတူညီသည့်ကလပ်သုံးသင်းနှင့် ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအတွက် ထုတ်ဖော်ပြောကြားသည့် အားကစားလောကမှ ကြယ်ပွင့်များအနက် တစ်ဦးအပါအဝင် ဖြစ်သလို နိုဝင်ဘာတွင်ပြုလုပ်သည့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်များအား လူမျိုးရေးအရ ခွဲခြားဖိနှိပ်မှုဆန့်ကျင်ရေး အဖွဲ့ဖြစ်သော “More than a Vote” အဖွဲ့ကိုလည်း ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် TIME မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးအား ကစားသမားအဖြစ် လီဘရွန်ဂျိမ်းစ် ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှင့် LA Lakers အသင်း တို့၏စာချုပ်မှာ ၂၀၂၁-၂၀၂၂ ရာသီ အထိ ကျန်ရှိနေသော်လည်း ဒေါ်လာ ၈၅ သန်းတန်ဖိုးရှိ နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို ဒီဇင်ဘာလဆန်းတွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ယင်းစာချုပ်အရ လီဘရွန်ဂျိမ်းစ်သည် LA Lakers အသင်း၌ ၂၀၂၂-၂၀၂၃ ရာသီကုန်အထိ ဆက်ရှိနေမည်ဖြစ်ပြီး ပထမနှစ်တွင် ဒေါ်လာ ၄၁ သန်းနှင့် နောက်ဆုံးနှစ်တွင် ဒေါ်လာ ၄၄ ဒသမ ၅ သန်းအထိ ရရှိမည်ဖြစ်သည်။ လီဘရွန်းဂျိမ်းစ်သည် မိုင်ယာမီဟိသ်အသင်းနှင့် ချန်ပီယံဆု နှစ်ကြိမ် (၂၀၁၂၊ ၂၀၁၃)၊ ကလိဗ်လန်းအသင်းနှင့် တစ်ကြိမ် (၂၀၁၆)၊ LA Lakers အသင်းနှင့် တစ်ကြိမ် (၂၀၂၀) ရရှိထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular